အရှေ့တောင်အာရှ၌ ဆေးယဉ်ပါး ငှက်ဖျားပိုးအသစ်များ ပေါ်ထွက်လာခြင်းက လူသေဆုံးမှုများ များပြားသည့် အဆိုပါရောဂါကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဖယ်ရှားရန် အားထုတ်မှုများအား ခြိမ်းခြောက်လျက် ရှိချိန်၌ နာဆာအဖွဲ့သည် မြန်မာနိုင်ငံ၌ ငှက်ဖျားရောဂါပျံ့နှံ့မှုကို အာကာသမှနေ၍ ကြိုတင်ခန့်မှန်းနိုင်သော နည်းပညာသစ် တစ်ရပ်ကို ဖွံ့ဖြိုးအောင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မျိုးဆက်တစ်ခုအတွင်း ၂၀၅၀ ပြည့်နှစ်သို့အရောက်၌ ငှက်ဖျားရောဂါဖြစ်ပွားမှုကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အမြစ်ဖြတ်သုတ်သင်ရန် ရည်မှန်းချက်သည် ရဲရင့်လွန်းသော်လည်း ရယူအောင်မြင်နိုင်ရန် ဖြစ်နိုင်သည်ဟု The Lancet စာစောင်၌ ယခုသီတင်းပတ်အတွင်း ဖော်ပြခဲ့သည့် အစီရင်ခံစာ တစ်စောင်က ဆိုထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၇ ခုနှစ်အကြား ငှက်ဖျားရောဂါဖြစ်ပွားသူပေါင်းနှင့် သေဆုံးသူပေါင်းသည် ရာခိုင်နှုန်း ၉၀ ကျော် ကျဆင်းသွား ကြောင်း သိရသည်။ ယင်းသည် ကျေးလက်ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာခြင်းနှင့် ဆေးစိမ်ထားသော ခြင်ထောင်များကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာခြင်းတို့ကြောင့် ကြီးမားသောအောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံသည် မဲခေါင်ဒေသရှိ သူ၏ နှင့် နှိုင်းယှဉ်ပါက ငှက်ဖျားရောဂါဖြစ်ပွားမှု နှုန်း ပိုမိုမြင့်မားနေဆဲဖြစ်သည်။ ဆေးယဉ်ပါး ငှက်ဖျားပိုး အများအပြားသည် အရှေ့တောင်အာရှတစ်လွှား၌ ခြေကုပ်ရယူထားဆဲဖြစ်ပြီး ယင်းဆေးယဉ်ပါးငှက်ဖျားပိုးများသည် ကမ္ဘာ့ငှက်ဖျားဖြစ်ပွားမှုနှုန်း၏ ရာခိုင်နှုန်း ၉၀ ကျော် ရှိသော အာဖရိကသို့ ပျံ့နှံ့သွားမည်ကို စိုးရိမ်နေရသည်။
ယင်းခြိမ်းခြောက်မှုကို တုံ့ပြန်ရန်အတွက် နာဆာသည် နေရာဒေသဆိုင်ရာ အပျံစား နည်းပညာတစ်ရပ်ကို ဖွံ့ဖြိုးအောင် ဆောင်ရွက်နေခြင်းဖြစ်သည်။ နာဆာ၏ နည်းပညာသစ်သည် အကြီးအကျယ်ဖြစ်ပေါ် ပျံ့နှံ့မှုမဖြစ်ပွားမီ ငှက်ဖျားရောဂါပျံ့နှံ့မှုကို ကိုင်တွယ်ရန်ဖြစ်ကြောင်း သိပ္ပံပညာရှင် တာတီယာနာလိုဘိုဒါက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
လိုဘိုဒါသည် သူ၏ ပထဝီဆိုင်ရာနေရာ မှတ်သားရေးပညာနှင့် အန္တရာယ်ကျရောက်နိုင်ခြေ ပုံစံပြုပညာ ကျွမ်းကျင်မှုများကို အမေရိကန်ပြည်ထောင်စု၌ တောမီးပျံ့နှံ့ပုံ ကြိုတင်ခန့်မှန်းခဲ့ခြင်းနောက်ခံနှင့် ယှဉ်တွဲလျက် ငှက်ဖျားရောဂါ အကြီးအကျယ်ဖြစ်ပွားနိုင်ခြေရှိရာ နေရာများကို ခန့်မှန်းဖော်ထုတ်ရန် ကြိုးပမ်းခြင်းဖြစ်သည်။ ယင်းကဲ့သို့သော နေရာများကို ကြိုတင်သိရှိနိုင်မည်ဆိုပါက ဆေးဝါးများနှင့် ကျန်းမာရေးလုပ်သားများကို ကြိုတင် ဖြန့်ဝေနေရာချထားနိုင်မည်ဖြစ်သည်။
“လူတော်တော်များများက နေရာသတ်မှတ်မှုဆိုင်ရာ ပုံစံနည်းနည်းကို အသုံးပြုပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီမှာ အခုလုပ်နေ တာလောက် ကြီးမားတဲ့ နက်ရှိုင်းမှုနဲ့ စွမ်းရည်မျိုးတွေ မရှိခဲ့ပါဘူး” ဟု မေရီလန်းတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သော လိုဘိုဒါက ပြောကြားခဲ့သည်။
ဂြိုဟ်တုများက ကုန်းမြေမျက်နှာပြင် အပူချိန်များ၊ လေထုဝန်းကျင် ရေပါဝင်မှုနှုန်း နှင့် သစ်တော၊ ချုံတောမြေ၊ လူနေထိုင်ရာများ သို့မဟုတ် ရေပြင်တို့အပါအဝင် ကုန်းမြေလွှမ်းခြုံမှုနှင့်ပတ်သက်သည့် အချက်အလက်များ အစရှိသည့် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ အချက်အလက်များကို ထောက်ပံ့ပေးနိုင်သည်။
ယင်းအချက်အလက်များကို ကွင်းဆင်း နယ်မြေရှိ နေထိုင်သူတို့ထံမှ နမူနာများနှင့် အတူ နက်ရှိုင်းသော လေ့လာဆန်းစစ်မှုများ ဆောင်ရွက်နေသည့် သုတေသနအဖွဲ့များက စုဆောင်းရယူထားသော လူမှုစီးပွားဆိုင်ရာ အချက်အလက်များနှင့် ပေါင်းစပ်မည်ဖြစ်သည်။














