■ လက်စတာ ၂-၁ စပါး
ပရီးမီးယားလိဂ်ပွဲစဉ် (၆) စနေညရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ လက်စတာအသင်းနဲ့ စပါးအသင်းတို့ပွဲစဉ်မှာတော့ အိမ်ရှင်လက်စတာအသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
စပါးအသင်းကတော့ ဒီရာသီပရီးမီးယားလိဂ် အဝေးကွင်း (၃)ပွဲကစားပြီးချိန်မှာ (၂)ပွဲသရေ၊ (၁)ပွဲရှုံးနဲ့နိုင်ပွဲပျောက်နေဆဲဖြစ်ပြီး ပေးဂိုး (၆)ဂိုးအထိရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒီနေ့ပွဲစဉ်မှာ စပါးအသင်းဟာ ကြားရက်မှာကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်က ပွဲထွက်လူစာရင်းကို (၇) နေရာအထိအပြောင်းအလဲလုပ်ပွဲထွက်ခဲ့ပြီး၊ အိမ်ရှင်လက်စတာအသင်းကတော့ ပြီးခဲ့တဲ့မန်ယူအသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က လူစာရင်းကို (၂)နေရာသာ အပြောင်းအလဲလုပ်ခဲ့ပါတယ်။
ပွဲစကတည်းက စပါးအသင်း ဖိအားပေးကစားဖို့ကြိုးစားခဲ့ပေမယ့် အိမ်ရှင်လက်စတာရဲ့ အကောင်းဆုံးတုံ့ပြန်မှုကြောင့် စိတ်ကြိုက်ကစားခွင့်မရခဲ့ပါဘူး။
လက်စတာအသင်းအတွက် နစ်နာခဲ့တာက ပွဲချိန် (၁၆)မိနစ်မှာ အန်ဒီဒီဂိုးသွင်းခဲ့ပေမယ့် အယိုဇေပီရက်ဇ် လူကျွံနေခဲ့လို့ VAR နဲ့ဆုံးဖြတ်ပြီး သွင်းဂိုးကို ခွင့်မပြုခဲ့တာပါ။
ပွဲချိန် (၂၆)မိနစ်မှာတော့ စပါးအသင်းအဖွင့်ဂိုးရခဲ့ပြီး ဆွန်ဟောင်မင်ရဲ့ပေးပို့မှုကို တိုက်စစ်မှူး ဟာရီကိန်းက ဟန်ချက်ပျက်ချော်လဲတဲ့အနေအထားကနေ ရအောင်ကန်သွင်းပြီး ဂိုးအဖြစ်ပြောင်းလဲပေးခဲ့တာပါ။
ဟာရီကိန်းအတွက်ကတော့ လက်စတာအသင်းနဲ့တွေ့ဆုံတဲ့ ပြိုင်ပွဲစုံ (၁၂)ပွဲမှာ (၁၃)ဂိုးမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ကစားသမားဘဝမှာ ဂိုးအများဆုံးသွင်းနိုင်တဲ့အသင်းလည်းဖြစ်ခဲ့ပါတယ်။
ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်မှာ လက်စတာအသင်း ချေပဂိုးအတွက်ကြိုးစားလာခဲ့လို့ ပွဲကအကြိတ်အနယ်ပိုရှိလာခဲ့ပြီး စပါးအသင်းကလည်း နောက်ထပ်ဂိုးတွေရဖို့နီးစပ်တဲ့အခွင့်အရေးတွေရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။
အထူးသဖြင့် ဆွန်ဟောင်မင်ဟာ ဒီနေ့ပွဲစဉ်မှာ ဂိုးရနိုင်တဲ့အခွင့်အရေးတချို့ကိုဖြုန်းတီးခဲ့တာကလည်း စပါးအသင်းအတွက် နစ်နာစေပါတယ်။
ပထမပိုင်းမှာတော့ (၁-၀)ဂိုးနဲ့ပဲပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးစဂိုးရဖို့ပိုကြိုးစားလာခဲ့လို့ ပွဲရဲ့အရှိန်က အမြင့်ဆုံးရောက်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း စပါးအသင်းရဲ့ နောက်ခံလူ အော်ရီယေး အဝေးကန်ချက်နဲ့ဂိုးသွင်းယူခဲ့ပေမယ့် ဆွန်ဟောင်မင် လူကျွံနေခဲ့လို့ VAR နဲ့ဆုံးဖြတ်ခဲ့ပြီး လူကျွံဘောအဖြစ်သာ သတ်မှတ်ခံခဲ့ရပါတယ်။
ပွဲချိန် (၆၉)မိနစ်မှာတော့ လက်စတာအသင်းချေပဂိုး ရသွားခဲ့ပြီး ရီကာဒိုပယ်ရဲရားက အပြင်းကန်သွင်းယူပေးခဲ့တာပါ။
ဂိုးရပြီးနောက်ပိုင်းမှာတော့ နှစ်သင်းစလုံးအနိုင်ဂိုးတွေအတွက်ကြိုးစားခဲ့သလို အခွင့်အရေးတွေလည်းရခဲ့ပေမယ့် နှစ်ဖက်ဂိုးသမားတွေလက်စွမ်းပြနိုင်ခဲ့ကြပါတယ်။
လက်စတာအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ ပွဲချိန် (၈၅)မိနစ်မှာ ကွင်းလယ်လူ မတ်ဒီဆန်က ကိုက် (၂၀)အကွာက လှပတဲ့အဝေးကန်ချက်နဲ့အတူ သွင်းယူခဲ့တာပါ။
လက်ကျန်မိနစ်မှာတော့ စပါးအသင်းချေပဂိုးအတွက်ကြိုးစားခဲ့ပေမယ့် လက်စတာအသင်းက အကောင်းဆုံးထိန်းချုပ်ကစားသွားခဲ့တာကြောင့် ပွဲအပြီးမှာတော့ လက်စတာအသင်းက အိမ်ကွင်းမှာ (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။















