ဒေတာများနှင့် ငြင်းခုံခြင်း

ဒေတာများနှင့် ငြင်းခုံခြင်း
 Photo: datapine
Photo: datapine
Published 30 August 2019
မင်းချောမြင့်

ဒေးကာနက်ဂျီ ကတော့ “ငြင်းခုံခြင်းကို ရှောင်ရှားပါ”တဲ့။ လင်ကွန်းက ဆိုတယ်၊ “ပျား ရည်သည်သာလျှင် ယင်ကောင်ဖမ်းနိုင်၏” တဲ့။ အချိုတွေနဲ့ နှစ်သိမ့်ခြင်းပေါ့လေ။ အချို၊ အအီ၊ အဆိမ့်တွေ စားထားသူအတွက်လည်း ချဉ်တာလေးနဲ့ မျှားရတော့မပေါ့။ လောင်ကျွမ်းပါပြီတဲ့။ ထင်းကိုယ်နှိုက်လည်း ခြောက်သယောင်းနေမှရမယ် ထင်တယ်။ ဒါမှ မီးလောင်ရန် အသင့်ပြင်ထားခြင်းပေါ့။ စာရေးဆရာကြီး ဝန်ကြီးချုပ် ဦးနုဘာသာပြန်ကို ဖတ်ခဲ့ရတာ။ အင်္ဂလိပ်လိုလည်း တစ်မျိုးတစ်မည်တော့ ရှိမယ်ထင်တယ်။ ကျွန်တော့်အတွက် သေချာတာ တစ်ခုကတော့ သိနေပေမဲ့လည်း မကျင့်နိုင်ဘူးပေါ့။ အသိခေါက်ခက် အဝင်နက်။ ဆန်ကောလောက်မှ ဇောက်မနက်။ မြန်မာစကားပုံတွေကလည်း အထင်အရှား ရှိပြီးသားကလားလေ။ ဒါပေမဲ့ ကိုယ်တွေကလည်း ၀ိဉာဉ်နှစ်ခုနဲ့။ စာကဗျာရေးရတာ အဲဒီလိုမျိုး။ ပင်ကိုယ်စိတ်ကတော့ ကောင်းနေပါပြီတဲ့။ အဆင်ပြေအောင် လိုက်လျောလိုက်ပါပြီ။ ဘာဖြစ်တတ်လဲဆိုတော့ သီးခြားဖြစ်နေတဲ့ စိတ်တစ်ခုဟာ ကပ်ငြိပါလာမြဲ။ လွယ်လွယ်ခေါင်းညိတ်လေ့မရှိ။ လွယ်လွယ် အရှုံးပေးလေ့မရှိ။ သီးခြား လွတ်လပ်နေချင်တဲ့ စိတ်က ငါ့ကိုယ်ငါ စီမံထားတာပဲ။

စိတ်ကူးအိမ်ကလေးက စခဲ့တယ်ဆိုကြပါစို့။ အခု ပြောချင်တာက ကဗျာဆန်ချင်တာ မဟုတ်ပါဘူး။ အတွေးကို ဘာသာစကားတစ်ခုအနေနဲ့ ရက်လုပ်ချင်တာ။ တကယ်တော့ လက်တွေ့မျက်တွေ့ မြင်ရတာမဟုတ်တဲ့အ တွက် သက်သေမပြနိုင်လို့ဆိုပြီး ငြင်းဆို ပယ်ထုတ်လိုက်ဖို့  မဟုတ်ဘူး။ စိတ်ကူးနဲ့ စခဲ့ရတာပဲ။ စိတ်ကူးကို ဂဏန်း သင်္ကေတလေးတွေ တေးမှတ်ပြီး ရလဒ်တစ်ခုထိ ရောက်အောင်  ပုံဖော်ရတာ လွယ်တာတော့ မဟုတ်ဘူးပေါ့။ ရလဒ်တစ်ခု ကောင်းမွန်ခဲ့လို့ ကျေနပ်ဖွယ်ဖြစ် သွားရင်လည်း ရလာတဲ့ အပျော်ဟာ သိပ် ကြည်နူးဖို့ ကောင်းတာပါ။ တစ်ခါတလေလည်း ကိုယ်တည်ဆောက်ထားသမျှ အရာတွေ ရုတ်ချည်း ပြိုကျသွားသလို ပြိုကျပြီဆို ရင်တော့ဖြင့်မောရပြီပဲ။ ပင်ပန်းခြင်းအပေါ်မှာ ထပ်ဆင့်ကဲပြီး အသည်းတွေ၊ အူတွေ ပြုတ်ခမန်းထိအောင် ခံစားရတာတွေက ပင်ပန်းလွန်းတယ်။ မီးပင်လယ်ထဲမှာ လှိုင်းစီးနေရသလို ပူလောင် မောဟိုက်လိုက်ပါဘိ။ ကုန်းခေါင်ခေါင် အိပ်မက်မှာ ရေတွေက ငတ်လိုက်ပါဘိ။ ငယ်သံပါအောင် အော်ဟစ်လိုက်ချင်ပေမဲ့လည်း အသံက ထွက်မလာဘူး။ ငိုလိုက်မယ်ဆိုပြီး မျက်ရည်လိုက်ရှာမယ် လုပ် ပြန်တော့လည်း သူ့ဘာသာ ခန်းခြောက်နှင့်နေပြီ။ အိပ်တော့ စားတော့မယ်ဆိုလည်း အတွေးက လေးလံနေတော့တာ။ စိတ်ကူးက မကျွတ်မလွတ်နဲ့ လူတောင် ကတုန်ကယင် ဖြစ်ပြီး အားအင်ချည့်နဲ့သွားတဲ့အထိ လုပ်ပစ်လိုက်နိုင်တယ်။ ဒေတာတွေရဲ့ ပြုစားမှုဟာ သွေးမျက်ရည်တွေ ဝေသွားတဲ့အထိ ဖမ်းစား လွန်းပါတယ်။

အိမ်ကလေးတစ်လုံး စဆောက်သလိုပဲ တဲ့။ အခြေခံအုတ်မြစ်က ခိုင်ကို ခိုင်မှ ရမယ်။ အောက်ခြေကို ဖြစ်ကတတ်ဆန်း ဆောက်ပြီး အမိုး မိုး၊ ပြီးပြီဆိုပြီး တက်နေလိုက်ရင် မကြာခင် ပြိုကျမှာပဲ။ ပြိုကျသွားပြီဆိုတာနဲ့ အလုံးစုံ အဆုံးသတ်သွားရပြီပေါ့။ တစ်ခါတလေ ဘဝလည်း ဖြစ်သွားနိုင်တယ်။ ဒါ့အတွက် အစကတည်းက သေချာနေဖို့လိုတယ်။ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိရမယ်။ ဦးတည်တဲ့ ပန်းတိုင် ကို ရောက်အောင်သွားဖို့ နည်းလမ်းတွေကို ကျွမ်းကျင်ပိုင်နိုင်နေမှ ရ မယ်။ မဟုတ်ရင်တော့ ကိုယ့်ကိုယ်ကိုယ် တ မင်တကာ ညှဉ်းပန်းနှိပ်စက်သလို ဖြစ်သွားရတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ရဲတော့ဘဲ ဘဝကို ပစ်ချလိုက်တော့မယ့် အ တွေးတွေပဲ ဝင်လာတော့တယ်။

စိတ်ကူးစတုန်းကတော့ အကြီးကြီးတွေ စိတ်ကူးယဉ်ကြတယ်။ ကမ္ဘာကျော်ပါရဂူကြီးလည်း ဖြစ်ချင်တယ်။ နေရာတကာ ဆရာကြီး ဖြစ်ချင်နေတာပေါ့။ စိတ်ကူးတွေ ကောင်းပေမဲ့လည်း လိုက်လုပ်ဖို့ မလွယ်ကူပါဘူး။ လူသား ဆိုတဲ့သတ္တဝါမှာကို ကန့်သတ်ချက်တွေရှိနေတယ်။ ပြီးတော့ ရှိရမယ့်အင်အား။ ကိုယ့် အင်အား ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် မရှိပါဘဲနဲ့ သွားပြီး လေကျယ်နေလို့ မရပါဘူး။ ခေတ်စကားနဲ့ ပြောရရင် ဂွမ်းသွားနိုင်တယ်ပေါ့လေ။ လူတွေမှာ အများစုဖြစ်တတ်တယ်။ မတန်မရာ မျှော်မှန်းတတ်ကြတယ်။ ဒါကလည်း သူတို့အခွင့်အရေးတော့ အခွင့်အရေးပါပဲ။ ဒါပေမဲ့ အနာဂတ်ဆိုတာကြီးကို သိပ်ကို မျှော်လင့်လွန်းမိရင် ဖြစ်မလာတဲ့အခါ သိပ်ကို ကြေကွဲဖို့ကောင်းမယ်ထင်တယ်။ အသက်ကလေးရလာတော့လည်း မတောက်တခေါက်လေးတော့ သဘောပေါက်လာတယ်။ မနိုင်ဝန်တွေ မထမ်းချင်တော့ဘူးပေါ့လေ။ ဝန်ပေါ့ ချင်လာတယ်။ တာဝန်ယူချင်စိတ်ပါ နည်းလာတယ်။ ကိုယ် သက်သာဖို့ချည်းပဲ တွေးနေပြီဆိုရင်တော့လည်း တာဝန်မဲ့သူတစ်ယောက် ဖြစ်သွားနိုင်တယ်။ စိတ်ကူးအိမ်ကို စိတ်ကူးနဲ့ တွက်ဆကြည့်ပေါ့လေ။

ဗုဒ္ဓကတော့ သူ ဟောတယ်ဆိုတိုင်းလည်း မယုံနဲ့တဲ့။ ဒါ့ကြောင့် ကိန်းဂဏန်းဆိုတဲ့ အတိုင်းလည်း မယုံသင့်ပါဘူး။ ဖြစ်နေတဲ့ အခြင်းအရာနဲ့ ကွဲလွဲနေပြီဆိုရင် ထွက်လာတဲ့ ဂဏန်းတွေက ယုတ္တိမကျတော့ဘူး။ ဂဏန်းတွေ ဘယ်လိုပဲ လှပပေမဲ့ ဘောင်မဝင်တော့ရင် သုံးမရဘူး။ မရေမရာဖြစ်နေတဲ့ ကိန်းဂဏန်း ကို ကိုးကားမိလိုက်တာနဲ့ပဲ သုံးသပ်ဖို့ လိုအပ် လာတဲ့အခါ ခွေးအ,ကြီး လှည်းနင်းသလို ဖြစ်ရတော့တာပဲ။ ကယ်သူကလည်း ဝေးပါဘိသနဲ့။ ပြီးတော့ တွက်ချက်ရတဲ့ ဆော့ဖ်ဝဲတွေကလည်း အားနည်းချက်တွေတော့ ရှိမှာပဲ။ ပညာရှင်တွေက အသုံးရလွယ်အောင် တီထွင်ထားပေမဲ့ ကိုယ်က ကျွမ်းကျင်စွာ မသုံးတတ် ရင်တော့ အလကားပဲ ဖြစ်ရတယ်။ မသိရင် တောင်တစ်လုံး ခြားတယ်တဲ့။ တစ်ခါတလေ တောင်တစ်လုံးမက ခြားတယ်လို့တောင် ယူ ဆမိတယ်။

ကိန်းဂဏန်းကို လူတွေကြိုက်အောင် လုပ်ရရင် လိမ်လည်မှုတော့ မဖြစ်မနေ ပြုရ တော့မယ် ထင်တယ်။ အားလုံး လိမ်တယ်လို့ တော့ ဆိုချင်တာ မဟုတ်ပါဘူး။ လူက တွက် ချက်တယ်ဆိုပေမဲ့ တွက်ချက်တဲ့သူက ဝင် မစွက်သင့်ဘူးလေ။ ဒါက လိုက်နာကြရမယ့် ကျင့်ဝတ်တစ်ခုပါတဲ့။ လူဆိုတာကလည်း တစ်ခုခုကြောင့်  အလွှမ်းမိုးခံနေရနိုင်တယ်။ ဥပမာ ကိုယ်ကျိုးစီးပွားကို ထိခိုက်လာနိုင်တဲ့ ကိန်းဂဏန်းတချို့ဆို ရအောင် ရှောင်မှာပဲ။ ဒါပေမဲ့ အဖြစ်မှန်နဲ့ နီးစပ်လုနီးပါး ကိန်းဂဏန်းတွေကိုတော့ လက်ခံရမယ်။ ဘာတွေ ပြင်ဆင်ရမလဲ သိသွားရင် သူ့အလုပ်သူ လုပ်ရ ကိုင်ရ လွယ်သွားပြီ။ အလုပ်တစ်ခုကို လုပ်ရ ပြီဆိုရင် အားနည်းချက်ရော အားသာချက် တွေရော ပြန်လည်ဆန်းစစ်ဖို့တော့ လိုမယ် ထင်တယ်။

အနာဂတ်ကို မျှော်ကြည့်ရမှာပဲ။ ပစ္စုပ္ပန် ကနေ ခုန်ထွက်ချင်လာပြီဆိုရင် အနာဂတ် အနာဂတ်နဲ့ အနာဂတ်ကိုပဲ တောင့်တတတ် ကြတော့တာ။ ဒါက စိတ်ဖြေစရာတစ် ခုလည်း ဖြစ်နေပါတယ်။ မျှော်လင့်ချက်နဲ့ အသက်ရှင် နေကြရတာပါတဲ့။ မျှော်လင့်ခြင်းကို ဆုတ်ဖြဲ ပစ်လိုက်ရင် သေဆုံးသွားတဲ့အထိကို ထိခိုက် သွားနိုင်တယ်။ လက်ရှိ ရှိနေတဲ့ ရလဒ်ကို မူ တည်ပြီး အနာဂတ်မှာ ဘာတွေ ဖြစ်လာနိုင်သလဲလို့ ဆန်းစစ်ကြရတာ လူ့သဘာဝပါပဲ။ ဆိုးသွားနိုင်တယ်၊ ကောင်းသွားနိုင်တယ်ဆိုတာမျိုးပေါ့။ အဆိုးဆို ရှောင်မယ်။ ကောင်းဖို့ အတွက် ဆက်လက်အားဖြည့် ဆောင်ရွက်ရမယ်။ ဆင်ခြင်နိုင်တာပေါ့။ ဒါကလည်း ခိုင်မာတဲ့ အကြောင်းအရာတွေပေါ်မှာ ခိုင်မာတဲ့ အချက်အလက်တွေနဲ့ တိတိကျကျ တွက်ခဲ့မိမှသာ အနာဂတ်တချို့ကို မှန်အောင်နီးပါး တွက်ဆနိုင်မှာ။ အစကတည်းက လီဆယ်ထားပြီဆိုရင်တော့ လီဆယ်ထားတဲ့ ကိန်းဂ ဏန်းတွေကြောင့်ပဲ ဒုက္ခရောက်ရတော့မယ်။

ဦးပေါ်ဦးရဲ့ဘုရင်က သူ့ဆီမှာရှိတဲ့ ဆင် ကြီးကို ဆင်ဖြူဖြစ်စေချင်သတဲ့။ ပညာရှင် အများစုကလည်း အလိုကျအကြိုက်ဆောင် ရသတဲ့။ ပေါ်ဦးကတော့ ပြုံးရုံပဲ ပြုံးနေတယ်။ ဒါကို ဘုရင်က သိတော့ ဘုရင်ခမျာ လိပ်ပြာ မလုံရှာဘူး။ “ပေါ်ဦး ဘာပြုံးတာလဲ။ ငါ့ဆင် ကို လှောင်တာလား”ဘာညာနဲ့ ဘုရင်က မေး ပြီဆိုတော့ ပေါ်ဦးခမျာ မနေသာတော့ဘူး။ “မဟုတ်ပါဘုရား ။ အရှင်မင်းကြီးရဲ့ဆင်ဟာ နောင်အနှစ် ၆၀ ကြာရင် လုံးဝ ဆွတ်ဆွတ်ဖြူ သွားမယ်”တဲ့။ ပေါ်ဦးက ကျမ်းကိုးကျမ်းကား အခိုင်အမာနဲ့ လျှောက်လိုက်တော့ ဘုရင်ခ မျာလည်း ကျေနပ်သွားတယ်။ ဘုရင် ပြန်ကြွသွားတော့ ဦးပေါ်ဦးကို သူ့မိတ်ဆွေတွေက မေးကြသတဲ့။ ဖြစ်နိုင်ပါ့မလားပေါ့။ ဦးပေါ်ဦး က နောင်အနှစ် ၆၀ ဆို ဆင်လည်း မရှိတော့ ဘူး။ ငါတို့ရော ဘုရင်ကြီးရော မရှိတော့ဘူး တဲ့။ သူ့ အဖြေနဲ့ သူတော့ ဟုတ်နေတော့တာ။ အဖြေတွေကလည်း အခြေနေတွေနဲ့ ကိုက်ညီ အောင် ပေးတတ်ဖို့တော့ လိုမယ်ထင်တယ်။

ရေကူးနည်းစာအုပ်တွေ ဖတ်နေရုံနဲ့ ရေ တော့ ကူးတတ်လာမှာ မဟုတ်ပါဘူး။ ဒါ ကြောင့် ဝုန်းခနဲဆိုပြီး ပင်လယ်ထဲ ကန်ချပစ် လို့လည်း မရပါဘူး။ ရေတိမ်တိမ်လေးထဲမှာ စဆင်းမယ်။ လေ့ကျင့်မှုလုပ်မယ်။ သင်ယူစရာ ရှိတာ သင်ယူမယ်။ ဒါမှ ရေကူးတတ်သွားမယ် ထင်တယ်။ ကျွမ်းကျင်သွားပြီး ဆရာတစ်ဆူ ဖြစ်ချင်ရင်တော့ လေ့လာလေ့ကျင့်မှု အမြဲ ပြုလုပ်နေဖို့  လိုမယ်ထင်တယ်။ လေ့လာစရာ နယ်ပယ်တွေကလည်း ဆုံးတယ် မရှိနိုင်ဘူး။ ဘာသာရပ်တစ်ခုကို စေ့ငုကြည့်တဲ့အခါ ရေကူးနည်းတွေချည်း ထိုင်ဖတ်နေလို့ မရတော့ ဘူး။ လုပ်ကြည့်၊ ကိုင်ကြည့်ကြရမှာပဲ။ အမှားတွေကတော့ အများကြီးတွေ့လာမှာ။ အမှန်ကို ပြင်ပြင်ယူရင်းနဲ့ အမှန်တရားနဲ့ နီးနီးလာ တာ။ ဒါဆို ခရီးက ရောက်ကာနီးလာပြီ။ လုပ် မှားကိုင်မှားတွေလည်း ရွံ့နေလို့ မရဘူး။

သူယောင်မယ်လေးတို့ နားကြပါဦးလေ။ ဖြူဖြူပြာပြာ နီနီဝါ၀ါနဲ့  မရောက်ဖူးတဲ့ အရပ်တွေ ဆွဲခေါ်သွားလားမသိ။ ငြင်းဆန်ဖို့ အသိ တရားကလည်း ကုန်လုခမန်းပဲ။ မိုးရွာပြီးမှ သာတဲ့လလိုပဲ။ ဝန်းကျင်မှာ တိမ်ခိုးလေးတွေ ယှက်နေတော့ မပီမသဖြစ်ရတယ်။ ခြေသံကြားရာအရပ်ကို လိုက်လာရတဲ့ မြွေကျိုးလေး တစ်ကောင်လိုပဲ။ သားကောင်ကို ဖမ်းနိုင်စွမ်းလည်း မရှိ။ ငှက်ကျိုးကလေးတစ်ကောင်ကို ဖမ်းစားနိုင်ဖို့ ရှိစုမဲ့စု အင်အားလေးနဲ့ လာခဲ့ တာ။ ခြေသံတော့ ကြားနေရပါတယ်။

ဒေတာတွေကတော့ ကွန်ပျူတာမျက်နှာပြင်မှာ ခုန်ပေါက်လို့ပေါ့။ မှန်လား၊ မှားလား။ မျက်လုံးက အိပ်မရတော့ဘူး။ အချိန်ကနီး ကပ်လာပြီဆိုလေ ကြောက်လန့်ရလေပဲ။ ခိုင် မာတဲ့ ဒေတာတချို့ကို ထုတ်ပြနိုင်လိုက်ရင် နည်းနည်းတော့ အသက်ရှူပေါက် ရသွား နိုင်မယ်။ မရနိုင်ခဲ့ရင်ဆိုတဲ့ အတွေးကတော့ စိတ်ကို လွှတ်ချပစ်ချင်တဲ့ စိတ်ပဲ ရှိတော့ တယ်။ မစွမ်းနိုင်ပါလားလို့ အားငယ်ခြင်းက ဖြစ်ရတယ်။ ယုံကြည်မှုကပါ ပဲ့ပါသွားပြီဆို ရင်တော့ လူကို ရှပ်ဒေါင်းချလိုက်ရရုံပါပဲ။ ကိုယ့်လောဘကြောင့် ပိုပြီးနာကျင်ရတတ်ပါ တယ်။ ဒေတာတွေက အရယ်အမောတောင် မပျက်ကြဘူး။

ငါ့ကိုယ် ငါ မှားသွားပြီလားလို့ စဉ်းစားမိ ခဲ့တာ အကြိမ်ကြိမ်ပဲ။ ဒါပေမဲ့ ထန်းရည် အမူး ပြေရင်တော့ ထန်းပင်ကို မော့ကြည့်မိဦးမှာ ပဲ။ ဘာတွေ တွေးတတ်လာလဲဆိုတော့ ရာနှုန်း ပြည့်မှန်တဲ့ အမှန်တရားဆိုတာ မရှိပါဘူး။ ဒါကြောင့် ဒါက အမှန်တရားပါပဲလို့ မငြင်း ချင်တော့ဘူး။ ငြင်းခုံခြင်းတွေ ရပ်တန့်ပစ် လိုက်ရင်လည်း ဘယ်လိုလုပ် အသစ်သစ်တွေ ပေါ်လာတော့မလဲ။ စူးစမ်းလိုစိတ်မှာ အမြဲ တမ်း မေးခွန်းတွေ ရှိနေရမယ်။ အဆင့်မီမီ မေးနိုင်ဖို့အတွက်ကျတော့လည်း ပတ်သက် ရာနယ်ပယ်မှာ ကျွမ်းကျင်ဖို့ လိုတယ်။ ကိုယ် စားပြုဖို့တော့ လိုတယ်။ ကိုယ့်အလှည့်ကျမှ မေးခွန်းတွေ မောင်းထုတ်နေချင်ပြီဆိုရင် ဘယ်တရားတော့မလဲ။ ဒေတာတွေ ရေရွတ် မယ်ဆိုရင် အမြဲသတိထားရပါလိမ့်မယ်။

ကမ္ဘာမြေကြီး ရှိသေးရဲ့လားလို့ ထထ စမ်းကြည့်ရတဲ့ သတ္တဝါတစ်ကောင်လိုပါပဲ။ အတွေးတွေကိုက မလုံခြုံချင်တော့ဘူး။ လင်း လာတာနဲ့ ဒေတာတွေပဲ ခေါင်းထဲ ရောက် ရောက်လာနေတယ်။ ပြင်လိုက်။ ပြန်တွက် လိုက်နဲ့။ အတော့်ကို လုံးပမ်းယူရတယ်။ ရေ ကူးနည်း လာသင်တယ်ဆိုပေမဲ့ အချိန်မရွေး ရေနစ်သွားနိုင်တဲ့ ဘေးအန္တရာယ်ရှိပြန်တယ်။ အယူအဆလေး တိမ်းသွားလိုက်တာနဲ့ အစ က ပြန်လုပ်ပေရော့ပဲ။ တောင်တစ်လုံးအပေါ် တောင်တစ်လုံး ထပ်ဆင့်ပြီပေါ့။ မေတ္တာပို့ ချင်ပါတယ်။ ဒေတာတွေဆိုတော့ ပို့လို့ရမရ တော့ မသိပါဘူး။ ရှင်နေရခိုက်မှာ ကိန်းဂ ဏန်းက နေ့စဉ်နဲ့အမျှ လွှမ်းမိုးနေမှာပါပဲ။ ပဋိပက္ခက ဆုံးအံ့မထင်တော့ဘူး။ ဒေတာတွေ နဲ့ ငြင်းခုံကြရပါလိမ့်ဦးမယ်။ ငြင်းခုံခြင်းကို ရှောင်ရှားလို့ မဖြစ်နိုင်သေးဘူးလေ။

 

Most Read

Most Recent