ကြယ်တွေကြွေတဲ့ ဂိမ်း

ကြယ်တွေကြွေတဲ့ ဂိမ်း
Photo : Southeart Asia Globe
Photo : Southeart Asia Globe
Published 31 August 2019
မောင်နောင်မွန်

မြင်ကွင်းကတော့ တစ်မျိုးဆန်းသစ်နေသယောင်။ မြင်တဲ့ပုံ ပြောင်းသွားတာလား။ အချိန်ကာလတစ်ခုကြောင့်လားမသိ၊ ဇာတိ ရွာလေးဟာ ကျွန်တော် ရင်းနှီးခဲ့တဲ့ရွာပုံစံနဲ့ တော့ လုံးဝကွဲထွက်နေတယ်။ ရွာလမ်းမပေါ် ခြေချလိုက်တာနဲ့ ရွာရဲ့အငွေ့အသက်က စိတ်ထဲ တိုးဝင်လာခဲ့တယ်။ ဒါပေမဲ့ အရင်လို ရွာဆန်တဲ့ အငွေ့အသက်စစ်စစ်တွေကြား မြို့ပြရဲ့အငွေ့အသက် ခုလုခုလုပါလာနေသ ယောင်။ ရွာဝင်လမ်းကတော့ အရင်အတိုင်း ဖြောင့်စင်းနေဆဲ။

ရွာလေးဆီ မပြန်ဖြစ်တာ အတော်ကြာခဲ့ ပြီ။ ကြာခဲ့ဆို ကျောခိုင်းထွက်သွားပြီးကတည်း က လုံးဝကို မပြန်လာခဲ့မိ၊ ဆယ်စုနှစ်တစ်ခုမက ကြာခဲ့တယ်။ မိဘအိမ်ကို စုံကန်ထွက်သွားသူ သိုးမည်းတစ်ကောင်ရဲ့ အိမ်ပြန်လမ်းက  သတိရစရာတွေအပြည့်။ ကြယ်ပွင့်တွေဖြစ် ချင်လို့  အသိုက်ကနေ ပျံထွက်ခဲ့တဲ့ ပိုးစုန်းကြူး လေးတွေဟာ ကြယ်အသေအလောင်းကောင် တွေအဖြစ် ဒီရွာလေးရဲ့ကောင်းကင်ပြင်ထဲ ပြန်ကြွေရတော့မယ့်အခြေအနေ၊ ဘယ်ဒေသ ရောက်ရောက် မိုးအုံ့လာရင် ရွာလေးဆီ စိတ် က ရောက်နေတာပါပဲ။ ဒါကြောင့် ထင်တယ်။ အိမ်ပြေးတစ်ယောက်ရဲ့အပြန်လမ်းမှာ မိုးရိပ် တွေက နေမင်းရဲ့ပူလောင်မှုကို ခဏ ဖုံးကွယ် ထားပေးခဲ့တယ်။ မျက်နှာပေါ်ထိတွေ့နေတဲ့ လေပြည်အေးမှာ မိုးစက်တွေ ပါနေသယောင်။

အတိတ်ရုပ်ပုံလွှာတွေက ဖြူမည်းပြ ကွက်တစ်ခုလို ပြန်ပြန်ပေါ်လာတယ်။ ရင်းနှီး နေတဲ့မြင်ကွင်းနဲ့ အဖြစ်အပျက်တွေက မျက် ဝန်းထဲ တရေးရေးနဲ့ ရုပ်လုံးကြွလာခဲ့တယ်။ တစ်ချိန်က ဒီလမ်းမတွေပေါ်မှာ လူငယ်သုံး ယောက်ဟာ  လေးညှို့ပေါ်တင်ထားတဲ့ မြား တံတွေလို ခုန်ထွက်ဖို့အသင့်နဲ့ အားမာန်ပြည့် လူငယ်တွေ။ ကျွန်တော်၊ ငပိုင်၊ ငအောင် ဒီသုံး ယောက်ဟာ ကမ္ဘာမြေအနှံ့ကို ဖြန့်ကြက်မယ့် စိတ်ကူးတွေနဲ့ ဆင်းရဲတွင်းနက်နက်ထဲကနေ ရုန်းထကြီးပွားလိုစိတ်အပြည့်နဲ့ ရွက်လွှင့်ဖို့ တွေးနေတဲ့ အိပ်မက်တွေနဲ့ ကျောပိုးအိတ်တစ် လုံးစီ လွယ်ပြီး အပြာမိုးသားတွေဆီ အတောင် ပံတွေ ဆန့်ခဲ့ကြတယ်။ လောကရဲ့ ထောင့် တစ်နေရာမှာ စောင့်ကြိုနေမယ့် ပညာရှိကြီး ကို မှန်းဆရင်း  ကြီးပွားလိုစိတ်အပြည့်နဲ့။ အဲဒီ မှိုင်းတွေက ခုထိ စွဲနေတုန်း။ ကြီးပွားမယ်လို့ ထင်နေကြတုန်း။ ရုပ်ရှင်တွေထဲကလို ဘယ်နှ နှစ်ကြာသော် စာတန်းထိုးပြီး  ဇာတ်ပြောင်း မယ်ထင်နေတုန်း။

သုံးယောက်ပေါင်း မျှော်လင့်ချက်တစ် ခုနဲ့ ကျွန်တော်တို့ဟာ မြို့ုပြရဲ့မာယာတွေကြား  မငတ်ရုံတစ်မယ် နေခဲ့ကြ၊ အသက်မွေးခဲ့ကြ၊ ရုန်းကန်ခဲ့ကြ။ မွေးမြူထားအိပ်မက်ယဲ့ယဲ့ လေး မပျောက်ပျက်သွားဖို့ အားစိုက်ခဲ့ကြ။  တစ်ချိန် အိမ်ပြန်ရင် အောင်ပွဲရစစ်သူကြီးလို ခပ်ကြွားကြွားပြန်နိုင်ဖို့ လောကဓံနဲ့ သူနိုင် ကိုယ်နိုင် စစ်ခင်းနေကြတဲ့ ငမိုက်သားသုံး ယောက်။ ရရာအလုပ်တွေ လုပ်၊ ရသမျှ ပိုက် ဆံတွေ စုပြီး အိမ်နီးချင်းနိုင်ငံလောက် အလုပ် သွားလုပ်နိုင်ဖို့ လမ်းစတွေ ရှာခဲ့ကြ။

အစပိုင်းတော့ လမ်းသင့်ရာ လိုက်ရတာ ပေါ့။ ဒါနဲ့ လမ်းစရိတ် စုမိတော့ ယိုးဒယား ဘက် ရောက်တယ်။ ဆောက်လုပ်ရေးတွေက ကျွန်တော်တို့လို မှောင်ခိုလူတွေအတွက် မတရားကျပ်တော့ အဲဒီက အသိတစ်ယောက်ရဲ့ အဆက်အသွယ်နဲ့ ကရာဘီဘက် ငါးဖမ်းလှေ လိုက်တယ်။ ငါးဖမ်းလှေ လိုက်တယ်ဆိုတာက  ကျွန်တော်တို့ုလို မှောင်ခိုသမားတွေအတွက်  လူလိမ်ခံ၊ ရောင်းစားခံရတဲ့ အဖြစ်တွေမှ လိုက် ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့သုံးယောက် ကတော့ ခပ်ပျော်ပျော်၊ ကိုယ့်သဘောနဲ့ ကိုယ် လိုက်ကြတာပဲ။ လှေပေါ်မှာ လှေသူကြီးက ညစ်ပတ်ရင် ညစ်ပတ်လို့ရတဲ့ အခြေအနေ၊ ပင်လယ်ထဲ ကုန်းမမြင်ကမ်းမမြင်မှာ  လှေ ထိုးသားတွေကို လုပ်အားခမပေးချင်ရင် မ ပေးဘဲ ရေထဲ ကန်ချ၊ ငါးစာကျွေး အစဖျောက် ဖို့ လွယ်တဲ့နေရာဆိုတော့ မလိုက်ချင်ကြတဲ့ နေရာ။ ကျွန်တော်တို့ကတော့ လှေလိုက်မယ်၊ ပိုက်ဆံတွေ စုမယ်၊ ပြီးရင် မလေးရှားဘက် တက်ပြီး ပီနန်က စက်ရုံတွေဆီမှာ အလုပ်လုပ် ကြမယ်စိတ်ကူးနဲ့ လှေပေါ်တက်ခဲ့ကြတယ်။  ငါးဖမ်းလှေဆိုတာက ပင်လယ်ပြင်မှာနေတဲ့ ငါးဖမ်းလှေကြီးနဲ့ ဖမ်းမိတဲ့ ငါးတွေကို ကမ်း ပေါ်သယ်ပို့တဲ့ လှေကလေးတွေ ဆိုပြီး ရှိ တယ်။ သယ်ပို့လှေမှာ လုပ်တဲ့ လူတွေက နည်းနည်းချောင်တာပေါ့။ ပင်လယ်ထဲမှာ ငါးဖမ်းကွက်ရှာ၊ အဲဒီမှာပဲ လှေကို ကျောက်ချ ဖမ်းတဲ့ လှေတွေက ပင်လယ်ထဲ အနည်းဆုံး  သုံးလလောက်ကြာတယ်။ မိုးကုန် အောက်တို ဘာလလယ်ကတည်းက ကမ်းက ထွက်ရင် မတ်၊ ဧပြီလောက်မှာ ကမ်းပြန်ဝင်တာ များ တယ်။ ပြီးတော့ လှေထိုးသားတွေက မိုက်ရူး ရဲဆန်တာတွေ များတယ်။ ဘွာမခတ်တဲ့ ထစ် ခနဲဆို လက်ပါကြတာတွေများတယ်။ အဲဒီမှာ နေရင်း ပင်လယ်ထဲ ပစ်ချ၊ ငါးစာဖြစ်သွားကြ တဲ့သူတွေက အများသား။ အဲဒီတော့ ကိုယ့်အ သက် ကိုယ် ရှည်အောင်မွေးရင်း ကိုယ့်ရိက္ခာ ကိုယ် စု၊ ကျစ်ကျစ်ပါအောင် စုခဲ့ပြီး အခွင့်အ  ရေးကို စောင့်၊ မလေးဘက် တက်ခဲ့တယ်။

မွေးရပ်မြေဆိုတာ နွေးထွေးတဲ့ နေရာ ဆိုတာ အဝေးရောက်မှ နားလည်တယ်။  မတူ ညီတဲ့ဘာသာစကားတွေကြား လူရည်လည် အောင် လုပ်ရင်း မြေခွေးတွေဖြစ်လာခဲ့တယ်။ ပီနန်က အားကစားအကျႌစက်ရုံမှာ ကျွန်တော် အလုပ်ရတယ်။ ငပိုင်က ဖိနပ်စက်ရုံ၊ ငအောင် က မြို့ထဲက ကားဘော်ဒီရုံမှာ။ ကျွန်တော် တို့ နေတာက စက်ရုံဝင်းထဲက ဝန်ထမ်းအိမ် ရာ ကျဉ်းကျဉ်းလေးထဲမှာ၊ ငအောင်က မြို့ထဲ က ဘော်ဒီရုံမှာပဲ။ အဲဒီမှာ နေတုန်း စက်ရုံဝင်း ထဲက ငပိုင်နဲ့ ကျွန်တော်က အဆက်အသွယ် မပြတ်ပေမဲ့ မြို့ထဲ အလုပ်ရတဲ့ ငအောင်နဲ့က အဆက်အသွယ် ကျဲလာတယ်။ နေ့တွေ ရက် တွေ စားလာတော့ မြို့ထဲနေတဲ့ ငအောင်က  စင်ကာပူဘက် ရေလက်ကြားခိုးကူးပြီး ရောက် သွားခဲ့တယ်။ အဲဒီကတည်းကစ ဒီကောင့်သ တင်းလည်း အစအန ပျောက်သွားတာပဲ၊ ခုထိ  မရသေး။ ဖိနပ်စက်ရုံက ငပိုင်ကတော့ မိတ္ထီ လာမှာ ဘာသာရေးအဓိကရုဏ်း ဖြစ်တဲ့အ ချိန် စက်ရုံမှာ အင်ဒိုကကောင် တစ်ကောင်နဲ့ ငြိပြီး ရိုက်ကြတာ ပွဲချင်းပြီးပေါ့။ အဖေခေါ်စ ရာမရှိတဲ့နယ်မြေထဲ ငပိုင်ရဲ့ နောက်ဆုံးခရီး ဟာ သူတို့စက်ရုံက မြန်မာတစ်ယောက်နဲ့ ကျွန်တော်နဲ့ပဲ။ ဒီကောင်ရဲ့နာရေး မီးခိုးခေါင် တိုင်ပေါ်က ထွက်လာတဲ့ မီးခိုးဖြူ ဖြူတွေကို  ငေးကြည့်ရင်း ဒီကောင်တော့ လွတ်မြောက် ရာကို အနိုင်နဲ့ ပိုင်းသွားပြီလို့ ထင်မိတယ်။ ဟိုကောင် ငအောင်လည်း ဘယ်လိုနေမယ် မသိ။ အသက်ရှိသေးလား မရှိလား မသိတဲ့အ ခြေအနေတစ်ခုမှာ  ဒီတိုက်ပွဲကို ကျွန်တော် တစ်ယောက်တည်း ဆက်တိုက်ရတော့မယ့် အဖြစ်။ အဲဒီချိန်မှာ မျက်ရည်ကျမိလား၊ မကျ မိလားတော့ မသိဘူး။ ရွာကိုတော့  ဒီကောင့် ရက်လည်အတွက် သပိတ်သွတ်၊ ဆွမ်းကျွေးဖို့  ဆက်သွယ်ပြီးကတည်းက အဆက်အသွယ် လုံးဝဖြတ်ခဲ့တယ်။ တစ်ကောင်တည်း လေလွင့်ရင်း အသက်မွေးခဲ့။ ပီနန်တစ်ခွင် ရရာ အလုပ်လုပ်ခဲ့။ ပီနန်မြန်မာဘုန်းကြီးကျောင်း က ကျွန်တော့်အတွက် အိပ်စရာနေရာ၊ နားခို ရာပေါ့။ ရွာက ထွက်လာခဲ့တုန်းက စိတ်ကူး တွေက အပြည့်၊ အသက်တွေ တဖြည်းဖြည်း ကြီးလာတော့ လောကဓံဟာ ကိုယ့်ထက်လည် တဲ့ ကြမ်းတဲ့ အကွက်တွေနဲ့ တရစပ် ဖိနှိပ်နေတဲ့ ကစားပွဲကြီး ဖြစ်နေတာပဲ။

မလေးရှားမှာ ရှောင်ရင်း ဖယ်ရင်း အသက်မွေးခဲ့တာ ဆယ်စုနှစ်တစ်ခုကျော် ကြာတော့ သံရုံးအကူအညီနဲ့ ပြန်ခဲ့တယ်။ ရွေး ကောက်ပွဲနီး သန်းခေါင်စာရင်းရှိတဲ့သူတွေ အိမ်ပြန်ခွင့်ပေးတဲ့ အချိန်ဆိုတော့ အိမ်က သန်းခေါင်စာရင်းနဲ့ သံရုံးမှာ တန်းစီ ပြည်ပြန် ခွင့်အတွက် ရွာက ညီမလေး သူ့ချွေးနဲစာနဲ့ စုထားပြီး ပို့ပေးခဲ့တဲ့ လေယာဉ်လက်မှတ်ဖိုးနဲ့  ဇာတိပြည်ကို ရောက်ခဲ့တယ်။ ရောင်စုံလူတွေ ကြား ဇာတိမြေက ဖုန်တလူလူနဲ့ ကြိုဆိုဆဲ။ ကာဗွန်ဒိုင်အောက်ဆိုက်တွေနဲ့ မာယာများ တာကတော့ ဟိုဘက်နိုင်ငံက ကြုံခဲ့ဖူးတဲ့လူ တွေနဲ့ အတူတူဖြစ်လောက်နီးနီးပါပဲ။ ဦးသူ စားတမ်း တောကြီးဥပဒေသတွေက တဖြည်း ဖြည်း အသက်ဝင်လာတဲ့ လောကနိယာမတ ရားတစ်ခုလိုပါပဲ။ လေဆိပ်က ထွက်၊ ရွှေတိဂုံ ဘုရားကို ဦးချ၊ ရရာကားနဲ့ ဇာတိရွာကို ပြန် ခဲ့တယ်။ မိဘအိမ်ဆိုတာက တွေးမိတိုင်း အေးမြနေဆဲနေရာ ဖြစ်နေဆဲ။ ဘဝဆိုတာ ကိုယ် စီစဉ်တဲ့အတိုင်း ကပြခွင့်ရမယ့် ပြဇာတ်တစ် ပုဒ်လို့ ထင်မှတ်ပြီး ရုန်းကန်ဖို့ ထွက်သွားတဲ့ ငှက်ငယ်လိုပေါ့။ အတောင်ညောင်းတော့ လည်း အသိုက်ပြန်လာသလို၊ အားအင်တွေ ချည့်နဲ့နေခဲ့တယ်။

လျှောက်နိုင်သမျှ လမ်းတွေပေါ် လျှောက်ခဲ့တာပဲ။ ကိုယ်ဖောက်နိုင်သလောက် ကိုယ် ဖောက်ခဲ့တာပါပဲ။ ကျွန်တော်တို့လို လူတန်း စားဆိုတာက ဘဝဆိုတာ ရေပေါ် ရေးတဲ့အ ရုပ်တွေလို ပေါ်လိုက်ပျောက်လိုက်၊ မျှော် လင့်ချက်တွေအတွက် စီစဉ်သလိုဖြစ်လာဖို့ဆို တာက ဒုလာဘတရား။ ရွာလမ်းမက သယ် ဆောင်လာတာလား။ ကျွန်တော်က လျှောက် လာတာလား မသဲကွဲချိန်၊ ရွာထိပ်က အိမ်စပ် စပ်လေးကိုမြင်နေရပြီ။ ညနေ နေဝင်ပြီးချိန်မို့ တော်သေးတယ်။ ရွာက ထွက်စလို တစ်ချိန် ချိန် အောင်ပွဲရစစ်သူကြီးတစ်ဦး ရဲဝံ့မော်ကြွား စွာ ပြန်လာမယ်လို့ ကြွေးကြော်ခဲ့တဲ့အဖြစ် ကို ပြန်တွေးပြီး ခနဲ့တဲ့တဲ့ကြည့်ကြမယ့် အ ကြည့်တွေကို အမှောင်နဲ့ တိမ်းရှောင်နိုင်ခဲ့ တယ်။ လောကဓံနဲ့ စီးချင်းပွဲမှာ လက်ဗလာ၊ စိတ်ခွန်အားတစ်ခုတည်းနဲ့ ခံချခဲ့တဲ့ကောင်ရဲ့ ဆုတ်ခွာရာလမ်းဟာ အောင်မြင်ခြင်း၊ ကျရှုံး ခြင်းဆို တာထက် စိတ်မှာရော ခန္ဓာကိုယ်မှာပါ ဒဏ်ရာဒဏ်ချက်အပြည့်နဲ့။ စိတ်ထဲမှာတော့ လက်နက်တွေ ပြန်တပ်ဆင်မယ်၊ တစ်ကျော့ ပြန်တိုက်ဦးမယ်ဆိုတဲ့ ယောက်ျားမာနယဲ့ယဲ့ လေးတော့ ရှိသေးတယ်။

အိမ်ပြန်တဲ့ခရီးတွေထဲ ဒီတစ်ခါ အိမ်ပြန် ခရီးက အပေါ့ဆုံး၊ အတက်ကြွဆုံး။ ဒါပေမဲ့ လောကဓံဆိုတဲ့အရာကို နာကျည်းချက်အ ပြည့်နဲ့ မျက်ရည်တွေ တလိမ့်လိမ့်ကျနေမိ တယ်။ ခုကစားနေတဲ့ PUBG ဂိမ်းထဲကလို ကျွန်တော်တို့သုံးယောက်ဟာ ရွာလေးက အ တူတူခုန်ထွက်ပြီး တိုက်ပွဲဇုန်ထဲ ဆင်းခဲ့ကြ တာပဲ။ တစ်ယောက်နဲ့ တစ်ယောက် ဖေးမဖို့ ထက် ကိုယ့်အသက် မသေအောင် မနည်းမွေး မြူနေရတယ်။ ကစားပွဲအနိုင်ရဖို့ထက် ကျဉ်း လာတဲ့ဇုန်တွေထဲ မပိတ်မိအောင် အသက်လု ပြေးနေရတဲ့အဖြစ်တွေ။ ရွာဝင်လမ်းက ဓာတ် မီးတိုင်တွေ ထိန်းလင်းနေပြီ။ ငအောင်နဲ့ ငပိုင် မပါတဲ့ လမ်းက တိတ်ဆိတ်လွန်းနေဆဲ။ ကျွန် တော်က ဂိမ်းထဲမှာ ပိတ်မိနေတဲ့ ဇာတ်ကောင် တစ်ကောင်လို အသက်ရှင်ရေးအတွက် ပြေး နေရဦးမယ်။ မိုးရိပ်မိနေတဲ့ ကောင်းကင်ပြင် ကြီးမှာ ကြယ်ကြွေတာကို မြင်နေရဆဲ။

 

Most Read

Most Recent