၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လေးဆမြင့်တက်ကာ ဒေါ်လာတစ်ဘီလျံရရှိခဲ့ကြောင်း MIC ဥက္ကဋ္ဌ ပြောကြား

၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လေးဆမြင့်တက်ကာ ဒေါ်လာတစ်ဘီလျံရရှိခဲ့ကြောင်း MIC ဥက္ကဋ္ဌ ပြောကြား
 ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်နေသည့် စက်ရုံအလုပ်ရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်နေသည့် စက်ရုံအလုပ်ရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 22 August 2019
နီလာ

၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ လေးဆမြင့်တက်ခဲ့ကာ ဒေါ်လာ တစ်ဘီလျံရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ သန်း ၇၀၀ ဖြင့် ရာခိုင်နှုန်း ၆၀ မြင့်တက်ခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍအားလုံးတွင် ပိုမိုစီးဝင်လာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးဖော်ဆောင်ပေးနိုင်ရန် မျှော်လင့်မိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းမှတစ်ဆင့် အရည်အသွေးပြည့်ဝပြီး တာဝန်ယူမှုရှိရုံသာမက ရေရှည်တည်တံ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ပေးနိုင်ရန်၊ ပြည်သူများ၏ လိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရန်၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် ဖွံ့ဖြိုးမှုရန်ပုံငွေများ လုံလောက်စွာရရှိခြင်းဖြင့် အစိုးရ၏ စွမ်းဆောင်ရည်ပိုမိုမြှင့်တင်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနကို ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် အသစ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

“အခြေခံအဆောက်အအုံ၊ ဝန်ဆောင်မှု၊ သယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်လာနိုင်ရန်အတွက် မူဝါဒဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို လွန်ခဲ့သောကိုးလအတွင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုများ မြင့်တက်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ၂၀၂၀ ပြည့်နှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားတဲ့အတွက် မြန်မာ့စီးပွားရေးမှာ ပိုမိုကောင်းမွန်လာသည်ဟု ခန့်မှန်းထားပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက မြန်မာ- ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြောကြားခဲ့သည်။

၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံပေါင်း ၄၉ နိုင်ငံမှ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၀ ဒသမ ၈ ဘီလျံကျော်အထိ ဝင်ရောက်မြှုပ်နှံထားကြပြီး စင်ကာပူနိုင်ငံက ဒေါ်လာ ၂၁ ဒသမ ၇ ဘီလျံကျော်ဖြင့် ထိပ်ဆုံးမှရပ်တည်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၁၉၈၈ -၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံထားမှုအခြေအနေကို လေ့လာကြည့်ပါက စင်ကာပူက ဒေါ်လာ ၂၁ ဒသမ ၇ ဘီလျံကျော်ဖြင့် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၈၇ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံက ဒေါ်လာ ၂၀ ဒသမ ၆၈ ဘီလျံကျော်ဖြင့်  စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၅ ဒသမ ၅၇ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ထိုင်းနိုင်ငံက ဒေါ်လာ ၁၁ ဒသမ ၃၀၉ ဘီလျံကျော်၊ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၁၃ ဒသမ ၉၈ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။

ဟောင်ကောင်က ဒေါ်လာ ၈ ဒသမ ၁၆၅ ဘီလျံကျော်၊ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၁၀ ဒသမ ၀၉ ရာခိုင်နှုန်း၊ U.K က ဒေါ်လာ ၄ ဒသမ ၅၂၅ဘီလျံကျော်၊ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၅ ဒသမ ၅၉ ရာခိုင်နှုန်း၊ ကိုရီးယားနိုင်ငံက ဒေါ်လာ ၃ ဒသမ ၉၆၂ ဘီလျံကျော်၊ ဗီယက်နမ်နိုင်ငံက ဒေါ်လာ ၂ ဒသမ ၁၆၅ ဘီလျံကျော်၊ မလေးရှားနိုင်ငံက ဒေါ်လာ ၁ ဒသမ ၉၆၃ ဘီ လျံကျော်၊ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၂ ဒသမ ၄၃ ရာခိုင်နှုန်း၊ နယ်သာလန်က ဒေါ်လာ ၁ ဒသမ ၅၅၄ ဘီလျံကျော်၊ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၁ ဒသမ ၉၂ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံက ဒေါ်လာ ၁ ဒသမ ၂၀၈ ဘီလျံကျော်၊ စုစုပေါင်းနိုင်ငံခြားရင်းနှီး မြှုပ်နှံမှု၏ ၁ ဒသမ ၄၉ ရာခိုင်နှုန်းစသည်ဖြင့် ဝင်ရောက်မြှုပ်နှံထားသည်။                  

 

Most Read

Most Recent