တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံ၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) တိုက်ခိုက်မှုဖြစ်စဉ်များ အပါအဝင် ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံ၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) တိုက်ခိုက်မှုဖြစ်စဉ်များ အပါအဝင် ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေး
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
Published 23 August 2019

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား သြဂုတ် ၂၂ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အကြောင်းပြ၍ နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် ဖိအားပေး ဆောင်ရွက်နေမှုများအား တရုတ်နိုင်ငံက လက်မခံဘဲ မြန်မာနိုင်ငံဘက်မှ ရပ်တည် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် အခြေအနေများ၊ ယင်းအကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက် ရှုတ်ချကြောင်းနှင့် တရုတ်နိုင်ငံ၏ ရပ်တည်ချက် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ တိုးတက်မှုရရှိရန်နှင့် လုပ်ဆောင်နိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး သံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

အလားတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအား သြဂုတ် ၂၂ ရက် မွန်းတည့် ၁၂ နာရီက နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံ ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာကိစ္စများ၊ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံ ကိန်းနှင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံတို့ အား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စ၊ မြန်မာ-တရုတ် နယ် စပ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဇုန်အား ဆောင်ရွက်သွားရန်ကိစ္စ၊ ရခိုင်ပြည် နယ်မှ နေရပ်စွန့်ခွာ ထွက်ခွာသွားသူများအား  ပြန်လည်လက်ခံရေးဆိုင်ရာ နောက်ဆုံးဖြစ် ပေါ်တိုးတက်မှုများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံက အပြု သဘော ပါဝင်ကူညီဆောင်ရွက်နေသည့် ကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်သည် သြဂုတ် ၂၀ ရက်က ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အား တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံခဲ့ပြီး လက်ရှိ AA ၊ MNDAA ၊ TNLA တို့၏ ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် တိုက်ခိုက်နေမှုများအား လက်မခံကြောင်း နှင့် ရပ်တန့်ရန် ပြောဆိုခဲ့ကြောင်း သတင်းမီဒီယာအချို့တွင် ဖော်ပြချက်အရ သိရသည်။

AA ၊ MNDAA ၊ TNLA အဖွဲ့များ၏ တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေး တည်ငြိမ်မှုကို ထိခိုက်သဖြင့် တရုတ်နိုင်ငံအနေဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သြဂုတ် ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent