ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာဖိအားပေးမှုများအပေါ် တုံ့ပြန့်ရာတွင် အစိုးရအနေဖြင့်  ယခုထက်ပိုမို ဆောင်ရွက်နိုင်သည်ဟု ထင်မြင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ပြောကြား

ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာဖိအားပေးမှုများအပေါ် တုံ့ပြန့်ရာတွင် အစိုးရအနေဖြင့်  ယခုထက်ပိုမို ဆောင်ရွက်နိုင်သည်ဟု ထင်မြင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ပြောကြား
Published 3 October 2019
ဉာဏ်လင်းထွန်း

ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာဖိအားများအပေါ် အစိုးရအနေဖြင့် မာမာထန်ထန် တုံ့ပြန်ခြင်းမျိုး မတွေ့ရကြောင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်က ပြောကြားပြီး ၎င်း၏အတွေ့အကြုံအရ အစိုးရအနေဖြင့် ယခုထက်ပိုမိုဆောင်ရွက်နိုင်ခြင်းများရှိနေသေးသည်ဟု ထင်မြင်ကြောင်း ပြောကြားသည်။

အောက်တိုဘာ ၂ ရက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်အား ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က အမေး၊ အဖြေပုံစံ တွေ့ဆုံမေးမြန်းမှုတွင် ဦးဝဏ္ဏမောင်လွင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီဖြစ်စဉ်၊ ဖြစ်ရပ်စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်က မာမာချာချာတုံ့ပြန်တာ၊ မာမာချာချာ ဖြေရှင်းတာမျိုးမတွေ့ရတော့ တစ်ဖက်ကလည်းသူ့အရှိန်နဲ့သူ ဆက်သွားတာပဲ။ သို့သော်ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ အသိအမှတ်မပြုဘူး။ လက်မခံဘူး။ ပယ်ချတယ်ဆိုတဲ့ အစိုးရရပ်တည်ချက်ကို ဒါကတော့ ကြိုဆိုရမယ်။ သို့သော် ဒီထက်မက လုပ်နိုင်သေးတယ်ဆိုတဲ့ဟာကို ကျွန်တော်တို့အတွေ့အကြုံအရ ကျွန်တော်မြင်တာရှိတဲ့အတွက် ဒါကိုလုပ်စေချင်တယ်” ဟု သမ္မတဦးသိန်းစိန်အစိုးရလက်ထက် နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

စက်တင်ဘာ ၂၆ ရက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် EU နှင့် OIC တို့ ပူးတွဲတင်သွင်းသည့် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များနှင့် အခြားတိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးခေါင်းစဉ်ဖြင့် အဆိုပြုမူကြမ်းကို မြန်မာနိုင်ငံကပယ်ချခဲ့သော်လည်း ထောက်ခံသည့် နိုင်ငံများသည့်အတွက် အဆိုမူကြမ်းသည် အတည်ဖြစ်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီအစိုးရလက်ထက် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့်ရခိုင်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာမျက်နှာစာတွင် ဖြေရှင်းတုံ့ပြန်ခဲ့ရသည့် ဖိအားများရှိခဲ့သော်လည်းလက်ရှိအစိုးရ ရင်ဆိုင်နေရသည့်ဖိအားများနှင့် သဘောသဘာဝမတူညီကာ ယခုအစိုးရလက်ထက် နိုင်ငံတကာဖိအား ပိုမိုပြင်းထန်သည်ဟု ယူဆသုံးသပ်မှုများရှိသည်ဟု ဦးဝဏ္ဏမောင်လွင်က ဆိုသည်။

စွပ်စွဲကြသူများအနေဖြင့် ၎င်းတို့ ရရှိသည့် သတင်းအချက်အလက်၊ ကောလာဟ လအပေါ်အခြေခံသည့်သတင်းများအပေါ်အခြေခံကာ နိုင်ငံကို နိုင်ငံတကာလိုက်နာရမည့် စံချိန်စံညွှန်းများနှင့် မကိုက်ညီကြောင်း၊ ပြည်တွင်းရှိ ပြည်သူလူထုကို အခွင့်အရေးပြည့်ဝစွာပေးခြင်းမရှိကြောင်း စသည့် ခေါင်းစဉ်တပ်၊ ၎င်းတို့ လိုချင်သည့် ပြောင်းလဲမှုရရှိအောင် ဖိအားပေးသည့် နည်းများရှိသည်ဟု ၎င်းက ပြောကြားသည်။

“အခုချိန်မှာ စွပ်စွဲချက်တွေ တအားများနေတယ်။ များလာတယ်။ နောက်တစ်ခါ ဒီကိစ္စကြီးသည် နိုင်ငံတကာကဝင်ပြီး ဖြေရှင်းရမယ်ဆိုတဲ့ အနေအထားအမျိုးထိ ဆိုက်ရောက်နေသယောင် ဖြစ်လာတယ်။ ဒီဟာမှာလည်း စတင်ကိုင်တွယ်ဖြေရှင်းတဲ့ အချိန်တည်းကိုက ဒီလိုအကျိုးဆက်တွေ ဖြစ်နိုင်တယ်ဆိုရင် ဘယ်လိုကိစ္စရပ်တွေကို ဒီလိုအကျိုးဆက်တွေ သက်ရောက်မှုမရှိအောင် မိမိဘက်ကနေ ကြိုတင်ပြင်ဆင်မလဲ။ တချို့ကိစ္စရပ်တွေမှာ မည်ကဲ့သို့ တားဆီးမလဲဆိုတဲ့ အနေအထားမျိုးလေးတွေကို အားလုံးဝိုင်းဝန်းအဖြေရှာပြီး ကိုင်တွယ်သွားခဲ့ရင် ဒီလောက်ထိ ပြည်ပက ဝင်ရောက်စွက်ဖက်ပြောကြားနိုင်လောက်တဲ့ အနေအထားမျိုး အထိမရောက်လာနိုင်ဘူးလို့ ယူဆပါတယ်” ဟု ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

ဘင်္ဂလားဒေရှ့်သို့ အစုလိုက်အပြုံလိုက် ထွက်ပြေးမှုများက အကြမ်းဖက်သောင်းကျန်းသူများ၏ ခြိမ်းခြောက်မှုကြောင့်ဆိုသည့် ပုံရိပ်မပေါ်လွင်ဘဲ တပ်မတော်နယ်မြေရှင်းလင်းရေးကြောင့် ထွက်ပြေးရပါသည်ဆိုပုံစံဖြစ်သွားပြီး အဆိုပါအချက်က မြေပြင်တွင် ဖြစ်ပေါ်နေချက်များနှင့် ကွဲလွဲနေကြောင်းကို အစိုးရဘက်က ရှင်းလင်းတုံ့ပြန်ရမည်ဟု ၎င်းက ဆိုသည်။

ရခိုင်အရေးကိစ္စသည် ဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းနေရသည့် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် အရှုပ်ထွေးဆုံးစိန်ခေါ်မှုဖြစ်ပြီး လက်ရှိဦးစားပေးလုပ်ငန်းမှာ စိစစ်ပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်တီးရေးတို့ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အိမ်နီးချင်း နှစ်နိုင်ငံကြား ဖြစ်ပွားနေသည့်ကိစ္စများကို နှစ်နိုင်ငံချစ်ကြည်ရင်းနှီး စွာဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး Safe Zone တည်ထောင်ရန် တောင်းဆိုမှုများ၊ ဖိအားပေးတောင်းဆိုမှုများကို ခွင့်ပြုမည်မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

လက်ရှိတွင်လည်း အာဆာအဖွဲ့၏ ခြိမ်းခြောက်ဟန့်တားမှုများကြားမှ နေရပ်စွန့်ခွာသူ ၃၀၀ ခန့်သည် ၎င်းတို့၏ ဆန္ဒသဘောဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပြီး လုံခြုံသိက္ခာရှိသည့်ဘဝကို ပြန်လည်ထူထောင်နေပြီဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။