မန္တလေး - လားရှိုး - မူဆယ်လမ်းရှိ ဂုတ်တွင်းတံတား၏ ခံနိုင်ဝန်သည် ယာဉ်၊ ကုန် ၄၈ တန်သာဖြစ်၍ ယင်းထက်ကျော်လွန်ခွင့်မပြုဘဲ ၄၈ တန် ခွင့်ပြုရာတွင်လည်း ဝင်ရိုးခြောက်တန်းရှိ ယာဉ်များသာ ဖြတ်သန်းခွင့်ပြုမည်

မန္တလေး - လားရှိုး - မူဆယ်လမ်းရှိ ဂုတ်တွင်းတံတား၏ ခံနိုင်ဝန်သည် ယာဉ်၊ ကုန် ၄၈ တန်သာဖြစ်၍ ယင်းထက်ကျော်လွန်ခွင့်မပြုဘဲ ၄၈ တန် ခွင့်ပြုရာတွင်လည်း ဝင်ရိုးခြောက်တန်းရှိ ယာဉ်များသာ ဖြတ်သန်းခွင့်ပြုမည်
Published 17 October 2019
နီလာ

မန္တလေး-လားရှိုး-မူဆယ်လမ်းရှိ ဂုတ်တွင်းတံတား၏ ခံနိုင်ဝန်သည် ယာဉ်၊ ကုန် ၄၈ တန်သာဖြစ်၍ ယင်းပမာဏထက် ကျော်လွန်ခွင့်မပြုကြောင်းနှင့် ၄၈ တန်ခွင့်ပြုရာတွင်လည်း ဝင်ရိုးခြောက်တန်းရှိ ယာဉ်များသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန္တလေး - လားရှိုး - မူဆယ်လမ်း၊ မိုင်တိုင်(၈၄/၀)ရှိ အရှည်ပေ ၂၁၀ ရှိ ဂုတ်တွင်းတံတားသည် ၂၀၁၉ ခုနှစ် သြဂုတ် ၁၅ ရက်တွင် လက်နက်ကိုင်အဖွဲ့များ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွား၍ လမ်းပန်းဆက်သွယ်မှုပြတ်တောက်သွားရာမှ သြဂုတ် ၂၀ ရက်တွင် ပြန်လည်တည်ဆောက်ပြီးဖြစ်သဖြင့် မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြုခဲ့သည်။

ထိုသို့ ယာဉ်များဖြတ်သန်းခွင့်ပြုရာတွင် မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းမှ Reefer Container များအား ရန်ကုန် - မန္တလေး - မူဆယ်လမ်းပိုင်း တစ်ခုတည်းကိုသာ နွေရာသီခွင့်ပြုထားသည့် သတ်မှတ်တန်ချိန်အတိုင်း တန်ပိုဒဏ်ကြေးပေးဆောင်စေခြင်းမရှိဘဲ ပို့ဆောင်ခွင့်ပြုပါရန် တင်ပြထားခြင်းနှင့် ပတ်သက်ပြီး  စက်တင်ဘာ ၁၈ ရက်တွင် ပြုလုပ်သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီ၊ အစည်းအဝေးအမှတ်စဉ် (၃၃/ ၂၀၁၉)မှ ဂုတ်တွင်းတံတားခံနိုင်ဝန်သည် ယာဉ်၊ ကုန် ၄၈ တန်သာဖြစ်၍ ၄၈ တန်ထက် ကျော်လွန်ခွင့်မပြုကြောင်းနှင့် ၄၈ တန်ခွင့်ပြုရာတွင်လည်း ဝင်ရိုးခြောက်တန်းရှိသည့် ယာဉ်များအတွက်သာ ခွင့်ပြုပေးသွားရန် ဆုံးဖြတ်ခဲ့သည်ဟုသိရသည်။

အလားတူ ဂုတ်တွင်းယာယီဘေလီတံတားနှင့်အပြိုင် နံဘေးတွင် နှစ်လမ်းသွား သံကူကွန်ကရစ်တံတားတစ်စင်းကို အမြန်ဆုံး တည်ဆောက်နိုင်ရန် တံတားဦးစီးဌာနက  ဆောင်ရွက်လျက်ရှိသည်။ ဂုတ်တွင်းတံတား အသစ်တည်ဆောက်ပြီးပါက လက်ရှိအသုံးပြုနေသော ယာယီဘေလီတံတားကို ဖြုတ်သိမ်းသွားမည်ဟုသိရသည်။

ပျက်စီးသွားသောဂုတ်တွင်းတံတားဟောင်း၏ ကျိုးသွားသည့် သံကူကွန်ကရစ် ယက်မများအစားထိုးခြင်းနှင့် ပျက်စီးသွားသော တံတားတိုင်များ အသစ်ပြန်လည်တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်၍ ခိုင်မာတောင့်တင်းသော တံတားတစ်စင်းရ ရှိလာမည်ဖြစ်သည်။

သို့ဖြစ်ရာ ဂုတ်တွင်းတံတားအသစ်တစ်စင်းတည်ဆောက်ခြင်းနှင့် မူလဂုတ်တွင်းတံတားဟောင်းတစ်စင်းအား ပြန်လည်ပြင်ဆင်ပြီးပါက နှစ်လမ်းသွားတံတားနှစ်စင်း ရရှိလာမည်ဖြစ်ရာ အဓိကကုန်သွယ်ရေး လမ်းမကြီးဖြစ်သော မန္တလေး - နောင်ချို၊လားရှိုး - မူဆယ်လမ်းမကြီးပေါ်တွင် ဂုတ်တွင်းတွင် အသွားအပြန်အသုံးပြုနိုင်မည့် လေးလမ်းသွားသံကူကွန်ကရစ်တံတားအဖြစ် ကုန်စည်များ စီးဆင်းဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

မန္တလေး - လားရှိုး - မူဆယ် - နမ့်ခမ်းလမ်း၏ မိုင်တိုင်(၇၂/၅ မှ ၉၂/၅)အတွင်း တည်ရှိသော ဂုတ်ထိပ်တံတားအား အကျယ်  ၂၇ ဒသမ ၅ မီတာရှိ လေးလမ်းသွားတံတား တည်ဆောက်ခြင်းစီမံကိန်းကို PPP စနစ်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသည့် တိုင်းရင်းသားလုပ်ငန်းရှင်များအား ဆောက်လုပ်ရေးဝန်ကြီးဌာနက ရှာဖွေလျက်ရှိသည်။

ဂုတ်ထိပ်တံတားအား လေးလမ်းသွားအကျယ် ၂၇ ဒသမ ၅ မီတာ၊Cable – Stay Main Bridge (၆ရဝမီတာ)၊ Approch Bridge Precast T Beam (၂၁၀ မီတာ)၊ Abutment (ရမီတာ)၊ စုစုပေါင်းအရှည် ၈၈၇ မီတာကို Desigh Loading Highway Grade- I(equivalent with HLAASHTO) ဖြင့် တည်ဆောက်ရန်အတွက် Public Private Partnership (PPP) အစီအစဉ်ဖြင့် အကောင်အထည်ဖော်တည် ဆောက်သွားမည်ဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ဂုတ်ထိပ်တံတားစီမံကိန်းအား တည်ဆောက်ခြင်း၊ လုပ်ငန်းလုပ်ကိုင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း Build, Operate and Maintenance ဆိုင်ရာကဏ္ဍများအတွက် စီမံကိန်းကို PPP Concessing Agreement အရ စိတ်ဝင်စားသော တိုင်းရင်းသားလုပ်ငန်းရှင် ရင်းနှီးမြှုပ်နှံလိုသူများကို ရှာဖွေလျက်ရှိသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် PPP ရင်းနှီးမြှုပ်နှံသူရွေးချယ်မှုကို Swiss Challenge စနစ်ကို အသုံးပြု၍ရွေးချယ်မည်ဟု သိရသည်။

အဆိုပါစီမံကိန်းအား စိတ်ဝင်စားသည့် တိုင်းရင်းသားလုပ်ငန်းရှင်ရင်းနှီးမြှုပ်နှံလိုသူများသည် ၎င်းတို့၏ စိတ်ဝင်စားမှုအဆိုပြုလွှာများကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၈ ရက် နောက်ဆုံးထားပေးပို့ရမည်ဖြစ်သည်။

 

Most Read

Most Recent