ဟောင်ကောင်ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ဂျိုရှာဝေါင်သည် အာမခံဖြင့် နေထိုင်သည့် သတ်မှတ်ချက်များတွင် အမှားအယွင်းတစ်ခုဖြစ်ခဲ့ပြီး စစ်ဆေးမေးမြန်းရန် ခဏတာ ထိန်းသိမ်းခံခဲ့ရပြီးနောက် ပြန်လွတ်လာခဲ့အပြီး ဂျာမနီသို့ စက်တင်ဘာ ၉ ရက်တွင် ထွက်ခွာခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရဒေသတွင် မကြုံစဖူးအဖြစ် သုံးလကျော် ကြာမြင့်လာပြီဖြစ်သော ဒီမိုကရေစီလိုလားသည့် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေစဉ် အသက် ၂၂ နှစ်ရှိ ဝေါင်သည် ပြီးခဲ့သောလတွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ထင်ရှားသော ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများစွာအနက် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။
ခွင့်ပြုချက်မရသော စုဝေးဆန္ဒပြမှုများတွင် အခြားသူများ ပါဝင်လာစေရန်အတွက် လှုံ့ဆော်ခဲ့သည်ဟု စွပ်စွဲချက်အပါအဝင် အခြားစွဲချက်များစွာဖြင့် ဝေါင်ကို စွဲဆိုထားပြီး နောက်ပိုင်းတွင် အာမခံဖြင့် လွှတ်ပေးထားသည်။ စက်တင်ဘာ ၈ ရက်တွင် ထိုင်ဝမ်မှ ပြန်လာခဲ့ပြီးနောက် အာမခံစည်းမျဉ်းများအား ချိုးဖောက်မှုအတွက် ဟောင်ကောင်လေဆိပ်၌ ထိန်းသိမ်းခံခဲ့ရကြောင်း ဝေါင်က ပြောကြားခဲ့သည်။
ယင်းနောက် ဝေါင်သည် နောက်ထပ်ပြည်ပခရီးစဉ်အဖြစ် ဂျာမနီသို့ သွားရောက်ရန် ကြိုးစားခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်သို့ သွားရန်လည်း စီစဉ်ထားသည်။
သို့သော် ၎င်းအား ထိန်းသိမ်းမှုသည် လုပ်ထုံးလုပ်နည်းအရ အမှားအယွင်းတစ်ခုဖြစ်ကြောင်း ပေါ်ထွက်လာခဲ့ပြီးနောက် တရားရုံးက ဝေါင်အား ပြန်လွှတ်ပေးခဲ့သည်။ ဝေါင်အား ပေးထားသော အာမခံစည်းမျဉ်းများအရ ၎င်းဖမ်းဆီးမခံရမီက စီစဉ်ထားပြီးဖြစ်သည့် မည်သည့်ပြည်ပခရီးစဉ်ကိုမဆို သွားရောက်နိုင်မည်ဖြစ်ကြောင်း ဟောင်ကောင်သတင်းဌာန RTHK က ဖော်ပြခဲ့သည်။
ဟောင်ကောင်မှ မထွက်ခွာမီ ဝေါင်က ၎င်းအား စက်တင်ဘာ ၈ ရက်ည၌ ထိန်းသိမ်းမှုသည် လုံးဝ လက်သင့်ခံစရာမကောင်းဘဲ ကျိုးကြောင်းဆီလျော်မှုလည်းမရှိကြောင်း Twitter တွင် ဝေဖန်ရေးသားခဲ့သည်။ ဝေါင်က သူသည် ဂျာမနီတွင် ပါတီမျိုးစုံမှ နိုင်ငံရေးသမားများနှင့် တွေ့ဆုံရန်အပြင် ဘာလင်၏ Humboldt တက္ကသိုလ်၌ စကားပြောရန်လည်း စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
ဝေါင်သည် အမေရိကန်သို့လည်း သွားရောက်မည်ဖြစ်ပြီး စက်တင်ဘာနှောင်းပိုင်းတွင် ပြန်လာမည်ဖြစ်ကြောင်း ၎င်း၏ပါတီက ထုတ်ပြန်ခဲ့သော်လည်း ခရီးစဉ်အသေးစိတ်ကိုမူ မထုတ်ပြန်ခဲ့ပေ။
ဝေါင်သည် အသက် ၁၂ နှစ်အရွယ်သာရှိသေးချိန်တွင် တက်ကြွလှုပ်ရှားသူအဖြစ် စတင်လုပ်ဆောင်ခဲ့ပြီး ပေကျင်း၏ မည်သည့်အလျှော့ပေးမှုမျှ မရရှိခဲ့သော ၂၀၁၄ ခုနှစ် ထီးလှုပ်ရှားမှု ဆန္ဒပြမှုတွင် ထင်ရှားသော လူငယ်ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ ထိုဆန္ဒပြမှုများတွင် ပါဝင်ခဲ့မှုအတွက်လည်း ဝေါင်သည် ထောင်ဒဏ်ကျခံခဲ့ရဖူးသည်။
စက်တင်ဘာ ၈ ရက်တွင် ဒီမိုကရေစီ လိုလားသော တက်ကြွလှုပ်ရှားသူများက တရုတ်အား နိုင်ငံတကာ၏ ဖိအားပေးမှု မြင့်တက်စေရန်အတွက် အမေရိကန်ကောင်စစ်ဝန်ရုံးသို့ ချီတက်ခဲ့ကြသည်။ သို့သော် သဘောထားတင်းမာသည့် ဆန္ဒပြသူများသည် နောက်ပိုင်းတွင် မြို့တစ်ဝန်း၌ အဓိကရုဏ်းနှိမ်နင်းရေးရဲများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ကြသည်။
ဆန္ဒပြလူအုပ်ကြီးသည် အမေရိကန်ကောင်စစ်ဝန်ရုံးအနီး နာရီအနည်းငယ်ကြာ နေခဲ့ကြပြီး အချို့က အမေရိကန်အလံများ ဝှေ့ယမ်းခဲ့ကြကာ အချို့ကလည်း ဟောင်ကောင်အား လွတ်မြောက်ရေးအတွက် လုပ်ဆောင်ပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား တောင်းဆိုခဲ့ကြသည်။














