အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခဲ့သော်လည်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့အား အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မကြေညာသည့်အတွက် ကံကောင်းပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာပါက ဆွေးနွေးပွဲစားပွဲပေါ်သို့ လာ၍မရတော့ကြောင်း PNLO နာယက ပြောကြား

အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခဲ့သော်လည်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့အား အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မကြေညာသည့်အတွက် ကံကောင်းပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာပါက ဆွေးနွေးပွဲစားပွဲပေါ်သို့ လာ၍မရတော့ကြောင်း PNLO နာယက ပြောကြား
သထုံမြို့၌ စက်တင်ဘာ ၇ ရက်ကပြုလုပ်သည့် ပအိုဝ်းအမျိုးသားလူငယ်ညီလာခံ (မွန်ပြည်နယ်) ဖွင့်ပွဲအပြီးတွင် PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားစဉ် (Photo: Khun Wai Yan Phyo))
သထုံမြို့၌ စက်တင်ဘာ ၇ ရက်ကပြုလုပ်သည့် ပအိုဝ်းအမျိုးသားလူငယ်ညီလာခံ (မွန်ပြည်နယ်) ဖွင့်ပွဲအပြီးတွင် PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားစဉ် (Photo: Khun Wai Yan Phyo))
Published 7 September 2019
ဘိုဘိုမြင့်

အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခဲ့သော်လည်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အား အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မကြေညာသည့်အတွက် ကံကောင်းပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာပါက ဆွေးနွေးပွဲစားပွဲဝိုင်းသို့ လာ၍မရတော့ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယကဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက စက်တင်ဘာ ၇ ရက် မွန်ပြည်နယ် သထုံမြို့တွင် ကျင်းပခဲ့သည့် ပအိုဝ်းအမျိုးသားလူငယ်ညီလာခံ (မွန်ပြည်နယ်) ဖွင့်ပွဲအခမ်းအနားအပြီး သတင်းမီဒီယာသမားများအား ပြောကြားခဲ့သည်။

“အခု ကျွန်တော်တို ့မြောက်ပိုင်းသုံးဖွဲ့ပေါ့။ ကချင် မပါပါဘူး။ “၀” မပါဘူး။ “၀” နဲ့ ကချင်က စစ်ရေးအရ သူတို့နဲ့မဆိုင်ဘူးလို့ ကြေညာလိုက်တော့ သူတို့လွတ်သွားတယ်။ အဲဒီသုံးဖွဲ့ကတော့ (၁) ကတော့ ပစ်မှတ်အပျော့ကို ပစ်တာပေါ့။ ဘာမှခုခံမှုမရှိတဲ့နေရာကို တိုက်တယ်ပေါ့။ နောက်တစ်ခုက နံပါတ် (၂)က အရပ်သားပစ်မှတ်ကို ပစ်တယ်ပေါ့။ အဲဒါကတော့ ပစ်မှတ်အပျော့မှာ ပိုပျော့တာပေါ့ဗျာ။ အရပ်သားဆိုတော့ ဘာမှမရှိဘူး။ ဟေ့ကောင် ကားပေါ်ကဆင်း။ သွား။ ကားကို မီးရှို့။ အဲဒါက စစ်တိုက်တာမှမဟုတ်ပဲ။ ရိုးရိုးအရပ်သားတွေကို နှိပ်စက်တဲ့ဟာ။ နံပါတ်(၃)က နိုင်ငံတကာ၊ ဂျီနီဗာကွန်ဗင်းရှင်းက ပြောထားတယ်။ လူနာတင်ကားတို့၊ လူနာတင်ယာဉ်တို့၊ ကယ်ဆယ်ရေးယာဉ်တို့ကို မပစ်ရဘူး။ ဒါက ကမ္ဘာသုံး။ အခုက လူနာတင်ယာဉ်တွေကို စောင့်ပစ်တယ်။ ကယ်ဆယ်ရေးအဖွဲ့က လူတွေသေတယ်။ အဲဒါကတော့ များသွားတယ်။ ပုံပျက်သွားတယ်ပေါ့” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

ထိုသို့ ပုံပျက်သွားသည်ကို ပြန်၍ ကုစားရန်လိုကြောင်း၊ ပြန်လည်ကုသနည်းသည်လည်း ကျိုင်းတုံတွင် တွေ့ဆုံသည့်ပွဲပျက်သွားပါက ကု၍မရတော့ကြောင်း၊ ကျိုင်းတုံတွေ့ ဆုံပွဲပြီးနောက် စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တွင် ပြန်လည်တွေ့ဆုံရန် ချိန်းထားသဖြင့် မည်သို့ပြန်လည်ကုမည်ဆိုသည်ကို အများက စောင့်ကြည့်နေကြကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

“ဒါပေမဲ့ အခုအချိန်အထိ ကံကောင်းတာက ဥပဒေကြောင်းအရကြည့်ရင် ကံကောင်းတာက လုပ်တဲ့အလုပ်က လူနာတင်ယာဉ်တွေ ပစ်တာတို့၊ အရပ်သားတွေကို ပစ်မှတ်ထားတာတို့ လုပ်တဲ့အလုပ်က အကြမ်းဖက်အလုပ်လို့ အစိုးရလည်းပြောတယ်။ အကြမ်းဖက်တဲ့အလုပ်တွေဖြစ်တယ်။ သို့သော် ကံကောင်းတာက အဖွဲ့အစည်းကို အကြမ်းဖက်အဖွဲ့အစည်းလို ့မကြေညာဘူး။ အဲဒါအများကြီး ကွာတယ်။ လုပ်တဲ့အလုပ်က အကြမ်းဖက်အလုပ်ဖြစ်ပေမဲ့ အဖွဲ့အစည်းကို အကြမ်းဖက်အဖွဲ့အစည်းလို့ မကြေညာဘူးဆိုရင် အများကြီးသက်သာတယ်။ ဥပဒေကြောင်းအရ ဒီအဖွဲ့တွေဟာ အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေညာလိုက်ရင် အဲဒီကြေညာချက်ကို လွှတ်တော်ကလည်း အတည်ပြုလိုက်ရင် စကားပြောလို့မရတော့ဘူး။ စားပွဲပေါ်ကို လာလို့မရတော့ဘူး။ အကြမ်းဖက်အဖွဲ့အစည်းက စကားပြောရမယ့် အဖွဲ့အစည်းမှ မဟုတ်ပဲ။ စားပွဲပေါ်ပြန်လာလို့မရင် ဘာလုပ်မလဲ။ တိုက်ဖို့ပဲရှိတော့မယ်” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

အကြမ်းဖက်အဖွဲ့အစည်းအဆင့်သို့ မရောက်သေးသည်မှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေဖြင့် ကံကောင်းကြောင်း၊ ထိုသို့ သတ်မှတ်ချက်ကို ဥပဒေအရလုပ်လိုက်ပါက ပြန်လမ်းမရှိတော့ကြောင်း ၎င်းကဆိုသည်။

“ISIS bကမ္ဘာ့အကြမ်းဖက်အဖွဲ့အစည်း။ အယ်ကေးဒါးက ကမ္ဘာ့အကြမ်းဖက်အဖွဲ့အစည်း။ ဖိလစ်ပိုင်မှာဆိုရင် အဘူဆာရပ်ဆိုတဲ့ အကောင်က အကြမ်းဖက်အဖွဲ့အစည်း။ အဲဒီလို အကြမ်းဖက်အဖွဲ့အစည်းလိုင်းထဲ ဝင်သွားရင် ပြန်လမ်းမရှိဘူး။ သွားပေတော့။ ဖျက်နိုင်သမျှ ဖျက်လေ။ တစ်ဖက်ကလည်း တိုက်နိုင်သလောက် တိုက်မယ်။ ရောက်တဲ့နေရာကို ဘယ်အစိုးရမဆို ဖမ်းမှာပဲ။ အဲဒီလို ဖြစ်သွားမယ်။ ကိုယ့်ဆရာတွေက ကံကောင်းထောက်မသွားတာက အကြမ်းဖက်အဖွဲ့အစည်းအဆင့်ကို မရောက်ဘူး။ နည်းနည်းလေးပဲ လိုတယ်။ ဒါပေမဲ့ အလုပ်တွေက အကြမ်းဖက်တဲ့ အလုပ်တွေလို့ ပြောလို့ရတယ်။ အဖွဲ့အစည်းက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မရောက်သေးဘူး။ အဲဒါလေးပါပဲ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

ညီနောင်မဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဖြစ်သည့် ရခိုင်လက်နက်ကိုင်အဖွဲ့၊ တအာင်းလက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင် အဖွဲ့တို့သည် သြဂုတ် ၁၅ ရက်တွင် ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အား ပစ်ခတ်တိုက်ခိုက်ခြင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များ၊ မူးယစ်ဆေးဝါးစစ်ဆေးရေး X- Ray စက်၊ ဂုတ်တွင်းတံတားရဲကင်းစခန်းနှင့် ဂုတ်တွင်းတံတားတို့အား တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ရှမ်းပြည်မြောက်ပိုင်း မန္တလေး -မူဆယ် ပြည်ထောင်စုလမ်းမပေါ်တွင် သြဂုတ် ၁၅ ရက်နောက်ပိုင်းမှစတင်၍ တံတားအချို့အား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခရီးသွားမော်တော်ယာဉ်များအား မီးရှို့ခြင်း၊ ကားဘီးများ ဖောက်ခြင်းတို့ပြုလုပ်၍ ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်အောင် ဆောင်ရွက်သဖြင့် တပ်မတော်နှင့် ၎င်းသုံးဖွဲ့အကြား ထိတွေ့ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး ပြည်ထောင်စုလမ်းမကြီး၏ လုံခြုံရေးအခြေအနေများ တည်ငြိမ်မှုမရှိသေးပေ။

 

 

Most Read

Most Recent