ဘီလ်ဘာအို နှင့် ဗလင်စီယာ (စနေညနေ ၅း၃၀ နာရီ)
ဒီရာသီအစ ဘီလ်ဘာအိုရဲ့အနေအထားကတော့ ကျေနပ်စရာပြည့်စုံနေတယ်။ လာလီဂါအသင်းတွေထဲ ပြီးခဲ့တဲ့နွေရာ သီအပြောင်းအရွှေ့စျေးကွက်မှာ ငွေလုံးဝမသုံးဘဲ ကစားသမား အဝယ်၊ အရောင်းမလုပ်ခဲ့ပေမယ့် အသင်းခြေစွမ်းပိုင်းကိုတော့ တည်ငြိမ်အောင် ထိန်းထားနို်င်ခဲ့တယ်။ အထူးသဖြင့် အိမ်ကွင်းဆိုရင် ပိုကောင်းတဲ့ကစားပုံကိုတွေ့နေရပြီး ဒီရာသီ လာလီဂါ အိမ်ကွင်း (၃)ပွဲစလုံးကို အနိုင်ကစားထားသလို ပေးဂိုးလည်းမရှိခဲ့ဘူး။ ဒါကြောင့် နည်းပြသစ်နဲ့ အသားကျအောင် ပြန်အချိန်ပေးနေရတဲ့ ဗလင်စီယာကိုလည်း ကောင်းကောင်းဖိအားပေးကစားပြနိုင်မှာ သေချာတယ်။ ဗလင်စီယာကလည်း နည်းပြသစ် စီလာဒက်စ်လက်ထက်မှာ ပြန်တည်ဆောက်နေရတဲ့ပုံမျိုး တွေ့နေရတယ်။ စီလာဒက်စ်ဟာ မာဆယ်လီနိ်ုလက်ထက်က ပွဲထုတ်ခဲ့တဲ့ ကစားသမားအများစုကိုပဲ နေရာပေးထားပေမယ့် အသင်းကစားပုံတည်ငြိမ်မှုကို ရှာဖွေနေရတုန်းပါပဲ။ လက်ရှိအခြေအနေအရတော့ ဘီလ်ဘာအိုနဲ့ ဂိုးအနည်းကိုပဲ ရွေးထားမယ်။
ဂီတာဖေး နှင့် ဘာစီလိုနာ (စနေည ၈း၃၀ နာရီ)
ဘာစီလိုနာအတွက်တော့ အရေးကြီးတဲ့အဝေးကွင်းပွဲလို့ ပြောနိုင်တယ်။ အဝေးကွင်းမှာ တောက်လျှောက်နိုင်ပွဲပျောက်နေတဲ့ ဘာစီလိုနာ ဒီပွဲမှာလည်း နိုင်ပွဲဆက်ပျောက်ခဲ့ရင် နည်းပြ ဗယ်လ်ဗာဒီတောင် ထွက်သွားရနိုင်တယ်။ ကြားပွဲမှာ ဗီလာရီးယဲလ်ကို အိမ်ကွင်းမှာနိုင်ခဲ့ပေမယ့် အသင်းရဲ့ အဝေးကွင်းရလဒ်ဆိုးတွေက ပရိသတ်အတွက် စိတ်ပျက်စရာဖြစ်နိုင်ပါတယ်။ ဂီတာဖေးကလည်း ဒီရာသီ အိမ်ကွင်းရှုံးပွဲမရှိအောင် ကစားထားနိုင်တဲ့အသင်းဖြစ်တဲ့အပြင် ကစားပြီးသမျှပွဲတိုင်းကို ဂိုးရအောင် ကစားထားနိုင်တဲ့ အသင်းဖြစ်နေတာကလည်း ခံစစ်ပိုင်းပုံမှန်မဟုတ်သေးတဲ့ ဘာစီလိုနာအတွက်တော့ စိုးရိမ်စရာပါပဲ။ ဘာစီလိုနာ တိုက်စစ်ကိုကြည့်ရင်လည်း ဒီရာသီလာလီဂါနဲ့ ချန်ပီယံလိဂ်အဝေးကွင်း(၄)ပွဲမှာ အိုဆာဆူနာတစ်သင်းကိုပဲ ဂိုးရခဲ့ပြီး ကျန် (၃)ပွဲမှာ ဂိုးမသွင်းနိုင်ပုံနဲ့တော့ ဂီတာဖေးလို အိမ်ကွင်းခံစစ်ကစားပုံမာကျောတဲ့ အသင်းဘက်ကို ဂိုးရဖို့ခက်နေဦးမှာပါပဲ။ ဘာစီလိုနာအတွက် ပွဲကျပ်ကာလဖြစ်နေလို့ ဂီတာဖေးနဲ့ ဂိုးအနည်းကိုပဲ ဦးစားပေးကြည့်မယ်။

ဂရန်နာဒါ နှင့် လီဟာနက်စ် (စနေည ၁၁းဝ၀ နာရီ)
မထင်မှတ်ဘဲ တန်းတက်ဂရန်နာဒါဟာ သူတို့ရဲ့ခြေစွမ်းတည်ငြိမ်မှုကို ထုတ်ပြထားနိုင်တယ်။ အခုနောက်ပိုင်း ခံစစ်ကစားပုံလည်း တိုးတက်လာနေပြီး တိုက်စစ်ကလည်း ဂိုးရအောင် ကစားတတ်တဲ့ပုံစံနဲ့ဆိုရင်တော့ လီဟာနက်စ်ကို အိမ်ကွင်းမှာ အသာစီးကစားမှာပါ။ ဂရန်နာဒါနဲ့ ဂိုးအနည်းပဲကောင်းမယ်။
အက်သလက်တီကို နှင့် ရီးယဲလ်မက်ဒရစ် (တနင်္ဂနွေနံနက် ၁း၃၀ နာရီ)
နည်းပြဇီဒန်းကတော့ အဝေးကွင်းမှာ ဆီဗီလာကို အနိုင်ယူနိုင်ခဲ့လို့ ရီးယဲလ်အတွက် နည်းနည်းတော့ အသက်ရှူချောင်သွားခဲ့တယ်။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ခြေစွမ်းက ယုံကြည်စိတ်ချရလောက်တဲ့အထိတော့ ဖြစ်မလာသေးဘူး။ ဆီဗီလာနဲ့ပွဲမှာ (၄-၂-၃-၁)ပုံစံနဲ့ ခံစစ်ကို ပိုသတိထားကစားခဲ့လို့ ဂိုးမပေးခဲ့ရပေမယ့် တိုက်စစ်ကတော့ ဂိုးရဖို့ ဘန်ဇီမာကိုပဲ အားကိုးနေရတုန်းပဲ။ ဒီလိုပုံမျိုးနဲ့ဆိုရင်တော့ ဆီဗီလာထက် ကစားပုံမာကျောပြီး ပြီးခဲ့တဲ့နွေရာသီခြေစမ်းပွဲတုန်းက ရီးယဲလ်ကို (၇)ဂိုးအထိ သွင်းပြထားတဲ့ အက်သလက်တီကိုကို ခက်ခက်ခဲခဲ ရင်ဆိုင်ရဦးမှာပါ။ အက်သလက်တီကိုကလည်း ခံစစ်ပိုင်းပြဿနာနည်းနည်းရှိနေသေးတယ်။ တိုက်စစ်မှာလည်း ကော်စတာ ပြန်ကစားနိုင်ချိန်မှာ ဂိုးရဖို့ ပိုခက်သွားသလို တွေ့နေရပြီး ဂိုးသွင်းနှုန်းကလည်း ပုံမှန်မဟုတ်သေးဘူး။ အစဉ်အလာတွေအရလည်း အက်သလက်တီကိုတို့ ရီးယဲလ်ကို အဓိကပွဲစဉ်တွေမှာ အနိုင်ရဖို့ခက်နေတာ တွေ့ရတယ်။ အက်သလက်တီကိုကွင်းမှာတော့ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။















