ချန်ပီယံလိဂ်ပွဲအမီ နာပိုလီအသင်း၏အိမ်ကွင်း အသင့်ဖြစ်နေစေရန်မျှော်လင့်ဟု ယာဂန်ကလော့ပ် ဆို

ချန်ပီယံလိဂ်ပွဲအမီ နာပိုလီအသင်း၏အိမ်ကွင်း အသင့်ဖြစ်နေစေရန်မျှော်လင့်ဟု ယာဂန်ကလော့ပ် ဆို
Photos: Getty Images
Photos: Getty Images
Published 15 September 2019

နာပိုလီနှင့် လီဗာပူးလ်အသင်းသည် စက်တင်ဘာ ၁၇ ရက်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲအဖြစ် ယှဉ် ပြိုင်ကစားရမည်ဖြစ်ရာ ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA) ကလည်း ယင်းအခြေ အနေကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ 

 

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က စီးရီးအေကလပ် နာပိုလီအသင်း၏ အိမ်ကွင်းပြင်ဆင်မှုအခြေအနေမှာ မိမိတို့နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲအမီ အသင့်ဖြစ်နေစေရန် မျှော်လင့်ကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။

နာပိုလီအသင်း၏ အိမ်ကွင်းဖြစ်သည့် ဆန်ပေါ်လိုကွင်းကို ဇူလိုင်တွင်ကျင်းပသည့် တက္ကသိုလ်အားကစားပြိုင်ပွဲအပြီးကတည်းက ပြင်ဆင်မှုပြုလုပ်ခဲ့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအထိ ပြီးစီးခြင်းမရှိသဖြင့် ဝေဖန်မှု များထွက်ပေါ်လျက်ရှိသည်။ နာပိုလီအသင်း သည် ကွင်းပြင်ဆင်မှုကြောင့် စီးရီးအေရာသီ အစ ပွဲစဉ်နှစ်ပွဲကို အဝေးကွင်း၌သာကစားခွင့်ပြုရန် တောင်းဆိုထားပြီး ယခုတစ်ပတ် ပွဲစဉ် (၃) မှသာ အိမ်ကွင်းစတင် လက်ခံကစားမည်ဖြစ်သည်။ 

သို့သော် ပြီးခဲ့သည့်ရက်ပိုင်းအထိ အဝတ်လဲခန်းပြင်ဆင်မှုများ မပြီးစီးသေးသဖြင့် နာပိုလီအသင်းနည်းပြ အန်ဆယ်လော့တီက ဝေဖန်ပြောကြားရာ ကွင်းပြင်ဆင်ရေးတာဝန်ရှိသူကမူ ဆမ်ဒိုရီးယားအသင်း နှင့်ပွဲမတိုင်မီ တစ်ရက်အလို စက်တင်ဘာ ၁၃ ရက်တွင် အလုံးစုံပြီးစီးမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။ နာပိုလီနှင့် လီဗာပူးလ်အသင်းသည် စက်တင်ဘာ ၁၇ ရက်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲအဖြစ် ယှဉ် ပြိုင်ကစားရမည်ဖြစ်ရာ ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA) ကလည်း ယင်းအခြေ အနေကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ 

သို့ဖြစ်ရာ ဆန်ပေါ်လိုကွင်း၏အခြေအနေနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ယာဂန်ကလော့ပ်က " UEFA အနေနဲ့ တစ်စုံတစ်ခုဖြစ်လာရင် ကောင်းကောင်းဖြေရှင်းနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ရေချိုးဖို့ အတွက် ရေပန်းနဲ့ အဝတ်အစားလဲဖို့နေရာ လွတ်တစ်ခုတော့ရှိနေမှာပါ။ ဘယ်လိုဖြစ်မလဲဆိုတာ ကျွန်တော်မသိပေမဲ့ အဲဒီလိုဖြစ်နေဖို့တော့ မျှော်လင့်ပါတယ်။ ကျွန်တော်ကတော့ ပွဲထက် ဒီကိစ္စကို ပိုပြီးမကြီးကျယ်စေ ချင်ပါဘူး။ ကျွန်တော်တို့မြင်ထားရတဲ့ဓာတ်ပုံတွေထဲအတိုင်းဆိုရင်တော့ သိပ်အဆင်မပြေပါဘူး။ ဒါပေမဲ့ ကွင်းအခြေအနေကောင်းဖို့လည်း လိုပါသေးတယ်။ အားလုံးအဆင်ပြေပြေကစားနိုင်ဖို့ မျှော်လင့်ပါတယ်" ဟု ပြော ကြားခဲ့သည်။

ထို့အပြင် ယာဂန်ကလော့ပ်က ခြေသလုံး ဒဏ်ရာကြောင့် အနားယူနေရသည့် ဂိုးသမား အယ်လစ်ဆန်၏အခြေအနေမှာ တိုးတက်မှု ရှိလာသော်လည်း အောက်တိုဘာတွင်ကစားမည့် နိုင်ငံတကာရက်သတ္တပတ် အပြီးမှသာ ပြန်လည်ကစားစေဖွယ်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။ " သူ့ရဲ့အခြေအနေက တိုးတက်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဖိအားမပေးပါဘူး။ အဲဒါက ခြေသလုံးဒဏ်ရာထဲမှာ တကယ်ပြင်းထန် တဲ့ဒဏ်ရာဖြစ်ပြီး အခုတော့ ပိုကောင်းလာနေပါပြီ။ ဒါပေမဲ့ သူပြန်ကစား နိုင်မယ့်အချိန်ကိုတော့ အတိအကျမသိသေးပါဘူး။ လာမယ့်နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပြန်ကစားနိုင်ဖို့တော့ မျှော်လင့်ပါတယ်" ဟု ၎င်းက ဆိုသည်။