လွတ်မြောက်ခြင်းမရောက်ခင် နေ့များကို ကျော်ဖြတ်ခြင်း

လွတ်မြောက်ခြင်းမရောက်ခင် နေ့များကို ကျော်ဖြတ်ခြင်း
Photo : AI Jazeera
Photo : AI Jazeera
Published 31 August 2019
မြတ်လှိုင်း

(၁)

ဒီနှစ်က မိုးများတဲ့နှစ်လို့ ပြောနိုင်မလား မသိ။ အရင်နှစ်ကနဲ့ သိပ်တော့လည်း မထူးပါ ဘူးလို့ ပြန်တွေးလိုက်မိတယ်။ ဒါပေမဲ့ ဒီနှစ် မိုးရွာ၊ မြစ်ရေတွေ ကြီးပြီး တောင်တွေပြိုကျ တော့ လူတွေ အသေအပျောက်များတာတစ် ခုတော့ ထူးခြားနေပါတယ်။ ဒါလည်း သဘာဝ ဘေးရန်ကြောင့်ထက် လူတွေရဲ့လောဘတွေ ရဲ့အကျိုးဆက်ဆိုးတွေကြောင့်ပါ။ ကျွန်တော့် အတွက်ကတော့ မိုးနေ့တွေကို ဖြတ်ကျော် နေရတာခက်ခဲတယ်လို့ ပြောရမှာပါပဲ။ အိမ်အဝင်လမ်းတိုတိုလေးက မိုးရေတွေနဲ့ ချောနေ တယ်လေ။ လမ်းလျှောက်ရင် လေးခွစတီး တုတ်ကို ထောက်ပြီး တစ်လှမ်းချင်း လျှောက် နေရတော့ အခုမိုးရေတွေနဲ့က ၁၀ လှမ်း လောက်ရှိတဲ့ လမ်းကို မလျှောက်ရဲတော့ဘူး။ ချော်လဲလိုက်ရင် ပိုဆိုးသွားမှာကိုလည်း စိတ် က စိုးရိမ်နေမိတယ်။ နေ့တိုင်း ခုတင်ပေါ်မှာ ထိုင်လိုက်၊ လှဲနေလိုက်နဲ့ပဲ အချိန်တွေ ကုန် နေရတယ်။ အခုနှစ်တွေမှာ လျှပ်စစ်မီးပျက် နေတာလည်း ပိုများတယ်။လျှပ်စစ်မီးမပျက် တဲ့အချိန်တွေမှာတော့ လက်တော့ကွန်ပျူတာ လေး ဖွင့်ပြီး စာတွေ ရေးနေလို့ရသေးတယ်။ မိုးရွာတာ များတယ်ဆိုပေမဲ့လည်း အပြင်မှာ မိုးအေးနေပေမဲ့ ကျွန်တော့်အခန်းကျဉ်းလေး ထဲမှာ လှောင်ပြီး ပူအိုက်နေတတ်တာရယ်၊ မှောင်နေရင် ခြင်ကိုက်တာရယ်ကလည်း ဒုက္ခ တစ်ခု။ ကျွန်တော်ကိုယ်တိုင်ကလည်း အအေး အရသာကို ကြိုက်တတ်တယ်။ အရင် ကျန်း မာရေး မချို့တဲ့ခင်ကာလတွေမှာ ရာသီဥတု အေးတဲ့ ဆောင်းညတွေ၊ မိုးညတွေမှာတောင်  အဲကိုလာ ဖွင့်ထားပြီး စောင်ခေါင်းက ခြုံအိပ် တတ်တဲ့လူလေ။ ပူလောင်မှုဒဏ်ကို သိပ်မခံ နိုင်ဘူး။ အဲဒီတော့ လျှပ်စစ်မီးလာနေချိန်ဆို ပန်ကာ အမြဲဖွင့်ထားတတ်တယ်။ ကျွန်တော့် ဆီ လာလည်ကြတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေ တွေကတော့ အခု ကျွန်တော့်ရဲ့ရောဂါနဲ့ ပန်  ကာလေ မခံသင့်ဘူးဆိုပြီး သတိပေးတတ် ကြပါတယ်။ အိမ်က မိသားစုကတော့ ပန်ကာ လေခံတာ မပြောတော့ပါဘူး။ ကျွန်တော်က မီးပျက်တာကြာပြီး ပန်ကာလေ မခံရရင် စိတ် တွေ တိုနေတတ်တာကို သိနေကြတယ်လေ။ ခက်တာက ကျွန်တော်တို့တိုင်းပြည်ကလည်း ဘယ်အစိုးရတက်တက် လျှပ်စစ်မီး ခဏခဏ ပျက်နေတဲ့ဒဏ်ကို ပြည်သူတွေ ခံစားနေကြရ တယ်။ အစိုးရမဖြစ်ခင်က ပြည်သူတွေကို အ သိမပေးဘဲ မီတာခွန်တက် တောင်းခံတာ အာဏာရှင်စရိုက်လို့ ပြောခဲ့တဲ့သူကို အခု မီတာခွန်တိုးတောင်းခံတာ ပြည်သူတွေ မ ကျေမနပ်ဖြစ်နေကြပြီ။ အခုခေတ်ကလည်း ကတိမတည်တတ်တဲ့ ခေတ်ကြီးဖြစ်နေပြီ မ ဟုတ်လား။တစ်နေ့တစ်နေ့ စိတ်အလိုမကျမှု တွေ၊ စိတ်ဖောက်ခွဲလိုတဲ့ ပေါက်ကွဲမှုတွေကို အတော်သည်းညည်းခံပြီး အချိန်ကုန်အောင် ဖြတ်ကျော်နေရပါတယ်။ ကျွန်တော်တစ် ယောက်တည်းလားဆိုတော့လည်း မဟုတ်ပါဘူး။ လူအများစုကြီးဟာ ဒီလိုနေထိုင်မှုအဆင် မပြေတဲ့နေ့ရက်တွေကို သည်းညည်းခံပြီး ဖြတ်ကျော်နေကြရတာပါ။ ခေတ်စနစ်ရဲ့ လို အပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ကြတဲ့ အခါ လူတွေအများစုကြီးက ဒုက္ခတရားတွေ ရင်ဆိုင်နေကြရမှာပါပဲ။ ကျွန်တော်တို့ သာ မန်လူတွေအနေနဲ့ လောကတစ်ခု သာယာ အောင်၊ နေထိုင်မှု အဆင်ပြေအောင် ဖန်တီး ယူနိုင်ခွင့်မရှိဘူးမဟုတ်လား။ ထားရာနေကြ ရတဲ့ ဘဝတွေကတော့ ဒုက္ခတွေကို ရင်ဆိုင်ပြီး ဖြတ်ကျော်နေကြရတာပါပဲ။ ဒီလိုနေ့ရက်တွေ ကို မေ့ဖျောက်ထားနိုင်ဖို့ ကြိုးစားနေကြရ တယ်။

(၂)

ကျွန်တော်တို့ကိုယ်တိုင် မဖန်တီးနိုင်တဲ့ အတိတ်နေ့ရက်တွေကို ပြန်တွေးမိလိုက် တယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အကြောင်း အရာလေးတစ်ခုပါ။ နိုင်ငံရေးအကျဉ်းသား တစ်ယောက်အနေနဲ့ မြန်မာပြည်မှာ အရက် စက်အကြမ်းတမ်းဆုံးလို့ နာမည်ကြီးတဲ့ မြင်း ခြံထောင်ထဲမှာ နေခဲ့ရတဲ့ နေ့ရက်တွေပေါ့။ ထောင်ထဲက နေ့ရက်တွေဟာ ကိုယ်လိုသလို ဖန်တီးခွင့် ပျောက်ဆုံးနေရတဲ့ ကာလတွေ လို့ ပြောနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ဘဝ ကို ကံကြမ္မာအပေါ်မှာ ပုံချထားခဲ့ရတဲ့နေ့ရက် တွေပေါ့။ ရန်ကုန်အင်းစိန်ထောင်ကနေ မြင်း ခြံထောင်ကို အပြောင်းခံရတဲ့ အချိန်မှာ  ထောင်ကျရက် သုံးနှစ်ကျော်နေခဲ့ပြီးပြီ။ ကျွန် တော့်အရင် ထောင်ကျနေခဲ့တဲ့ နိုုင်ငံရေးအ ကျဉ်းသားတွေကို ကြည့်လိုက်ရင်လည်း စစ် အစိုးရက ထောင်ချလိုက်တဲ့ နှစ်အပြည့်နီးပါး နေပြီးမှ ထောင်က ပြန်လွတ်သွားကြသူတွေ ချည်းပါပဲ။ ကျွန်တော်က ထောင် ၁၀ နှစ်အ ချခံထားရတာဆိုတော့ ပြန်လွက်ရက်က အ တော့်ကိုကြာဦးမယ်။

နိုင်ငံရေးနဲ့ ထောင်ကျသူတွေက ထောင် လျှော့ရက်အနည်းဆုံး (စီ) ကွာပဲ ရတယ်။ ထောင်ကျလျှော့ရက် (အေ) ကွာ၊ (ဘီ) ကွာ၊ (စီ) ကွာ သုံးခုရှိတယ်။ ကျွန်တော်တို့နိုင်ငံရေး အကျဉ်းသားတွေက အနည်းဆုံး (စီ) ကွာပေး တော့ ထောင်ကျရက် ရှစ်နှစ်ကျော် နေရဦး မယ်။ အခုလို အင်မတန် ရက်စက်ကျပ်တည်း စွာ အုပ်ချုပ်ခံနေရတဲ့ ဘဝနေ့ရက်တွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာ အရေးကြီး လာခဲ့တယ်။ နာဇီအကျဉ်းထောင်လို့ တင်စား ခေါ်ဝေါ်နေကြတဲ့ မြင်းခြံထောင်ထဲမှာ ရူး ကြောင်ကြောင်ဖြစ်သွားတဲ့ သူတွေ၊ ကိုယ့် ကိုယ်ကိုယ် ဆွဲကြိုးချပြီး သေသွားတဲ့ သူတွေ ကိုလည်း တွေ့နေရတယ်။

ကျွန်တော် အရင်ဆုံး စိတ်တည်ငြိမ်မှု ရအောင် တရားထိုင်ဖို့ ကြိုးစားလိုက်တယ်။ မြင်းခြံထောင်မှာ မန္တလေး ၈၈ လူထုအရေး တော်ပုံမှာ ထောင်သေဒဏ်ကျနေတဲ့ ရဟန်း ပျိုသမဂ္ဂဥက္ကဋ္ဌဆရာတော်ဦးကာဝိရနဲ့ အောင် ဆန်းကြယ်နီစစ်ကြောင်းခေါင်းဆောင် ဆရာ တော်ဦးကလျာဏ နှစ်ပါးရှိတယ်။ ဦးကာဝိရ ကတော့ စစ်အာဏာရှင်စနစ်ကို တင်းတင်း မာမာ ဆန့်ကျင်နေတဲ့အတွက် အကျဉ်းခန်းထဲ မှာ ပိတ်ထားခံနေရတယ်။ ဦးကလျာဏက တော့ ထောင်ထဲမှာ အသက်ရှင်သန်အောင် ပျော့ပြောင်းမှုကို ပြတာကြောင့် နိုင်ငံရေးအ ကျဉ်းသားတွေထားတဲ့ တိုက်ထဲမှာ အမြဲစိမ်း အဖြစ် အပြင်ထွက်ခွင့်ရထားတယ်။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ တိုက်ခန်းတွေကို မနက် တစ်ကြိမ်၊ ညနေတစ်ကြိမ် သောက်ရေအိုးတွေ ရေဖြည့်ပေးရတဲ့ အလုပ်လုပ်ရတယ်။

ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသား တွေကို တစ်ခန်းနဲ့ တစ်ခန်း ဆက်သွယ်လို့မရ အောင် တင်းတင်းကျပ်ကျပ် တားဆီးပိတ်ပင် ထားတယ်။ အဲဒီလို အင်မတန်တင်းကျပ်တဲ့ အခြေအနေမှာ ဦးကလျာဏက တစ်ခန်းနဲ့ တစ်ခန်း သတင်းအပေးအယူ လုပ်ပေးတယ်။ ဦးကလျာဏကိုယ်တိုင်လည်း စွန့်စားရတာပါ။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထောင်လုပ်သား (အမြဲစိမ်း)တွေကို လုံးဝ စကားပြောခွင့် မပြု ထားပါဘူး။ ဦးကလျာဏကတော့ လျှို့ဝှက် ဆက်သွယ်ရေးဆက်သားတာဝန်ကို ကျေသ လို၊ အကျပ်တည်းဆုံး ထောင်အကျဉ်းစခန်း ထဲမှာ ဘယ်လိုနေထိုင်သင့်တယ်ဆိုတာတွေ ကို အလျဉ်းသင့်တိုင်း အာဏာပိုင်တွေ မသိ အောင် အမြဲအကြံပေးတတ်ပါတယ်။ ကျွန် တော့်ကိုလည်း တရားဘယ်လိုထိုင်ရမယ်ဆို တာ ပြောပြပါတယ်။ ကျွန်တော့်ရဲ့ မြင်းခြံ ထောင်မှာနေခဲ့ရတဲ့ နေ့ရက်တွေကို တရား ထိုင်ခြင်းနဲ့ ဖြတ်ကျော်ခဲ့ရပါတယ်။

(၃)

ကျွန်တော့်ရဲ့ ၀ါသနာတစ်ခုကလည်း ထောင်ထဲက အချိန်တွေကို မေ့မေ့ပျောက် ပျောက် ကုန်လွန်စေခဲ့ပါတယ်။ အဲဒါကတော့ တိရစ္ဆာန်လေးတွေ မွေးမြူတတ်တဲ့ အကျင့် ၀ါသနာပါ။ တစ်နေ့ လေပြင်းတွေ တိုက်လို့ ထောင်ခေါင်မိုးပေါ်က ကျလာတဲ့ စာကလေး ပေါက်စလေးတွေကို ထောင်စည်းကမ်းထိန်း တစ်ယောက်က ယူလာပေးပါတယ်။ အဲဒီမှာ အမွေးမပေါက်သေးတဲ့ အာခေါင်နီစာပေါက် စလေးကို ရှင်သန်အောင် အစာခွံ့ကျွေးပြီး မွေးရတယ်။ အဲဒီလို တိရစ္ဆာန်လေးတွေကို ရှင်သန်လာအောင် မွေးရတာကို ပျော်နေ တတ်ပါတယ်။ သူတို့ မပျံနိုင်သေးခင် အခန်း တွင်းမှာ ခုန်ဆွခုန်ဆွနဲ့ သွားလာနေတတ်တာ ကို ကြည့်ရင်း သဘောကျနေတတ်တယ်။ စာ ကလေးတွေ အမွေးအတောင်စုံလာတဲ့ အချိန် မှာ “ပြွတ်ပြွတ်”ဆိုပြီး နှုတ်ခမ်းကို စုတ်သပ် ခေါ်လိုက်ရင် ကျွန်တော့်ပခုံးပေါ်ကို အမြန် ပျံလာပြီး နားနေတတ်တာတွေကို ထောင်ဝါ ဒါတွေ၊ တန်းစီးစည်းကမ်းထိန်းတွေက ကြည့် ပြီး သဘောကျနေကြတယ်။ ကျွန်တော့်ပခုံး ပေါ်မှာ နားပြီး ကျွန်တော့်ပါးစပ်နှုတ်ခမ်းထဲ ကို သူတို့နှုတ်သီးချွန်ချွန်လေး ထိုးပြီး တံတွေး စုတ်ယူနေတတ်ပါတယ်။ ဒါပေမဲ့ စာကလေး တွေ ပျံတတ်ချိန်မှာတော့ နှစ်ခါသုံးခါလောက် ပြန်လာတတ်ပြီး နောက် ပျောက်သွားကြ တယ်။ ကျွန်တော်ရဲ့ ထောင်ထဲနေ့တွေအ တော်များများမှာတော့ စာပေါက်စလေးတွေ ရှင်အောင် မွေးလိုက်၊ အတောင်စုံလို့ အပြင် လောကကို ပျံသွားရင် လွမ်းပြီး ကျန်ရစ်ခဲ့လိုက် နဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်ခဲ့ရတယ်။ စာကလေးတွေက ကျွန်တော်နဲ့အတူ နေရ တာ အလွန်ဆုံးတစ်လလောက်ပါပဲ။ စိတ်ထဲ အတော်မကောင်းဖြစ်မိတာကတော့ ဆက် ရက်ပေါက်စလေးကို ရှင်အောင် မွေးခဲ့ရတာ ကိုပါ။ ဆက်ရက်ပေါက်စလေးကနေ အမွေး အတောင် စုံလင်လာဖို့အတွက်က စာက လေးတွေထက် ပိုကြာပါတယ်။ နောက်ပြီး စာကလေးတွေလို အပြင်လောကကို ပျံသွား ပြီး ပြန်မလာတတ်တာမျိုးမဟုတ်ဘူးလို့ ပြော တတ်ကြတယ်။ သခင်ကို ခင်တွယ်တတ်တဲ့ ငှက်မျိုးလို့လည်း ပြောဆိုတတ်ကြတယ်။ ထောင်ထဲမှာ နေရတဲ့အချိန်တွေမှာ ဒီဆက် ရက်လေးက ကျွန်တော့်အဖော်အဖြစ် ရှိနေမှာ ပါလို့ ထင်ခဲ့တယ်။ ဘဝတူအကျဉ်းသားတွေနဲ့ က အမြဲအတူမနေရပါဘူး။ အခန်းပြောင်း သွားတာမျိုး၊ ထောင်က လွတ်ရက်ပြည့်လို့ လွတ်သွားတာမျိုးတွေ အမြဲကြုံတွေ့နေရမှာ ကို သိနေပါတယ်။ ဆက်ရက်လေးဟာ ကျွန် တော့်စကားကို နားလည်တယ် ပြောရမလား မသိ။ ပျံနိုင်တဲ့အရွယ်တော့ မရောက်သေး ပါဘူး။ တောက်တောက် တောက်တောက်၊ ခုန်ဆွ ခုန်ဆွနဲ့ လမ်းလျှောက်တတ်နေပါပြီ။ အခန်းတံခါးဝကနေ အပြင်ကို မျှော်ကြည့်နေ တတ်ပါတယ်။ အဲဒီဆက်ရက်လေးကို ကျွန် တော် သံယောဇဉ်ဖြစ်မိပေမဲ့ အမွေးအတောင် စုံချိန်ရောက်ရင် သူ့သဘာဝအတိုင်း လောကကြီးကို ပျံသွားမှာပါပဲ။ တားဆီးထားလို့မှ မရနိုင်တာပဲ။ တားလည်း မတားချင်ဘူးလေ။ ကျွန်တော်တို့တောင် ထောင်လွတ်ရက်ကို မျှော်လင့်နေကြတာပဲမဟုတ်လား။ ခန္ဓာကိုယ် ပါမက ကိုယ်စိတ်ကိုပါ ချုပ်နှောင်ထားခံထား ရတဲ့ဘဝကို မလိုချင်ကြပါဘူး။ ပြန်လွတ် မြောက်မယ့်ရက်ကို ရေတွက်ပြီး စောင့်မျှော် နေကြရတယ်။ ဆက်ရက်လေးလည်း ပျံတတ် တဲ့အချိန်မှာ ပျံသန်းသွားမှာကို မတားချင် တော့ဘူး။ အတောင်ပံတွေကို ခြေချောင်း လေး ထောက်ပြီး အားယူခတ်နေတတ်ပြီ။ အရှိန်ယူနေတဲ့ အချိန်။ အခန်းအပေါက်ဝ ကနေ တောက်တောက် တောက်တောက်နဲ့ တခြားအခန်းတွေကို လျှောက်လည်နေတတ် ပြီ။ တစ်နေ့မှာတော့ တခြားအခန်းက ပြောင်း ဖူးစေ့တွေ ကျွေးလိုက်တာကို စားပြီး အခန်း ပြန်ရောက်တော့ အန်ပါလေရော။ ရင်ပြည့် ပြီး နေမကောင်းဖြစ်သွားတယ်။ ကျွန်တော်လည်း ခင်မင်တဲ့ စည်းကမ်းထိန်းတစ်ယောက် ကို အစာကြေဆေးတွေ ဝယ်ခိုင်းပြီး တိုက်ပါ သေးတယ်။ ကျွန်တော့်လက်ထဲမှာပဲ သေသွား တယ်။ ကျွန်တော်လည်း အတော်စိတ်ထိခိုက် သွားတယ်။ လူနဲ့ တိရစ္ဆာန်တွေရဲ့ သံယောဇဉ် ကြီးတတ်တာတွေကိုတော့ စာတွေထဲမှာ ဖတ် ဖူးတာ များပါတယ်။ တကယ့်ကိုယ်တွေ့ကြုံ တွေ့လိုက်ရတဲ့အချိန်မှာ တော်တော်စိတ်ထိ ခိုက်သွားမိတယ်။ အဲဒီအချိန်က ထောင်ထဲ မှာနေရတဲ့ ကျဉ်းကျပ်တဲ့ခံစားမှုလည်း ပါနေ မယ်ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော့်ရဲ့ မြင်းခြံထောင်ထဲမှာ အလွန်ကျပ်တည်းတဲ့ နေ့ရက်တွေကိုတော့ မေ့မေ့ပျောက်ပျောက်နဲ့ ကျော်လွန်သွားခဲ့ရပါတယ်။

(၄)

အခုအချိန်မှာလည်း ထောင်ကျနေ့ရက် တွေကို ရောက်နေရသလိုပါပဲ။ ထောင်ထဲမှာ က တစ်နေ့နေ့မှာ ပြန်လွတ်သွားမှာပဲဆိုတဲ့ မျှော်လင့်ချက် အခိုင်အမာရှိနေခဲ့ပါတယ်။ အခုအချိန်မှာတော့ ကိုယ့်မိသားစုလေးရဲ့ အိမ်ကို ပြန်နေရတာတစ်ခုက ကျေနပ်စေပါ တယ်။ ဒါပေမဲ့ ဇရာနဲ့ ကျန်းမာရေးချွတ်ယွင်း ချက်တွေက တဖြည်းဖြည်း မရဏလမ်းဆီကို နီးကပ်အောင် တွန်းပို့နေပါပြီ။ အခန်းကျဉ်း လေးထဲက ခုတင်ပေါ်မှာ အချိန်ပြည့်နီးပါး နေရတဲ့ ကာလတွေဟာ လေးနှစ် ကျော်လာ ခဲ့ပါပြီ။ ဘဝလွတ်မြောက်ခြင်းနေ့ကို ဘယ်အ ချိန် ရောက်လာမလဲဆိုတာကိုပဲ မျှော်လင့်နေ ရပါတယ်။ နောက် ကျွန်တော် ထင်တာက တော့ ကျွန်တော်တို့တိုင်းပြည်ကြီး ဆင်းရဲဒုက္ခ တွေကနေ တော်တော်ကာလကြာအောင် မလွတ်မြောက်နိုင်သေးဘူးဆိုတာကိုပါပဲ။

 

Most Read

Most Recent