အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဖာဆိုင်တိုက်ခတ်မှုကြောင့် တိုကျိုတွင် လူနှစ်ဦးသေဆုံး

အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဖာဆိုင်တိုက်ခတ်မှုကြောင့် တိုကျိုတွင် လူနှစ်ဦးသေဆုံး
 မုန်တိုင်းကြောင့် တိုကျို၏ ဟာနီဒါလေဆိပ်မှ ကားရပ်နားသည့်နေရာတွင် ပျက်စီးနေမှုကို တွေ့ရစဉ်
မုန်တိုင်းကြောင့် တိုကျို၏ ဟာနီဒါလေဆိပ်မှ ကားရပ်နားသည့်နေရာတွင် ပျက်စီးနေမှုကို တွေ့ရစဉ်
Published 9 September 2019
Ref: AFP

အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဖာဆိုင်သည် လေပြင်းများနှင့်အတူ တိုကျိုမြို့သို့ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ တိုင်ဖွန်းဖာဆိုင်သည် တစ်နာရီလျှင် လေတိုက်နှုန်း ၂၀၇ ကီလိုမီတာ (၁၂၉ မိုင်) ဖြင့် တိုကျိုမြို့အရှေ့ဘက် ချီဘာစီရင်စုကုန်းတွင်းပိုင်းသို့ အရုဏ်တက်ချိန်မတိုင်မီတွင် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

တိုင်ဖွန်းမဝင်ရောက်မီကတည်းက တိုကျိုရှိ ကျည်ဆန်ရထားပြေးဆွဲမှုများကို ဆိုင်းငံ့ထားပြီး လေကြောင်းခရီးစဉ် ၁၀၀ ကျော်ကိုလည်း ဖျက်သိမ်းထားသည်။

မုန်တိုင်းကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဆိုင်းငံ့၊ ဖျက်သိမ်းခဲ့ရမှုသည် အောက်တိုဘာ ၂၀ တွင် ဂျပန်၌ကျင်းပမည့် Ruby ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ သီတင်းပတ်နှစ်ပတ်အလိုတွင် လုပ်ဆောင်ခဲ့ခြင်းကြောင့် ပြိုင်ပွဲဝင် သြစတြေးလျအဖွဲ့၏ ဂျပန်ခရီးစဉ်မှာလည်း နှောင့်နှေးကြန့်ကြာခဲ့ကြောင်း သိရသည်။

မုန်တိုင်းတိုက်ခတ်မှုအတွင်း တိုကျိုမြို့၌ အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးနှင့် ချီဘာစီရင်စု၌ သက်ကြီးပိုင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း Kyodo သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

လူ ၃၄၀၀၀၀ နီးပါးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားထားချက်များကို နံနက် ၈ ရက်နာရီအချိန်အထိ ထုတ်ပြန်ထားဆဲဖြစ်ကာ ခိုလှုံရေးစခန်းများတွင် လူ ၂၀၀၀ ကျော် ခိုလှုံနေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

လေပြင်းများတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျခြင်း၊ လျှပ်စစ်ဓာတ်ကြိုးများ    ပြတ်တောက်ခြင်းတို့ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၉ ရက် နံနက်ခင်းတွင် တိုကျိုမြို့ရှိ အိမ် ခြေ ၉၁၀၀၀၀ မှာ လျှပ်စစ်မီးပြတ်တောက်နေကြောင်း၊ ရှီဇူကာစီရင်စုတွင် မှန်ပြတင်းများ ကွဲခြင်းနှင့်အတူ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ပြီး ကားများသည်လည်း ဘေးတိုက်လန်နေကြောင်း NHK သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

တိုကျိုမြို့တစ်နေရာတွင် ဆောက်လက်စ အဆောက်အအုံကို ထောက်ထားသောငြမ်းမှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် တစ်စတစ်စ ပြုတ်ထွက်နေပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အပျက်အစီးများ လမ်းပေါ်သို့မကျစေရန် ကာကွယ်ပေးထားသည့် သံပြားအကာအရံပျက်စီးနေသည်ကို သတင်းရုပ်သံတွင် တွေ့မြင်ခဲ့ရသည်။

မုန်တိုင်းကြောင့် မြေအောက်ရထားပြေးဆွဲမှုများကို ဆိုင်းငံ့ခြင်းနှင့် ခရီးစဉ်ကြန့်ကြာခြင်းတို့ဖြစ်ပွားခဲ့ရာ လူ ၃၆ သန်းကျော် နေထိုင်သည့် တိုကျိုတွင် မြေအောက်ရထား ဘူတာအချို့၌ လူများပြည့်ကျပ်နေခဲ့သည်။ မုန်တိုင်းဝင်ရောက်စဉ်အတွင်း ရပ်ဆိုင်းထားခဲ့သည့် ကျည်ဆန်ရထားဝန်ဆောင်မှုများကို ပြန်လည်ပြေးဆွဲနေပြီဖြစ်သော်လည်း ရထားပြေးဆွဲမှုအချို့ကို ခရီးစဉ်လျှော့ချထားသည်။

စက်တင်ဘာ ၉ ရက် မွန်းတည့်ချိန် မတိုင်မီတွင် တိုင်ဖွန်းဖာဆိုင်သည် ဂျပန်မှ ဆုတ်ခွာသွားခဲ့ပြီး အရှေ့မြောက်လားရာအတိုင်း ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ပြန်လည်ဦးတည်ရွေ့လျားခဲ့သည်။ ချီဘာစီရင်စုနှင့် ဖူကူရှီးမားဒေသမြောက်ပိုင်းတွင် မြေပြိုမှုများ ဖြစ်ပွားလာနိုင်ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ထားသည်။ ဂျပန်နိုင်ငံသည် နွေရာသီနှောင်းပိုင်းနှင့် ဆောင်းဦးရာသီကာလအတွင်း အပူပိုင်းမုန်တိုင်းများ၊ တိုင်ဖွန်းမုန်တိုင်းများ ဝင်ရောက်တိုက်ခတ်မှုနှင့် ကြုံရလေ့ရှိသည်။    

 

 

Most Read

Most Recent