မော်တော်ယာဉ်များအား အင်ဂျင်ပါ၀ါအလိုက် အခွန်ကောက်ခံမှု သတ်မှတ်ချက်ကို ပြောင်းလဲ သတ်မှတ်ပါက အထူးကုန်စည်ခွန် ကောက်ခံရရှိမှုအပိုင်းတွင် ထိခိုက်စေနိုင်ဟု စီးပွား/ကူးသန်း ဒုတိယဝန်ကြီး ပြောကြား

မော်တော်ယာဉ်များအား အင်ဂျင်ပါ၀ါအလိုက် အခွန်ကောက်ခံမှု သတ်မှတ်ချက်ကို ပြောင်းလဲ သတ်မှတ်ပါက အထူးကုန်စည်ခွန် ကောက်ခံရရှိမှုအပိုင်းတွင် ထိခိုက်စေနိုင်ဟု စီးပွား/ကူးသန်း ဒုတိယဝန်ကြီး ပြောကြား
Published 12 September 2019

မော်တော်ယာဉ်များအား အင်ဂျင်ပါ၀ါအလိုက် အခွန်ကောက်ခံမှု သတ်မှတ်ချက်ကို ပြောင်းလဲ သတ်မှတ်ပါက အထူးကုန်စည်ခွန် ကောက်ခံရရှိမှုအပိုင်းတွင် ထိခိုက်စေနိုင်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

စက်တင်ဘာ ၁၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်  ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၏ မူသဘော ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းစဉ် ဒုတိယဝန်ကြီး က ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက “မြန်မာနိုင်ငံရဲ့ လက်ရှိ မော်တော်ယာဉ် ဝယ်ယူမှတ်ပုံတင်မှုကို လေ့လာရာမှာ ၂၀၁၉ ခုနှစ်အတွင်း စုစုပေါင်း ဝယ်ယူ မှတ်ပုံတင်မှုက ၃၆၂၃ စီးရှိပါတယ်။ အင်ဂျင်ပါ၀ါ ၁၅၀၀ စီစီအထိ မှတ်ပုံတင်မှုက အများဆုံးဖြစ်ပြီးတော့မှ ၁၃၈၄ စီးရှိပါတယ်။ စုစုပေါင်း မှတ်ပုံတင်မှု၏ ၃၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒီပမာဏဟာ အထူးကုန်စည် ခွန်ကင်းလွတ်ခွင့် ပေးထားပြီး ဖြစ်ပါတယ်။အင်ဂျင်ပါ၀ါ ၁၆၀၀ စီစီမှ ၂၀၀၀ စီစီအတွင်း မှတ်ပုံတင်မှုဟာ ၁၀၆၄ စီး ဖြစ်ပြီးတော့ ၂၉ ဒသမ ၃၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ကြီးများ အဆိုပြုသလို အင်ဂျင်ပါ၀ါအလိုက် အခွန်ကောက်ခံမှု သတ်မှတ်ချက်ကို ပြောင်းလဲပြင်ဆင် သတ်မှတ်ခဲ့မယ်ဆိုရင် အထူးကုန်စည်ခွန် ကောက်ခံရရှိမှု အပိုင်းဟာ သိသာစွာ ထိခိုက်စေနိုင်ပါကြောင်း တင်ပြအပ်ပါတယ်”ဟု ပြည်ထောင်စုလွှတ်တော်၌ ပြောကြားခဲ့သည်။

ထို့ပြင် ယင်းကိစ္စနှင့် ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မော်တော်ယာဉ်များအပေါ်တွင် အထူးကုန်စည်ခွန် သတ်မှတ်မှုနှင့် ပက်သက်ပြီး အာဆီယံနိုင်ငံများအကြားတွင် မြန်မာနိုင်ငံမှ ကောက်ခံသည့် နှုန်းများသည် နည်းနေသေးသည့် အခြေအနေတွင် ရှိကြောင်း၊ ထို့အတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး အင်ဂျင်ပါ၀ါ ၁၅၀၁ စီစီမှ စကာ အလွှာများခွဲခြားပြီး နှုန်းထားသတ်မှတ်၍ သင့်လျော်အောင် ကောက်ခံလျက်ရှိကြောင်း ပြောကြားခဲ့သည်။

မော်တော်ယာဉ်များအား အခွန်ကောက်ခံမှုများနှင့် ပတ်သက်ပြီး စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်းက “အာဆီယံနိုင်ငံတွေမှာ မော်တော်ယာဉ် အမျိုးအစားတွေကို အများအားဖြင့် အင်ဂျင်စွမ်းဆောင်ရည်ပေါ် မူတည်သတ်မှတ်ပါတယ်။အာဆီယံနိုင်ငံတွေမှာ ဖိလစ်ပိုင်နိုင်ငံကလွဲပြီး တော့ အင်ဂျင်စွမ်းရည်ပေါ် အခြေခံကာ မော်တော်ယာဉ်တင်သွင်းမှုကို အထူးကုန်စည်ခွန် ကောက်ခံကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာတော့ ကားရဲ့ တန်ဖိုးအပေါ် အခြေခံကောက်ခံပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၀၀ စီစီအထိ ကို ၃၀ ရာခိုင်နှုန်း၊ ၃၀၀၀ စီစီနဲ့ အထက်ကို ၅၀ ရာခိုင် နှုန်း ကောက်ခံပါတယ်။ မလေးရှားနိုင်ငံမှာ တော့ ၁၈၀၀ စီစီနဲ့ အထက်ကို ၇၅ ရာခိုင်နှုန်း၊ ၂၅၀၀ စီစီနဲ့အထက်ကို ၁၀၅ ရာခိုင်နှုန်း ကောက်ခံပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ ၂၀၀၀ စီစီအောက်ကို ၄၀ ရာခိုင်နှုန်း၊၂၀၀၁ စီစီမှ ၃၀၀၀ စီစီအထိကို ၅၀ ရာခိုင်နှုန်း၊ ၃၀၀၁ စီစီနဲ့အထက်ကို ၆၀ ရာခိုင်နှုန်းနဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ ၁၅၀၀ စီစီအောက်ကို ၃၀ ရာခိုင်နှုန်း၊ လူစီးယာဉ် ၁၅၀၁ စီစီ မှ ၃၀၀၀ စီစီအထိ ၄၀ ရာခိုင်နှုန်းနဲ့ လူစီးယာဉ် ၃၀၀၁ စီစီ အထက်ကို ၁၂၅ ရာခိုင်နှုန်းအသီးသီး ကောက်ခံလျက် ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အထူးကုန်စည်ခွန် ကောက်ခံမှုမှာ လက်ရှိ အခြေအနေရ သုည ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိဖြစ်ပြီး အာဆီယံဒေသတွင်းမှာရှိတဲ့ အထူးကုန်စည်ခွန် ကောက်ခံမှုများမှာ ၂၀ ရာခိုင်နှုန်းမှ ၁၂၀ ရာခိုင်နှုန်းအထိ အသီးသီးဖြစ်တဲ့အတွက် အခြားဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက အထူးကုန်စည်ခွန် နှုန်းထားများ ကောက်ခံမှုဟာ အလွန်တရာ သင့်တင့်မျှတတဲ့ နှုန်းထားတွေ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ၁၅၀၀ စီစီအောက် သတ်မှတ်ချက်အစား ၁၆၀၀ စီစီအောက် မော်တော်ယာဉ်များကို အသေးစားယာဉ်အဖြစ် သတ်မှတ်မယ်ဆိုပါ က ၁၅၀၀ စီစီနှင့်အောက် မော်တော်ယာဉ် တင်သွင်းသူတွေ၊ ထုတ်လုပ်သူတွေ၊ ဝယ်ယူလိုသူတွေ အနေနဲ့ ၁၀ ရာခိုင်နှုန်း အထူးကုန် စည်ခွန်သက်သာသွားမှာ ဖြစ်သော်လည်း နိုင်ငံတော်အတွက် လက်ရှိမြန်မာနိုင်ငံရဲ့ Tax to GDP အချိုးဟာ ခြောက်ရာခိုင်နှုန်းသာရှိပြီးတော့ အာဆီယံနိုင်ငံအတွင်းမှာ နှိုင်းယှဉ်မယ်ဆိုရင် များစွာနိမ့်ကျလျက် ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိ မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ တိုးလာစေရန် ပြည်တွင်း မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေး လုပ်ငန်းများကို SKD စနစ် ဖြင့် ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သတ်မှတ်ထားခြင်း၊ မော်တော်ယာဉ် လုပ်ငန်းဆိုင်ရာ မူဝါဒများနှင့် ပြည်တွင်း မော်တော်ယာဉ် ကဏ္ဍဖွံ့ဖြိုးရေးကို အားပေးလျက်ရှိကြောင်း၊ နိုင်ငံတော်က မော်တော်ယာဉ်ကဏ္ဍအတွက် သင့်တင့်သော အခွန်ကောက်ခံမှုများကို ဖန်တီးပေးထားပြီး ဖြစ်သည့်အတွက်ကြောင့် အင်ဂျင် စွမ်းဆောင်ရည်အလိုက် အထူးကုန်စည် နှုန်းထားများကို လက်ရှိအတိုင်းသာ သတ်မှတ်ရန် သင့်တော်ကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက လွှတ်တော်၌ ပြောကြားခဲ့သည်။

မော်တော်ယာဉ်များအား အခွန်ကောက်ခံမှုများနှင့် ပတ်သက်ပြီး အခွန်နှုန်းများ လျှော့ချ ကောက်ခံသင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ယင်းသို့ ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

Most Read

Most Recent