အင်တာမီလန်အသင်းသို့ အငှားစာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့သည့် ချီလီတောင်ပံကစားသမား အလက်ဆစ်ဆန်းချက်ဇ်က မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းအတွက် နောင်တမရကြောင်း ပြောကြားခဲ့သည်။
သို့သော် ၎င်းက မန်ယူအသင်းတွင် အောင်မြင်မှုရရန်လုံလောက်သည့် ပွဲကစားခွင့်မရှိခဲ့ဟုလည်း မှတ်ချက်ပြုခဲ့သည်။
(၃၀)နှစ်အရွယ်ရှိ ဆန်းချက်ဇ်သည် မန်ယူအသင်းတွင် (၁၉)လကြာကစားပြီးနောက် အင်တာမီလန်သို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
'' မန်ယူအသင်းသို့ ပြောင်းရွှေ့ခွင့်ရခဲ့လို့ ကျွန်တော် အရမ်းပျော်ခဲ့ပါတယ်။ ဒါကို အမြဲတမ်းပြောခဲ့ပါတယ်။ အဲဒီအသင်းက အင်္ဂလန်မှာ အောင်မြင်မှုအများဆုံးရတဲ့အသင်းပါ။ ကျွန်တော် အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တုန်းက အံ့အားသင့်စရာကောင်းခဲ့ပါတယ်။ အဲဒီမှာလည်း ပျော်ရွှင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မန်ယူအသင်းဟာ ကြီးထွားလာနေပြီး အောင်မြင်မှုရဖို့ အင်အားဖြည့်တင်းမှုတွေ လုပ်နေတာပါ။ ကျွန်တော်လည်း သူတို့နဲ့ပူးပေါင်းပြီး ဆုဖလားတွေရဖို့ အလိုရှိခဲ့ပါတယ်။ မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့တဲ့အတွက် နောင်တရစရာ မရှိပါဘူး''ဟု ဆန်းချက်ဇ်က BBC Sportsသို့ ပြောကြားခဲ့သည်။
ဆန်းချက်ဇ်သည် မန်ယူအသင်းတွင် တစ်ပတ် ပေါင်(၄)သိန်း(ပွဲကစားကြေးနှင့် ဆုကြေးမပါ) ရရှိခဲ့သော်လည်း အသင်းအတွက် ကစားခဲ့သည့် (၄၅)ပွဲတွင် (၅)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
မန်ယူအသင်းတွင် ပွဲကစားခွင့်ပတ်သက်ပြီး ဆန်းချက်ဇ်က '' နိုင်ငံအသင်းအတွက်ကစားရတာ ပျော်တယ်လို့ ထင်ပါတယ်။ မန်ယူအသင်းမှာကစားရတာလည်း ပျော်ရွှင်ခဲ့ပါတယ်။ ဒါပေမဲ့ မိတ်ဆွေတွေကို ကျွန်တော် အမြဲပြောနေကျစကားရှိပါတယ်။ ဒါကတော့ ကျွန်တော် ဘောလုံးကစားချင်တယ် ဆိုတာပါ။ သူတို့ ကစားခိုင်းရင် ကျွန်တော် အကောင်းဆုံးကစားမယ်။ တစ်ခါတစ်ရံမှာ ကျွန်တော် မိနစ်(၆၀)လောက်ကစားရပြီး နောက်ပွဲမှာ မကစားရပါဘူး။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော် မသိပါဘူး'' ဟု ပြောကြားခဲ့သည်။
ဆန်းချက်ဇ်သည် မန်ယူအသင်းတွင် ကစားခွင့်ရသည့် (၇၇)ပွဲအနက် (၃၁)ပွဲ ပွဲထွက်ခွင့်ရပြီး (၁၃)ပွဲသာ ပွဲချိန်ပြည့်ကစားခဲ့ရသည်။