တရုတ်၏လုပ်ရပ်အား တုံ့ပြန်မှုအဖြစ် ထရန့်က စည်းကြပ်ခွန်တိုးမြှင့်မည့်အစီအစဉ်ကို နှစ်ပတ်ဆိုင်းငံ့မည်

တရုတ်၏လုပ်ရပ်အား တုံ့ပြန်မှုအဖြစ် ထရန့်က စည်းကြပ်ခွန်တိုးမြှင့်မည့်အစီအစဉ်ကို နှစ်ပတ်ဆိုင်းငံ့မည်
သြဂုတ် ၂၉ ရက်တွင် တရုတ်အရှေ့ပိုင်း ရှန်တုံပြည်နယ်မှ အထည်ချုပ်စက်ရုံတစ်ရုံ၌ အလုပ်သမားများအား တွေ့ရစဉ်
သြဂုတ် ၂၉ ရက်တွင် တရုတ်အရှေ့ပိုင်း ရှန်တုံပြည်နယ်မှ အထည်ချုပ်စက်ရုံတစ်ရုံ၌ အလုပ်သမားများအား တွေ့ရစဉ်
Published 12 September 2019
         Ref: AFP

အမေရိကန်ကုန်ပစ္စည်းအများအပြားအား စည်းကြပ်ခွန်ချမှတ်မည့်စာရင်းမှ ဖယ်ရှားပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော တရုတ်၏လုပ်ရပ်အား တုံ့ပြန်မှုအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ဒေါ်လာဘီလျံ ၂၅၀ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအား စည်းကြပ်ခွန် တိုးမြှင့်မည့်အစီအစဉ်ကို နှစ်ပတ်ကြာ ဆိုင်းငံ့ထားရန် သဘောတူခဲ့ကြောင်း စက်တင်ဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။

ကမ္ဘာ့စီးပွားရေးအား ထိခိုက်စေသော ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်နိုင်ရန်အတွက် ရည်ရွယ်သော ကုန်သွယ်ရေးဆွေးနွေးပွဲများအား  ပြန်လည်မစတင်မီ သီတင်းပတ်အနည်းငယ်သာအလိုတွင် စည်းကြပ်ခွန်တိုးမြှင့်မည့်အစီအစဉ်အား ဆိုင်းငံ့ထားပေးရန် တရုတ်က တောင်းဆိုလာခြင်းဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေး အလွန်အမင်းကျဆင်းခဲ့ပြီး စက်တင်ဘာ ၁ ရက်မှစတင်၍ နှစ်နိုင်ငံအကြား ကုန်ပစ္စည်းများအား စည်းကြပ်ခွန်များ အပြန်အလှန်တိုးမြှင့်ခဲ့ကြပြီးနောက် နှစ်ဘက်ထိပ်တန်းညှိနှိုင်းဆွေးနွေးသူများသည် အောက်တိုဘာအစောပိုင်းတွင် ကုန်သွယ်ရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် စီစဉ်ထားသည်။

သဘောထားကောင်းမွန်ကြောင်း ပြသမှုအဖြစ် ဒေါ်လာဘီလျံ ၂၅၀ တန်ဖိုးရှိသော တရုတ်ကုန်ပစ္စည်းများအား စည်းကြပ်ခွန်ချမှတ်မှုကို (၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသို့) တိုးမြှင့်ရန် စီစဉ်ထားမှုအား အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ ဆိုင်းငံ့ထားရန် မိမိတို့ သဘောတူခဲ့ကြကြောင်း ထရန့်က စက်တင်ဘာ ၁၁ ရက်နှောင်းပိုင်းတွင် Twitter ၌ ရေးသားခဲ့သည်။

အောက်တိုဘာ ၁ ရက်တွင် တရုတ်က နိုင်ငံထူထောင်မှု အနှစ် (၇၀) ပြည့်အား ကျင်းပမည်ဖြစ်သောကြောင့် ယင်းကဲ့သို့ ဆိုင်းငံ့ပေးရန် တရုတ်ဒုတိယဝန်ကြီးချုပ် လျူဟဲက မေတ္တာရပ်ခံခဲ့ခြင်းဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၁ ရက် အစောပိုင်းတွင် တရုတ်က အမေရိကန်ပို့ကုန်အချို့အား စည်းကြပ်ခွန် တိုးမြှင့်ချမှတ်မည့်စာရင်းမှ ယာယီကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယင်းသည် ကြီးမားသောလုပ်ရပ်တစ်ခုဖြစ်ကြောင်း ထရန့်က အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ အမေရိကန်၏လုပ်ရပ်များကြောင့် တရုတ်၏ စီးပွားရေးအားနည်းနေချိန်တွင် အပေးအယူ ပြုလုပ်ရန်အတွက် ပေကျင်းသည် ဖိအားကြုံနေရပြီဖြစ်ကြောင်း ထရန့်က ထပ်မံပြောကြားခဲ့သည်။

သို့သော် တရုတ်က ကင်းလွတ်ခွင့်ပြုခဲ့သည့် အမေရိကန်ကုန်ပစ္စည်းများတွင် မည်သည့်ကုန်သွယ်ရေးသဘောတူညီချက်အတွက်မဆို အဆုံးစွန်အောင်မြင်ရန်အတွက် အလွန်အမင်းအရေးပါနိုင်သည့် ပဲပိစပ်နှင့် ဝက်သားကဲ့သို့ အရေးကြီးသော လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ မပါဝင်ခဲ့ပေ။ ထိုကင်းလွတ်ခွင့်ပြုမှုသည် စက်တင်ဘာ ၁၇ ရက် တွင် စတင်သက်ဝင်မည်ဖြစ်ပြီး တစ်နှစ် အကျုံးဝင်မည်ဖြစ်ကြောင်း ပင်လယ်စာ ထုတ်ကုန်များနှင့် ကင်ဆာရောဂါတိုက်ဖျက်ရေးဆေးဝါးများ ပါဝင်သည့် စာရင်းနှစ်ခုအား ကြေညာခဲ့သော တရုတ်နိုင်ငံတော်ကောင်စီ၏ Customs Tariff Commission က ထုတ်ပြန်ခဲ့သည်။

ရှည်ကြာနေသော ကုန်သွယ်ရေးစစ်ပွဲသည် အမေရိကန်ထက် တရုတ်အား ပိုမိုအထိနာစေခဲ့ကြောင်း ထရန့်က ပြောကြားဖူးသည်။ သို့သော် ပြီးခဲ့သောလတွင် အဓိကလုပ်ငန်းကြီးများ၌ အလုပ်အကိုင်ဖန်တီးမှု နှေးကွေးခဲ့ပြီးနောက် အမေရိကန်သည်လည်း ဖိအားများ ကြုံနေရသည့် လက္ခဏာများ ပြသနေကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့ကြသည်။                     

Most Read

Most Recent