ဒီမိုကရေစီစနစ်နှင့် တာဝန်ယူတတ်မှု

ဒီမိုကရေစီစနစ်နှင့် တာဝန်ယူတတ်မှု
Published 19 October 2019

 

 ဒီမိုကရေစီစနစ်၌ အစိုးရသည် နိုင်ငံသားများအပေါ် တာဝန်ခံရသောကြောင့် ဆုံးဖြတ်ချက်မှန်သမျှသည် ပွင့်လင်းမြင်သာမှုရှိရမည်ဖြစ်သည်။ ဒီမိုကရေစီ၌ ချမှတ်သည့် ဆုံးဖြတ်ချက်များအတွက် တာဝန်ယူရသည်။ ဆုံးဖြတ်ချက်မှားယွင်းခဲ့ပါက ချက်ချင်းပြန်လည်ပြင်ဆင်ရမည်မှာလည်း အစိုးရ၏တာဝန်ဖြစ်သည်။ မည်သူမျှ တရားဥပဒေ၏ အထက်၌မရှိဘဲ အစိုးရအဖွဲ့ဝင်များအပါအဝင် နိုင်ငံသားအားလုံး ဥပဒေများကို လိုက်နာကြရသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပရသည်။ ကောင်းသောအုပ်ချုပ်ရေးတစ်ရပ်ကို ထိန်းသိမ်းရာ၌ တာဝန်ခံမှုရှိခြင်းသည် အလွန်အရေးကြီးသည့် သဘောတရားတစ်ရပ်ဖြစ်လာသည်။ တာဝန်ခံမှုရှိခြင်းကို အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုရလျှင် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် မိမိယူထားသည့် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ လုပ်ဆောင်ချက်များအတွက် ပြန်လည်ဖြေကြားနိုင်စွမ်းရှိခြင်းပင်ဖြစ်သည်။ မိမိယူထားရသည့်တာဝန်သည် စီမံကိန်းတစ်ရပ်အတွက် သင့်တော်သူများကို ရွေးချယ်ပေးရခြင်းဖြစ်ပါက တာဝန်ခံမှု၌ ရွေးချယ်မှုကို သတ်မှတ်ချက်များ အသုံးပြုမှုနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ရှိ မရှိ၊ သတ်မှတ်ထားသည့် ဘတ်ဂျက်အတွင်း အချိန်မီလုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ခြင်း ရှိ မရှိ အစရှိသည်တို့ပါဝင်သည်။ ထို့ကြောင့် တာဝန်ခံမှု၌ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားဆိုင်ရာ ရှင်းလင်းသောသတ်မှတ်ချက်၊ အချိန်မူဘောင်နှင့် လုပ်ငန်းဆောင်ရွက်ရန်ရရှိနိုင်သော ဘတ်ဂျက်တို့ပါဝင်သည်။ ၎င်းအပြင် ယင်းလုပ်ငန်းတာဝန်များနှင့် ပတ်သက်သော လုပ်ဆောင်ချက်များအတွက် တာဝန်ယူမှုနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းဖြစ်ရန်လည်း အရေးကြီးသည်။ တာဝန်ယူသော သက်ဆိုင်ရာပုဂ္ဂိုလ်များ၌ လိုအပ်သော အရည်အချင်းများ ရှိ မရှိနှင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်ရင်းမြစ်များ လုံလောက်မှု ရှိ မရှိ အစရှိသည်တို့သည်လည်း အရေးကြီးသည်။

ပြည်သူတစ်ဦးအနေဖြင့် အစိုးရထံချဉ်းကပ်ကာ သူ၏ မကျေနပ်ချက်များကို တင်ပြနိုင်ပြီး အစိုးရက လိုအပ်သည့်တုံ့ပြန်မှု ပြုလုပ်ပေးရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ဖြစ်စေ၊ အာဏာရှင်စနစ်ဖြစ်စေ အစိုးရအဖွဲ့များ၌ အကြီးမားဆုံးပြဿနာတစ်ရပ်ရှိသည်။ ယင်းမှာ အဂတိလိုက်စားမှုဖြစ်သည်။ ပြည်သူများက ၎င်းတို့ကို ကိုယ်စားပြုမည့်သူများအား ရွေးကောက်ပွဲမှတစ်ဆင့် ရွေးချယ်လိုက်ကြသော်လည်း ၎င်းတို့က ရွေးချယ်လိုက်သူများသည် ပြည်သူများ၏ ကောင်းကျိုးချမ်းသာအစား ပြည်သူ့အာဏာကို အလွဲသုံးစားပြု၍ မိမိတို့၏ ကိုယ်ကျိုးကိုသာ လုပ်ဆောင်ကြသောအခါ ဒီမိုကရေစီစနစ်များ ကျဆုံးရလေသည်။ မည်သည့်အစိုးရမျိုးမဆို ပြည်သူများ၏ ကောင်းကျိုးချမ်းသာကို ရှေးရှုရမည်ဖြစ်ပြီး မိမိတို့တာဝန်ရယူစဉ် သမိုင်းဆိုး မကျန်ရှိစေရန် လုပ်ဆောင်ကြရသည်။

နိုင်ငံတစ်ခု ပြုပြင်ပြောင်းလဲမှုတွင် ပြဿနာရပ်များ၊ တစ်ဖက်နှင့် တစ်ဖက် ပွတ်တိုက်မှုများ၊ သူ့ဘက်ကိုယ့်ဘက်အကြား ပဋိပက္ခများသည် ကြီးမားသော စိန်ခေါ်မှုဖြစ်စေပြီး ပြုပြင်ပြောင်းလဲရေး အောင်မြင်ရန် ခဲယဉ်းသည်။ နိုင်ငံတည်ဆောက်ရေးတွင် ခရီးတုံ့နှေးတတ်သည်။ လက်ရှိ မြန်မာဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင်လည်း ယင်းသို့သော ပွတ်တိုက်မှုများ၊ ဘက်များအကြား အကဲစမ်းမှုများ၊ ပဋိပက္ခများသည် ဒုက္ခတွေ့စေသည်။ ယင်းကို တာဝန်ယူရသော အစိုးရတစ်ရပ်အနေဖြင့် ကောင်းစွာသဘောပေါက်ပြီး ထိုသို့မဖြစ်ရန် ရှောင်ကြဉ်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးကို လူအများ လက်ခံအောင်ကြိုးစားရမည်။ အရေးကြီးဆုံးမှာ အစိုးရအနေဖြင့် မိမိကိုထောက်ခံအားပေးသူ၊ မိမိကို ဆန့်ကျင်သူဟူ၍ နှစ်မျိုးနှစ်စားမခွဲဘဲ ဥပဒေဖြင့် တစ်ပြေးညီဆက်ဆံရန်လည်း လိုသည်။ အကယ်၍ အစိုးရအနေဖြင့် ဝေဖန်သူများကို အကဲဆတ်ကာ ဖိနှိပ်မှုပြုလုပ်မည်ဆိုပါက ထောက်ခံသူနှင့် မထောက်ခံသူကြား ပဋိပက္ခသည် လျော့ပါးသွားနိုင်ဖွယ်မရှိပေ။ အကြောက်တရားလွှမ်းမိုးအောင် လုပ်ဆောင်မည်ဆိုပါက တိုင်းပြည်တွင် ဒီမိုကရေစီဖြစ်ထွန်းရန်မရှိပေ။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်း UDHR ၏ အပိုဒ် (၇) ၌ “လူသားတိုင်းသည် ဥပဒေ၏ရှေ့မှောက်၌ တန်းတူညီမျှမှုရှိပြီး ခွဲခြားဆက်ဆံမှု တစ်စုံတစ်ရာမရှိဘဲ ဥပဒေ၏ ညီမျှသော ကာကွယ်စောင့်ရှောက်မှုကို ရရှိရမည်” ဟု ဖော်ပြထားသည်။ မျက်မှောက် ဒီမိုကရေစီလူ့အသိုက်အဝန်းတွင် တရားဥပဒေ၏ရှေ့မှောက်၌ ပြည်သူအားလုံး တန်းတူညီမျှ ရရှိရေးသည် အရေးကြီးသောအချက်ပင်ဖြစ်သည်။ သန့်ရှင်းသောအစိုးရ၊ အဂတိကင်းသော အစိုးရတစ်ရပ်အဖြစ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို မှန်ကန်စွာ ဆောင်ရွက်လိုသော အစိုးရတိုင်းသည် ယင်းအချက်ကို လေးလေးနက်နက် သတိပြုလုပ်ဆောင်သင့်ပေသည်။ အချို့သောကိစ္စရပ်များတွင် သူ့ဘက်ကိုယ့်ဘက် ပြိုင်ဆိုင်မှု၊ တင်းမာမှုများရှိလျှင် နိုင်ငံသားတို့၏ ရသင့်ရထိုက်သော အခွင့်အရေးနှင့် ဥပဒေပါ လုပ်ထုံးလုပ်နည်းများအတိုင်း ဖြေရှင်းဆောင်ရွက်ပေးသင့်သည်။ “ငါနှင့်မတူ ငါ့ရန်သူ” စသော ဘက်များအကြား မှားယွင်းသော အယူအဆရှိလင့်ကစား လုပ်ပိုင်ခွင့်ရှိသောသူများအနေဖြင့် အဂတိကင်းကင်းဖြင့် ဖြေရှင်းပေးနိုင်ရန် အရေးကြီးသည်။ သို့မဟုတ်ဘဲ “ငါ့ကို ထောက်ခံလျှင် ငါ့လူ”၊ “သူ့ကိုထောက်ခံလျှင် ရန်သူ” စသဖြင့် လူနှင့်မူကို မကွဲသောကိစ္စရပ်များ ရှင်သန်နေလျှင် ကောင်းမွန်ခြင်းမရှိနိုင်ပေ။ ထို့ပြင် တရားမျတခြင်းနှင့် ဥပဒေအရ နိုင်ငံသားတိုင်း တပြေးညီအခွင့်အရေးနှင့် ပြည်သူတို့အပေါ် တာဝန်ယူမှု ပျောက်ဆုံးနေမည်ဆိုပါက နိုင်ငံ၏ ဒီမိုကရေစီသည်လည်း ရှင်သန်နိုင်လိမ့်မည် မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာအာဘော်

 

Most Read

Most Recent