စီးရီးအေပွဲစဉ်(၄) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ်(၄) ပွဲကြိုသုံးသပ်ချက်
Published 21 September 2019

အူဒီးနီးစ် နှင့် ဘရက်စီယာ (စနေည ရး၃၀ နာရီ)

အူဒီးနီးစ်ကွင်းမှာ အစဉ်အလာအရ ဘရက်စီယာ ရလဒ်ကောင်းလေ့ရှိပါတယ်။ ဒီရာသီအဝေးကွင်း(၃)ပွဲကစားထားပြီးချိန်မှာ အေစီမီလန်တစ်သင်းကိုသာ ရှုံးနိမ့်ထားလို့ ဒီပွဲမှာလည်း ဘရက်စီယာ အမှတ်မျှော်လင့်ခွင့်ရှိနေတယ်။ အူဒီးနီးစ်တိုက်စစ် ဂိုးရဖို့ခက်နေဦးမယ်ဆိုရင် ဘရက်စီယာတစ်မှတ်ရနိုင်တယ်။

ဂျူဗင်တပ်စ် နှင့် ဗီရိုနာ (စနေည ၁ဝး၃၀ နာရီ)

ဗီရိုနာက အသင်းကြီးတွေနဲ့ဆို ပိုပြီးအားထုတ်ကစားတတ်ပြီး ရသလောက်ဒုက္ခပေးတတ်ပေမယ့် အိမ်ကွင်းမှာ ပရိသတ် ကျေနပ်အောင်ကစားပြရမယ့် ဂျူဗင်တပ်စ်နည်းပြ ဆာရီ အမှားခံမှာမဟုတ်ပါဘူး။ ဟီဂွါအင်နဲ့ စီရော်နယ်လ်ဒိုကြား နားလည်မှု လိုအပ်နေသေးသလို၊ ကွင်းလယ်မှာ ဒဏ်ရာရကစားသမားတွေ များနေတာ ဆာရီအတွက်ပြဿနာဖြစ်လာနိုင်ပေမယ့် ဒီဘားလားပါလာရင် ဂျူဗင်တပ်စ် (၂)ဂိုးပြတ်နိုင်ပါမယ်။

အေစီမီလန် နှင့် အင်တာမီလန် (တနင်္ဂနွေနံနက် ၁း၃၀ နာရီ)

စီးရီးအေအဖွင့်ပွဲတုန်းက လက်ချီကို ဂိုးပြတ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ အင်တာမီလန် တိုက်စစ်မတည်ငြိမ်ပါဘူး။ ပိုလီတာနိုကို နောက်ချန်တိုက်စစ်မှူး၊ လူကာကူကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုနေတဲ့ အင်တာမီလန်နည်းပြ ကွန်တီရဲ့ တိုက်စစ်အခင်းအကျင်းက ပြိုင်ဘက်ခံစစ်ကို ဖိအားပေးနိုင်ပေမယ့် အဆုံးသတ်ပိုင်းအားနည်းသလို၊ အပိုင်အခွင့်အရေးတွေလည်း သိပ်မဖန်တီးနိုင်တာတွေ့ရတယ်။ အေစီမီလန်ကလည်း တိုက်စစ်မှာ အခက်အခဲရှိနေပါတယ်။ အဓိကတိုက်စစ်မှူးပီယွန်တက်ခ် ဂိုးရဖို့ခက်နေသလို၊ တိုက်စစ်ကိုပံ့ပိုးပေးမယ့်ကစားသမားပိုင်းမှာ လူသစ်တွေများနေလို့ အသားမကျသေးဘူး ဖြစ်နေတယ်။ မီလန်မြို့ခံနှစ်သင်းစလုံးအတွက် ဒီပွဲဟာ ပွဲကျပ်ကာလအစ ပထမဆုံးရင်ဆိုင်ရမယ့် စိန်ခေါ်သံဖြစ်နေလို့ အမှားခံမယ်မထင်ဘူး။ အင်တာမီလန် ပွဲဆက်တွေများနေပေမယ့် ကစားပုံပိုကောင်းလို့ အမှတ်ရပါမယ်။

Most Read

Most Recent