အိန္ဒိယပြည်ထဲရေးဝန်ကြီးက ၎င်းတို့အစိုးရအဖွဲ့သည် နိုင်ငံအတွင်း ခိုးဝင်လာသူ တစ်ဦးတစ်ယောက်ကိုမျှ နေထိုင်ခွင့်ပြုမည်မဟုတ်ဟု စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ လူပေါင်းနှစ်သန်းနီးပါးကို ဖယ်ထုတ်ခဲ့သောကြောင့် အုတ်အုတ်ကျက်ကျက်ဖြစ်ခဲ့ရသည့် အငြင်းပွားဖွယ် နိုင်ငံသားမှတ်ပုံတင်စာရင်းကို ကြေညာခဲ့ရာ အာသံပြည်နယ်သို့သွားရောက်စဉ် ဝန်ကြီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအာဏာရ ဟိန္ဒူအမျိုးသားရေး ၀ါဒီဘီဂျေပီပါတီအတွက် မွတ်စလင်များကို မောင်းထုတ်ရန် အကြောင်းပြခြင်းဖြစ်မည်ကို စိုးရိမ်ခဲ့သည့် ယင်းမှတ်ပုံတင်စာရင်းသည် မွတ်စလင်အများအပြားကိုသာမက ဘီဂျေပီပါတီ၏ မဲရရှိရန် ရင်းမြစ်ကြီးဖြစ်သော ဟိန္ဒူများကိုပါ ပိတ်မိသွားစေခဲ့သည်။
ယင်းစာရင်း၌ ချန်လှပ်ခြင်းခံခဲ့ရသည့် ဟိန္ဒူများနှင့်ပတ်သက်၍ ဒေသခံဘီဂျေပီပါ တီခေါင်းဆောင်များထံမှ ကန့်ကွက်သံများ ထွက်ပေါ်လာသော်လည်း ပါတီမှ အကြီးတန်းပုဂ္ဂိုလ်များက သြဂုတ် ၃၀ ရက်က ထုတ် ပြန်ခဲ့သော စာရင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် လက်ရှောင်ခဲ့ကြသည်။
ပြည်ထဲရေးဝန်ကြီးဌာနသည် ဝန်ကြီးအမစ်ရှားကို အရှေ့မြောက်ပိုင်းပြည်နယ်၌ တစ်ဖက်လှည့်ဖြင့် မိန့်ခွန်းပြောကြားစေခဲ့ရာ “လုပ်ငန်းစဉ်ကို အချိန်နှင့်တစ်ပြေးညီ အပြီးသတ်နိုင်ခဲ့ခြင်းကို ကျေနပ်ကြောင်း” ၎င်းက ပြောကြားခဲ့သည်။
“ရှားက အစိုးရအဖွဲ့သည် နိုင်ငံအတွင်း ခိုးဝင်လာသူ တစ်ဦးတစ်ယောက်ကိုမျှ ပြန်လည်နေထိုင်ခွင့်ပြုမည် မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်” ဟု ပြည်ထဲရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဝန်ကြီးချုပ် နရင်ဒရာမိုဒီ၏ အစိုးရအဖွဲ့က ယင်းသည် ပြည်တွင်းသို့ ခိုးဝင်လာသူများကို ရှင်းလင်းရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားလျက် နိုင်ငံသားမှတ်ပုံတင် NRC စာရင်း ထုတ်ပြန်ခြင်းလုပ်ငန်းစဉ်ကို ကျောထောက်နောက်ခံပြုပေးခဲ့သည်။
မိုဒီ၏ ညာလက်ရုံးဖြစ်သော အမစ်ရှားက အိန္ဒိယသည် နိုင်ငံကို ခြကောင်များကဲ့သို့ ၀ါးစားနေသော ခိုးဝင်လာသူများကို ဆန့်ကျင်အရေးယူရမည်ဟု ယခင်က ပြောကြားခဲ့ဖူးသည်။
အစိုးရအား ယခုစာရင်း၌ ဖယ်ထုတ်ခံထားရသည့် နိုင်ငံသားအစစ်အမှန်ဖြစ်သည်ဟု ဆိုနိုင်သူများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးသော ဥပဒေပြဋ္ဌာန်းခိုင်းရန် ဒေသခံဘီဂျေပီပါတီခေါင်းဆောင်များက အမစ်ရှားအား ၎င်းရောက်ရှိနေစဉ်အတွင်း ဖိအားပေးကြလိမ့်မည်ဟု မျှော်လင့်ရသည်။
အဆိုပါစာရင်း၌ လူများကို မည်သို့မည်ပုံနှင့် အဘယ်ကြောင့် ထည့်သွင်းခြင်း သို့မဟုတ် ထုတ်ပယ်ခြင်းတို့ ပြုလုပ်သနည်းဟူသော မေးခွန်းများအတွက် ရှင်းလင်းသည့် အဖြေမရှိသော်လည်း ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ တောင်လိုပုံနေသည့်အကြား ဗျူရိုကရေစီဆိုင်ရာ အလွဲများက အကြောင်းခြင်းရာတစ်ရပ် ဖြစ်ပုံရသည်။
လူဦးရေ ၃၃ သန်းရှိသည့် ဆင်းရဲပြီး အထီးကျန်ဆန်သည့် ပြည်နယ်ဖြစ်သော အာသံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်က အကြီးအကျယ် ၀ိုင်းရံထားပြီး ရွှေ့ပြောင်းအခြေချသူများ တဖွဲဖွဲ ဝင်ရောက်လျက်ရှိရာ နေရာဟု ယူဆထားခဲ့သည်မှာ ကာလကြာရှည်လှပြီဖြစ်ကြောင်း သိရသည်။














