■ နောဝစ်ချ် ၃-၂ မန်စီးတီး
ပရီးမီးယားလိဂ်ပွဲစဉ် (၅) ရဲ့ စနေညနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ နောဝစ်ချ်အသင်းနဲ့ မန်စီးတီအသင်းပွဲစဉ်မှာတော့ နောဝစ်ချ်အသင်းက မန်စီးတီးအသင်းကို အိမ်ကွင်းမှာ (၃-၂)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။
၄-၂-၃-၁ ပုံစံနဲ့ ပွဲထွက်လာတဲ့ နောဝစ်ချ်အသင်းရဲ့ တိုက်စစ်ကို သြဂုတ်လအကောင်းဆုံးဆုရ ပွတ်ကီက ဦးဆောင်ခဲ့ပြီး အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်လာခဲ့တာပါ။
ဂွါဒီယိုလာကတော့ ဒီနေ့ပွဲမှာ ဒီဘရိုင်းနားကို အရန်ခုံမှာထားခဲ့ပြီး အဂွဲရိုး၊ ဒေးဗစ်ဆေးလ်ဗား၊ ဘာနာဒိုဆေးလ်ဗား၊ စတာလင်၊ ရိုဒရီတို့လို အဓိက ကစားသမားတွေကို ပွဲထုတ်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ သူတို့ရဲ့ ထုံးစံအတိုင်းပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ နောဝစ်ချ်အသင်းကို ပွဲစကတည်းက ဖိအားပေးကစားခဲ့ပါတယ်။ ဒါပေမဲ့ နောဝစ်ချ်အသင်းရဲ့ အသင်းလိုက်ကျစ်လျစ်မာကျောမှုကြောင့် မန်စီးတီးတို့ ထင်သလောက်တော့ မဖြစ်ခဲ့ပါဘူး။
ဒါ့အပြင် ပွဲချိန် (၁၈) မိနစ်မှာပဲ မန်စီးတီးတို့ မထင်မှတ်ဘဲ အိမ်ရှင် နောဝစ်ချ်ကို အဖွင့်ဂိုးပေးခဲ့ရပါတယ်။ ထောင့်ကန်ဘောကနေ ဘန်ဒီယာ တင်ပေးတာကို ကွင်းလယ်လူ မက္ကလင်းက ခေါင်းတိုက်သွင်းယူခဲ့တာပါ။
ဂိုးပေးလိုက်ရပြီးနောက်မှာတော့ မန်စီးတီးတို့ ချေပဂိုးရဖို့ တင်ကစားခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းဂိုးရခဲ့တာ အိမ်ရှင် နောဝစ်ချ်အသင်းပါပဲ။ တန်ပြန်တိုက်စစ်ကနေ ပွတ်ကီ ခင်းပေးတာကို ကန့်ဝဲလ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ မန်စီးတီးတို့ ဂိုးရဖို့ တောက်လျှောက်တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့် နောဝစ်ချ်ရဲ့ မာကျောတဲ့ နောက်တန်းကြောင့် အခက်တွေ့ခဲ့ရပြီး ပထမပိုင်းပြီးခါနီးမှာမှ ချေပဂိုး ရခဲ့ပါတယ်။
ဒီဂိုးကိုတော့ ဘာနာဒိုဆေးလ်ဗားရဲ့ ပေးပို့မှုကနေ အဂွဲရိုးက ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ဒီဂိုးသွင်းခဲ့တဲ့ အဂွဲရိုးဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ရေယက်စ် (အာဆင်နယ်၊ ၂၀၀၄-၀၅)နဲ့ ရွန်နီ (မန်ယူ၊ ၂၀၁၁-၁၂) တို့ပြီးနောက် အဖွင့်ပွဲ (၅) ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ တတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း မန်စီးတီးအသင်းကပဲ ဖိကစားခဲ့ပြီး ချေပဂိုးတွေ ပြန်ရဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန်မိနစ် (၅၀) မှာတော့ မန်စီးတီးတို့ ခံစစ်အမှားကနေ နောဝစ်ချ်ကို တတိယဂိုးပေးလိုက်ရပြန်ပါတယ်။
အော်တာမန်ဒီဆီက ဘန်ဒီမာဖြတ်လုပြီး ချပေးတာကို ပွတ်ကီက သွင်းယူခဲ့တာပါ။ ပွတ်ကီကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု (၈) ကြိမ် (၆ ဂိုးသွင်း၊ ၂ ဂိုးဖန်တီး)အထိ ရှိလာခဲ့ပါတယ်။
ကျန်ပွဲချိန်တွေမှာ မန်စီးတီးအသင်းဟာ ဒီဘရိုင်းနား၊ ဂျေးဇူးနဲ့ မာရက်ဇ်တို့ကို ထည့်သွင်းပြီး ချေပဂိုးတွေ ရရှိဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကျစ်လျစ်လွန်းတဲ့ နောဝစ်ချ်ရဲ့ ခံစစ်ကြောင့် မန်စီးတီးအသင်း ဂိုးရဖို့ အခက်တွေ့ခဲ့ရပြီး ပွဲချိန် (၈၈) မိနစ်မှာမှ ရိုဒရီရဲ့ အဝေးကန်ချက်နဲ့ ဒုတိယချေပဂိုးရခဲ့ပါတယ်။
ဒုတိယချေပဂိုးရချိန်ဟာ နောက်ကျလွန်းတာကြောင့် မန်စီးတီးတို့ ဂိုးထပ်ရဖို့ ကြိုးစားချိန် သိပ်မရတော့ဘဲ ပွဲအပြီးမှာတော့ နောဝစ်ချ်အသင်းက (၃-၂) ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။
ဒီရှုံးပွဲဟာ မန်စီးတီးအတွက် ဒီရာသီမှာ ပထမဆုံးပရီးမီးယားလိဂ်ရှုံးပွဲဖြစ်ခဲ့ပြီး ပွဲစဉ် (၅) အပြီးမှာပဲ အမှတ်ပေးဇယားထိပ်ဆုံးမှာ (၁၅) မှတ်နဲ့ ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းနဲ့ (၅) မှတ်အထိ ကွာဟသွားခဲ့ပါတယ်။















