အမေရိကန် ထိပ်သီးကုမ္ပဏီများမှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး တယ်လီကွန်း၊ ဒစ်ဂျစ်တယ် နည်းပညာရပ်ဆိုင်ရာများ၊ မော်တော်ကားလုပ်ငန်းနှင့် လက်ကားရောင်းချခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည်

အမေရိကန် ထိပ်သီးကုမ္ပဏီများမှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး တယ်လီကွန်း၊ ဒစ်ဂျစ်တယ် နည်းပညာရပ်ဆိုင်ရာများ၊ မော်တော်ကားလုပ်ငန်းနှင့် လက်ကားရောင်းချခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည်
အမေရိကန်-မြန်မာ စီးပွားရေး ဆွေးနွေးပွဲ  စက်တင်ဘာ ၃၀ ရက်က ကျင်းပနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှု အသင်းချုပ်)
အမေရိကန်-မြန်မာ စီးပွားရေး ဆွေးနွေးပွဲ  စက်တင်ဘာ ၃၀ ရက်က ကျင်းပနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှု အသင်းချုပ်)
Published 1 October 2019
နီလာ

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဦးဆောင်သော အမေရိကန်ထိပ်သီး ကုမ္ပဏီများ ပါဝင်သည့်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံတွင် တယ်လီကွန်းလုပ်ငန်း၊ ဒစ်ဂျစ်တယ် နည်းပညာရပ်ဆိုင်ရာများ၊ မော်တော်ကားလုပ်ငန်းနှင့် လက်ကားရောင်းချခြင်း လုပ်ငန်းများတွင် အမေရိကန်နှင့် မြန်မာလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ သိရသည်။

အမေရိကန်နိုင်ငံ US-ASEAN Business Council နှင့်ကုန်သည်စက်မှု အသင်းချုပ်တို့ ပူးပေါင်း၍ “Business Meeting with US-ASEAN Business Council Delegation” ကိုစက်တင်ဘာ ၃၀ ရက်က ကုန်သည်စက်မှု အသင်းချုပ်၌ ကျင်းပခဲ့သည်။

US-ASEAN Business Council မှ President & CEO ဖြစ်သူ Mr. Alexander C. Feldman မှ “အဓိကကတော့ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ဖို့ပါ။ အမေရိကန်ကုမ္ပဏီ အများအပြားလည်း ပါပါတယ်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှုရော၊ ပူးပေါင်းဆောင်ရွက်မှုများပါ တိုးမြှင့်လုပ်ဆောင် သွားကြမှာပါ” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လုပ်ဆောင် သွားကြမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ တိုးမြှင့်ရေး၊ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ ပေါ်ထွက်လာသော စျေးကွက်ကို ရင်ပေါင်တန်းနိုင်ရေး၊ စက်မှုဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် တယ်လီကွန်းလုပ်ငန်း၊ အာမခံလုပ်ငန်း၊ လက်ကားရောင်းချခြင်းနှင့် ဖြန့်ချိရေး လုပ်ငန်းများကို အလျင်အမြန် တိုးတက်စေချင်ကြောင်း၊ ဒစ်ဂျစ်တယ် နည်းပညာရပ်ဆိုင်ရာများ၊ မော်တော်ကားလုပ်ငန်းနှင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများဆိုင်ရာများတွင်လည်း အမေရိကန် စီးပွားရေးလုပ်ငန်းများ ပိုမိုပါဝင် ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel၊ အမေရိကန် စီးပွားရေး ကုမ္ပဏီများဖြစ်ကြသော Abbott, Amazon, Bower Group Asia. Chervon, Chubb, Coca-Cola, Diageo, Ford, Google, Jhpiego, MasterCard, Visa တို့မှလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၃ ရက်အထိ မြန်မာနိုင်ငံသို့  စီးပွားရေးမစ်ရှင် လာရောက်လျက်ရှိသည့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီမှ Senior Vice President and Regional Managing Director ဖြစ်သူ Mr. Michael W. Michalak ဦးဆောင်သော အမေရိကန် ထိပ်သီးကုမ္ပဏီများမှ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သည့်အဖွဲ့ လာရောက် ဆွေးနွေးလျက်ရှိခြင်းဖြစ်သည်။

အဆိုပါအဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းသည့် အခွန်နှင့် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ အကူအညီပေးရေးဆိုင်ရာ ကိစ္စများနှင့် လုပ်ငန်းချဲ့ထွင်နိုင်ရေး ကိစ္စရပ်များကို DICA ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် ဆွေးနွေးခဲ့ကြသည်။

၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သြဂုတ်လအထိ မြန်မာနိုင်ငံတွင် နိုင်ငံအလိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စာရင်းအရ အမေရိကန်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၀ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၃၂ ဒသမ ၇၉၆ သန်းဖြင့် အဆင့် ၁၃ နေရာတွင် ရပ်တည်နေသည်။    

 

 

Most Read

Most Recent