One Championship နှင့် ၁၀ ပွဲထပ်မံထိုးသတ်ရန် အောင်လအန်ဆန် စာချုပ်လက်မှတ်ရေးထိုး

One Championship နှင့် ၁၀ ပွဲထပ်မံထိုးသတ်ရန် အောင်လအန်ဆန် စာချုပ်လက်မှတ်ရေးထိုး
Photos : Aung La Nsang Facebook
Photos : Aung La Nsang Facebook
Published 7 September 2019

One ၀ိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်သည် One Championship က ကြီးမှူးကျင်းပသည့် MMA ပြိုင်ပွဲ ၁၀ ပွဲတွင် ထပ်မံထိုးသတ်ရန် စာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အောင်လအန်ဆန်သည် One Championship နှင့် ပြိုင်ပွဲ ၁၀ ပွဲ ထပ်မံထိုးသတ်ရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း စက်တင်ဘာ ၄ ရက်တွင် ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

'' One Championshipနဲ့အတူ နောက်ထပ်ပြိုင်ပွဲ ၁၀ ပွဲ လက်တွဲသွားဖို့ စာချုပ်လက်မှတ်ထိုးတဲ့အကြောင်း အားလုံးကို အသိပေးလိုက်ပါတယ်။ ဒါဟာ အရမ်းစိတ်လှုပ်ရှားဖွယ်ရာကောင်းပါတယ်။ One Championship က ဝန်ထမ်းတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီအဖွဲ့ အစည်းနဲ့အတူ တိုးတက်လာခဲ့ပြီး ကျွန်တော့်ကို အခွင့်အရေးတွေပေးခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့အတူတူ ဖော်ဆောင်မယ့် ခမ်းနားတဲ့အနာဂတ်အတွက် သည်လက်တွဲမှုဟာ ကနဦးအစပဲဖြစ်ပါတယ်''ဟု အောင်လအန်ဆန်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ပြိုင်ပွဲနှစ်ပွဲသာ ထိုးသတ် မည်ဖြစ်ပြီး ပထမပွဲကို မတ် ၃၁ ရက်က ဂျပန်နိုင်ငံ၌ ထိုးသတ်ခဲ့သည်။

ဒုတိယပွဲကိုလည်း ဂျပန်နိုင်ငံ၌ပင် အောက်တိုဘာ ၁၃ ရက်တွင် ထပ်မံထိုးသတ်မည်ဖြစ်သည်။

အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် နှစ်လယ် ပိုင်းမှစတင်ကာ နိုင်ပွဲများဆက်တိုက်ရရှိထားပြီး မတ်လက ထိုးသတ်သည့် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲတွင် ဂျပန်နိုင်ငံသား ဟဆဲဂါ၀ါကို ဒုတိယအချီတွင် အလဲထိုးအနိုင်ရခဲ့သည်။

အောက်တိုဘာတွင် ထိုးသတ်မည့်ပွဲမှာ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲဖြစ်ပြီး ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဘရန်ဒန်ဗီရာ (ဖိလစ် ပိုင်)နှင့် ထိုးသတ်ရမည်ဖြစ်သည်။

အောင်လအန်ဆန်သည် ၂၀၀၅ ခုနှစ်တွင် MMA ပြိုင်ပွဲများ စတင်ထိုးသတ်ခဲ့ပြီး ယခုနှစ် မတ်လအထိ စုစုပေါင်း ၃၅ ပွဲထိုးသတ်ရာ ၂၅ ပွဲနိုင်၊ ၁၀ ပွဲရှုံးနိမ့်ထားသည်။

အောင်လအန်ဆန်အနေဖြင့် နောက်ဆုံးထိုးသတ်ခဲ့သည့် ခြောက်ပွဲဆက်တိုက် အနိုင်ရထားခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် ဇွန်တွင် ဗစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ် ပွဲအဖြစ် ဗစ်တာလီဗစ်ဒက်ရှ် (ရုရှား)၊ နိုဝင်ဘာတွင် အလွတ်တန်းစိန် ခေါ်ပွဲအဖြစ် အန်ဂယ်လာနီ (ဟောင်ကောင်)၊ ၂၀၁၈ ခုနှစ် ဖေဖော် ၀ါရီတွင် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲအဖြစ် မာချာဒို (ဘရာဇီးလ်)၊ ဇွန်တွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် ဟဆဲဂါ၀ါ (ဂျပန်)၊ အောက်တိုဘာတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် ကရာကီ (လက်ဘနွန်)၊ ၂၀၁၉ ခုနှစ် မတ်လတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် ဟဆဲဂါ၀ါ (ဂျပန်) တို့ကို ခြောက်ပွဲဆက်တိုက် အနိုင်ရထားခြင်းဖြစ်သည်။

 

Most Read

Most Recent