နယ်စပ်တွင်ရှိသော လက်နက်ကိုင်အဖွဲ့များကို တရုတ်ဘက်က သြဇာလွှမ်းမိုးနိုင်သည်ဟု ယူဆထားပြီး ၎င်းတို့အနေဖြင့် တင်းတင်းကျပ်ကျပ် ထိန်းချုပ်မည်ဆိုပါက ငြိမ်းချမ်းရေးအတွက် အများကြီး အထောက်အကူပြုနိုင်ကြောင်း စီးပွား/ကူးသန်းဒုတိယဝန်ကြီး ပြောကြား

နယ်စပ်တွင်ရှိသော လက်နက်ကိုင်အဖွဲ့များကို တရုတ်ဘက်က သြဇာလွှမ်းမိုးနိုင်သည်ဟု ယူဆထားပြီး ၎င်းတို့အနေဖြင့် တင်းတင်းကျပ်ကျပ် ထိန်းချုပ်မည်ဆိုပါက ငြိမ်းချမ်းရေးအတွက် အများကြီး အထောက်အကူပြုနိုင်ကြောင်း စီးပွား/ကူးသန်းဒုတိယဝန်ကြီး ပြောကြား
Published 21 August 2019
စိုးမင်းထိုက်၊ စည်သူ

နယ်စပ်တွင်ရှိသော လက်နက်ကိုင်အဖွဲ့များကို တရုတ်ဘက်က သြဇာလွှမ်းမိုးနိုင်သည်ဟု ယူဆထားပြီး ၎င်းတို့အနေဖြင့် တင်းတင်းကျပ်ကျပ် ထိန်းချုပ်မည်ဆိုပါက ငြိမ်းချမ်းရေးအတွက် အများကြီး အထောက်အကူပြုနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

နေပြည်တော်၌ သြဂုတ် ၂၁ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ဂုတ်တွင်းတံတား အပါအဝင် ရှမ်းပြည်နယ်အတွင်း တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ကုန်စည်စီးဆင်းမှု အခြေအနေကို မီဒီယာများက မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တရုတ်ဘက်ကတော့ သူတို့ တရားဝင်ထုတ်ပြီး ကြေညာတယ်ပေါ့။ တရုတ်ဘက်ကတော့ နယ်စပ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကို သြဇာလွှမ်းမိုးနိုင်တယ်လို့ ကျွန်တော်ကတော့ ယူဆထားတယ်။ သူတို့အနေနဲ့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်မယ်ဆိုလည်း ဒါဟာ ငြိမ်းချမ်းရေးအတွက် အများကြီး အထောက်အကူ ပြုနိုင်တယ်”ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

တိုက်ပွဲများကြောင့် ကုန်သွယ်ရေးလမ်းကြောင်း မထိခိုက်နိုင်ရန် ယုံကြည်ထားပြီး လုံခြုံရေးကိုလည်း ပြန်ပြီး အပြည့်အဝပေးနိုင်မည် ဖြစ်သောကြောင့် ကုန်သွယ်ရေးလမ်းကြောင်းမှာ သွားနေမည့်သဘော ရှိကြောင်း ၎င်းက ဆိုသည်။

မကြာမီအချိန်က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ပစ်ခတ်မှုများကြောင့် ဆုံးရှုံးသွားသော ကုန်စည်စီးဆင်းမှု တန်ဖိုးများအား ခန့်မှန်းရခက်ပြီး ဆုံးရှုံးမှု မည်မျှရှိနိုင်သည်ကို ပြန်လည် ဆန်းစစ်နေကြောင်းနှင့် မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းသည် ထိခိုက်မှု နည်းပါးကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

“ဆုံးရှုံးမှုကတော့ ခန့်မှန်းရ ခက်ပါတယ်။ အခုလည်း ကျွန်တော်တို့ လေ့လာနေပါတယ်။ အရင်တုန်းကတော့ တစ်နေ့ကို အစင်းပေါင်း ၃၀၊ ၄၀ လောက်သွားတာပေါ့။ အခု ၁၈၊ ၁၉ နောက်ပိုင်း တက်တဲ့ကားက တော်တော့်ကို နည်းသွားတဲ့သဘော ရှိပါတယ်။ အခုတော့ ကျွန်တော်တို့ ဆုံးရှုံးမှု ဘယ်လောက်ရှိနိုင်လဲ ဆိုတာတော့ ပြန်ပြီးတော့ ဆန်းစစ်နေပါတယ်”ဟု ဦးအောင်ထူး က ပြောကြားသည်။

ဆက်လက်၍ ၎င်းက “အခုလောလော ဆယ်ရပ်နေပါတယ်။ ဒါပေမဲ့ မကြာခင် ပြန်စနိုင်မှာပါ။ အခု မူဆယ်ကုန်သွယ်ရေး လမ်းကြောင်းကတော့ ဒီလောက်ကြီး မထိခိုက်ပါဘူး။ ဆိုတဲ့အခါကျတော့ စီးပွားရေးလုပ်ငန်း ကုန်သွယ်မှု လုပ်ငန်းကတော့ ဖြစ်နိုင်သလောက် သူတို့စမှာပါ။ တိုက်ပွဲဖြစ်နေလို့ ရပ်နေတယ် ဆိုတာမျိုးတော့ မရှိပါဘူး။ အရင်တုန်းကဆိုလည်း ကျွန်တော်တို့ နွားတွေ သယ်တယ်ဆိုရင် ခဏခဏ ဂုတ်တွင်းမှာ ပစ်တာပဲ။ ပစ်ပေမယ့်လည်း ကုန်သွယ်ရေး လုပ်ငန်းတွေက ဆက်ပြီးတော့ လုပ်ဆောင်နေတာပါပဲ။ ဆိုတော့ ကုန်သွယ်ရေး လုပ်ငန်းကတော့ တံတားပြင်ပြီးတာနဲ့ ပြန်ပြီးတော့ စမယ်လို့ ကျွန်တော့်အနေနဲ့ မျှော်လင့်ပါတယ်”ဟု ဒုတိယဝန်ကြီးက ဆိုသည်။

 

Most Read

Most Recent