မြန်မာ-အိန္ဒိယ နယ်စပ်တွင် AA အဖွဲ့ဝင်များ ယာယီတည်းခိုနေသည့်နေအိမ်အား မျက်နှာဖုံးစွပ် လူခုနစ်ဦးက ဝင်ရောက်စီးနင်း၍ AA အဖွဲ့ဝင်အချို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်လက်နက်ကိုင်နှစ်ဖွဲ့ အငြင်းပွားမှု ဖြစ်ပေါ်

မြန်မာ-အိန္ဒိယ နယ်စပ်တွင် AA အဖွဲ့ဝင်များ ယာယီတည်းခိုနေသည့်နေအိမ်အား မျက်နှာဖုံးစွပ် လူခုနစ်ဦးက ဝင်ရောက်စီးနင်း၍ AA အဖွဲ့ဝင်အချို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်လက်နက်ကိုင်နှစ်ဖွဲ့ အငြင်းပွားမှု ဖြစ်ပေါ်
Published 18 October 2019
မင်းနိုင်စိုး

မြန်မာ-အိန္ဒိယနယ်စပ် လုံတလိုင်မြို့တွင် အောက်တိုဘာ ၆ ရက် အိန္ဒိယစံတော်ချိန် နံနက် ၁ နာရီခန့်က AA အဖွဲ့ဝင်များ ယာယီတည်းခိုနေသည့် နေအိမ်တစ်လုံးအား မျက်နှာဖုံးစွပ်ထားသည့် လူခုနစ်ဦးက ဝင်ရောက်စီးနင်းကာ AA အဖွဲ့ဝင်အချို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်လက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် AA နှင့် ALP အကြား အငြင်းပွားမှု ဖြစ်ပေါ်နေကြောင်း နှစ်ဖက်အဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်မှုများအရ သိရသည်။

ဖမ်းဆီးခံရသော AA အဖွဲ့ဝင်အချို့နှင့်အတူ ကွန်ပျူတာ၊ ဖုန်း၊ စာရွက်စာတမ်းနှင့် ငွေကြေးအချို့တို့ သိမ်းဆည်းခံခဲ့ရသည့် ယခုဖြစ်စဉ်တွင် အိန္ဒိယနယ်စပ်ရှိ ALP အဖွဲ့ဝင်နှစ်ဦး၊ မြန်မာ-အိန္ဒိယနယ်စပ် မြိတ်ဝစခန်းမှ ALP အဖွဲ့ဝင်နှစ်ဦး သို့မဟုတ် သုံးဦးသည် မျက်နှာဖုံးစွပ်ခုနစ်ဦးထဲတွင် ပါဝင်ကြောင်း၊ ဝင်ရောက်စီးနင်းခံရသည့် နေအိမ်တွင် AA အဖွဲ့ဝင်များ တည်းခိုနေကြောင်း လက်ထောက်ချ သတင်းပေးသူများမှာ ALP အဖွဲ့ဝင် ခိုင်အေးပိုင်နှင့် တိုက်အောင်တို့ဖြစ်ကြောင်း AA အဖွဲ့က စွပ်စွဲထားသည်။

ခိုင်အေးပိုင်နှင့် တိုက်အောင်တို့သည် အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယဘက်အခြမ်းရှိ ရွာသစ်၊ တက်ပုချေ၊ ကာကီရွာများရှိ ရွာသူရွာသားများမှာ AA အဖွဲ့နှင့် ဆက်စပ်နေသည်ဟူသော သတင်းပေးပို့မှုကြောင့် ရွာသူရွာသားများ အနေဖြင့် စိုးရိမ်ကြောက်ရွံ့ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း AA အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

လုံတလိုင်တွင် ဖမ်းဆီးခံခဲ့ရသူများထဲမှ AA  အဖွဲ့ဝင် ကျော်ဝင်းနိုင်အား အာသံရိုင်ဖယ်မှ မြန်မာနိုင်ငံဘက်အခြမ်းရှိ မြိတ်ဝစခန်းသို့ အောက်တိုဘာ ၁၀ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း၊ ကျော်ဝင်းနိုင်ကို ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှုမျိုးဖြင့် တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်ဟု AA အဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့ပြင် လုံတလိုင်နှင့် ဘုံတလင်ရွာအကြားတွင် ခြေလက်ခန္ဓာတို့အား ပိုင်းဖြတ်ထားသော အမည်မသိ အလောင်းတစ်လောင်းအား တွေ့ရှိထားပြီး အဆိုပါ အလောင်းသည် မည်သူဖြစ်ကြောင်း သိရှိရရန် AA အဖွဲ့က စုံစမ်းနေသည်ဟု ဆိုသည်။

ယခုကဲ့သို့သော လုပ်ရပ်မျိုးနှင့် အပြုအမူများသည် အိန္ဒိယ-ရခိုင်နယ်စပ်ရှိ ရခိုင်လူမျိုးများ၊ ရခိုင်မျိုးနွယ်စုများ၏ စိုးရိမ်ကြောက်လန့်မှုကို မြင့်တက်စေပြီး နယ်စပ်တည်ငြိမ်ရေးနှင့်လူမျိုးရေးပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း၊ ALP အနေဖြင့် ယင်းဖြစ်စဉ်တွင် ပါဝင်မှု ရှိ မရှိ ရှင်းလင်းစွာ သိလိုကြောင်းနှင့် ပါဝင်ပါက မည်သူ့မျက်နှာကိုမျှ ထောက်ထားမည်မဟုတ်ဘဲ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း AA အဖွဲ့က အောက်တိုဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ယင်းဖြစ်စဉ်တွင် ALP မှ ခိုင်အေးပိုင်နှင့် တိုက်အောင်တို့အား ပါတီခေါင်းဆောင်နှင့် တပ်ခေါင်းဆောင်တို့က ညွှန်ကြားထားခြင်း မရှိကြောင်းကို အခိုင်အမာပြောကြားလိုကြောင်း၊ AA အဖွဲ့၏ သတင်းထုတ်ပြန်ချက်အတိုင်း ၎င်းတို့ပါဝင်ပတ်သက်ပါက ပါတီက သေချာစွာ စိစစ်၍ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၆ ရက်တွင် ALP က သတင်းထုတ်ပြန်သည်။

ALP သည် နှစ်ပေါင်း ၅၀ ကျော် ဖြတ်သန်းမှုရှိခဲ့ပြီး တော်လှန်ရေးသမိုင်းတွင် ယခုကဲ့သို့သော လုပ်ရပ်မျိုးကို မည်သည့်အခါမျှ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း၊ နောင်ကိုလည်း ပြုလုပ်မည်မဟုတ်ကြောင်း ALP ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် ALP အနေဖြင့် လုံတလိုင်မြို့တွင် အခြေစိုက်လှုပ်ရှားမှုမရှိကြောင်း၊ လုံတလိုင်နှင့် ဘုံတလင်အကြားရှိ ခြေလက်ခန္ဓာများ ပြတ်နေသော အမည်မသိ အလောင်းသည် ALP နှင့် လုံးဝပတ်သက်မှုမရှိကြောင်း အခိုင်အမာပြောလိုသည်ဟုလည်း ALP က သတင်းထုတ်ပြန်ခဲ့သည်။

ALP အနေဖြင့် အမျိုးသားရေးကို အခြေခံပြီး ဖွဲ့စည်းထားခြင်း၊ ငြိမ်းချမ်းရေးကို တန်ဖိုးထား လုပ်ကိုင်နေသော အဖွဲ့အစည်းဖြစ်ခြင်းကြောင့် ရခိုင်လူမျိုးအချင်းချင်း ထိခိုက်နစ်နာစေသော အပြုအမူနှင့် လုပ်ရပ်များကို လုပ်ဆောင်ခြင်းမရှိကြောင်းနှင့် နောင်တွင်လည်း မည်သည့်အခါမျှ လုပ်ဆောင်သွားမည်မဟုတ်ကြောင်း ALP ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ALP သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နှင့်အတူ NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းဖြစ်သည်။

 

 

Most Read

Most Recent