မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်းများ၏ တိုးတက်မှုနှုန်း ခြောက်လအတွင်း အနိမ့်ဆုံးသို့ အားပျော့သွားပြီး ထုတ်ကုန်များ၏ ပျမ်းမျှရောင်းစျေး ဆက်တက်နေကာ ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့်တက်နေ

မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်းများ၏ တိုးတက်မှုနှုန်း ခြောက်လအတွင်း အနိမ့်ဆုံးသို့ အားပျော့သွားပြီး ထုတ်ကုန်များ၏ ပျမ်းမျှရောင်းစျေး ဆက်တက်နေကာ ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့်တက်နေ
ပြည်တွင်းရှိ ကုန်ထုတ်လုပ်မှု လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ပြည်တွင်းရှိ ကုန်ထုတ်လုပ်မှု လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 1 October 2019
စည်သူအောင်

မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်းများ၏ တိုးတက်မှုနှုန်း ခြောက်လအတွင်း အနိမ့်ဆုံးသို့ အားပျော့သွားပြီး ထုတ်ကုန်များ၏ ပျမ်းမျှရောင်းစျေး ဆက်တက်နေကာ ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့်တက်နေကြောင်း ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index - ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) အရ သိရသည်။

လုပ်ငန်းလည်ပတ်မှု အခြေအနေ တစ်ရပ်လုံး၏ နောက်ဆုံးတိုးတက်မှုမှာ ရှစ်လအတွင်း ပူးတွဲအနှေးဆုံး ဖြစ်နေသော်လည်း လုပ်ငန်းတိုးတက်မှုနှုန်း ကောင်းမွန်နေဆဲ ဖြစ်သည်။ အော်ဒါမှာယူမှု ပမာဏများ အခိုင်အမာ တိုးလာခဲ့ပြီး သြဂုတ်လနှင့်ယှဉ်လျှင် တိုးတက်မှုနှုန်း အရှိန်ရလာသော်လည်း ထုတ်လုပ်မှုမှာ မတ်လမှစပြီး အားအပျော့ဆုံးနှုန်းဖြင့် တိုးတက်လာခဲ့သည်။ လုပ်သားအင်အားဦးရေမှာ စက်တင်ဘာလတွင် ဆက်ပြီးတိုးလာခဲ့ရာ အလုပ်သစ်ဖန်တီးမှုနှုန်းမှာ လေးလအတွင်း အများဆုံး ဖြစ်လာသည်။ ယင်းအတောအတွင်းမှာ သွင်းကုန် စျးနှုန်းများ ဖောင်းကြွမှုမှာ ခြောက်လအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်။

မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်းသည် စက်တင်ဘာတွင် သြဂုတ်လ၏ ၅၂ အတိုင်း မပြောင်းလဲဘဲရှိခဲ့ရာ မြန်မာနိုင်ငံ ကုန်ထုတ်လုပ်မှုကဏ္ဍ အခြေအနေမှာ အသင့်အတင့် တိုးတက်လာခြင်းကို အချက်ပြနေသည့်အပြင် နောက်ဆုံးအညွှန်းမှာ စစ်တမ်း၏ ပျမ်းမျှထက် ဆက်လက်မြင့်တက်နေသည်။ သို့သော် နောက်ဆုံး သုံးလပတ်၏ ပျမ်းမျှ ၅၂ ဒသမ ၃ က တိုးတက်မှု အခြေအနေ သိသာစွာ အားပျော့လာကြောင်း သိရသည်။

လုပ်ငန်းလည်ပတ်မှု အခြေအနေများ အသင့်အတင့် တိုးတက်လာခဲ့ခြင်း၏ အဓိက ပံ့ပိုးချက်တစ်ရပ်မှာ အော်ဒါမှာယူမှု ပမာဏများ ပို၍တိုးတက်လာခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းသစ်များ တိုးရလာသည့်နှုန်းမှာမူ သြဂုတ်လတွင် မြင်တွေ့ခဲ့ရသည့်နှုန်းထက် ခိုင်မာသည့် နှုန်းအထိ ပိုအရှိန်မြင့်လာခဲ့ပြီး စစ်တမ်း ပျမ်းမျှအထက်တွင် ရှိနေသည်။ အခြားတစ်ဖက်တွင် ထုတ်လုပ်မှု တိုးတက်မှုနှုန်းမှာ ခြောက်လအတွင်း အနိမ့်ဆုံးသို့ အားပျော့သွားခဲ့ပြီး ထိုသို့ဖြစ်ရခြင်းမှာ ကုမ္ပဏီများက အော်ဒါမှာယူမှုပမဏများ အခိုင်အမာ တိုးရလာခြင်းနှင့် လက်ကျန်အလုပ်များရှင်းပစ်ရန် အားထုတ်မှုများနှင့် ဆက်စပ်နေသည်ဟု ဖော်ပြကြသည်။

စျေးနှုန်းများကို လေ့လာကြည့်လျှင် သွင်းကုန်စျေးနှုန်းများ၏ ဖောင်းပွမှုမှာ မတ်လမှစပြီး အနည်းဆုံး ဖြစ်လာခဲ့ပြီး တိုးတက်မှုနှုန်းမှာ သိသိသာသာ အားပျော့ခဲ့သည်။ ကုမ္ပဏီများက ယင်းတိုးတက်မှုများကို ကုန်ကြမ်း ပစ္စည်းများ ရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အားခ ပိုပေးရခြင်းနှင့် ဆက်စပ်ဖော်ပြခဲ့ကြသည်။ ကုမ္ပဏီများ၏ ပျမ်းမျှရောင်းစျေးများမှာ အတော်အသင့် တိုးလာခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာမှစပြီး အများဆုံး ဖြစ်လာသည်။

စက်တင်ဘာလတွင် အလုပ်သမား အင်အားပမာဏမှာ ဆက်လက်တိုးလာခဲ့ပြီး အလုပ်သစ် ဖန်တီးမှုနှုန်းမှာ လေးလအတွင်း အမြင့်ဆုံးသို့ မြင့်တက်လာခဲ့သည်။ ခြုံပြောရလျှင် အလုပ်နေရာခန့်မှု တိုးတက်မှုနှုန်းမှာ အသင့်အတင့်ရှိခဲ့ပြီး လက်ကျန် လုပ်ငန်းပမာဏသည် ၂၀၁၆ ခုနှစ် ဇွန်လမှစပြီး လစဉ်လတိုင်း တွေ့မြင်ခဲ့ရသကဲ့သို့ ကျဆင်းလာခဲ့သည်။ ကုန်ကြမ်းပစ္စည်း ရှားပါးနေသည့် အကြားတွင် သွင်းကုန်ဝယ်ယူမှုနှုန်း ပိုနှေးလာကြောင်း နောက်ဆုံးရ အချက်အလက်က ထောက်ပြနေသည်။ လာမည့် ၁၂ လအတွင်း  ထုတ်လုပ်မှုဆိုင်ရာ မျှော်လင့်ချက်များမှာ စက်တင်ဘာလတွင် သိသိသာသာ အားပျော့လာခဲ့ပြီး အပြုသဘောဆောင်သည့် စိတ်ဓာတ်ပမာဏမှာ ငါးလအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့သည်။

ယခုထုတ်ပြန်ထားသော စစ်တမ်းကို HIS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်း ရရှိသည့်စစ်တမ်း မူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးထားခြင်း ဖြစ်သည်။

 

 

Most Read

Most Recent