လျှပ်စစ်ဓာတ်အား သုံးစွဲခ တိုးမြှင့်လိုက်သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၃၂ ဘီလျံခန့် အမြတ်ရရှိမည်ဟု ဖော်ပြထားကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ တင်ပြ

လျှပ်စစ်ဓာတ်အား သုံးစွဲခ တိုးမြှင့်လိုက်သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၃၂ ဘီလျံခန့် အမြတ်ရရှိမည်ဟု ဖော်ပြထားကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ တင်ပြ
Published 21 August 2019
စိုးမင်းထိုက်၊ စည်သူ

လျှပ်စစ်ဓာတ်အား သုံးစွဲခများ တိုးမြှင့်လိုက်သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၃၂ ဘီလျံခန့် အမြတ်ရရှိမည်ဟု ဖော်ပြထားကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက တင်ပြထားသည်။

သြဂုတ်၂၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ဥပဒေဆိုင်ရာနှင့် ရငွေသုံးငွေဆိုင်ရာ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာများကို ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လွှတ်တော်သို့ တင်သွင်းစဉ် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြီးခဲ့သည့် ဇူလိုင် ၁ ရက်မှစ၍ လျှပ်စစ်နှုန်းထားခများ တိုးမြှင့်ကောက်ခံခဲ့ရာ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် လျာထားချက်များတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများသည် အမြတ် ၇၃၅ ဘီလျံဖြင့် ရေးဆွဲတင်ပြလာကြောင်း၊ သာမန်အားဖြင့် ကြည့်မည်ဆိုပါက လျှပ်စစ်ဓာတ်အားခများ တိုးကောက်သည့်အတွက် အမြတ်ရခြင်းဟု တွေးထင်စရာရှိကြောင်း အစီရင်ခံစာ တင်သွင်းစဉ် ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်မှစ၍ လျှပ်စစ်နှုန်းထားခများ တိုးမြှင့်ကောက်ခံခဲ့ရာ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် လျာထားချက်များတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အောက်ရှိ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းတွေဟာ အမြတ် ကျပ် ၇၃၅ ဘီ လျံဖြင့် ရေးဆွဲ တင်ပြလာပါတယ်။ သာမန်အားဖြင့် ကြည့်မယ်ဆိုရင် လျှပ်စစ်ဓာတ်အားခတွေ တိုးလို့ ဒီလောက်မြတ်တာလားလို့ တွေးထင်စရာ ရှိပါတယ်။ ဒါကြောင့် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့အမြတ်ကို ခွဲခြားပြီး ဖော်ပြခြင်းပဲ ဖြစ်ပါတယ်။ လျှပ်စစ်ကဏ္ဍ ကဏ္ဍနှစ်ရပ်ကို ပေါင်းစပ်ထားတဲ့ ဝန်ကြီးဌာန ဖြစ်ပါတယ်။ လျှပ်စစ်က ဇယားကို ကြည့်မယ်ဆိုရင် လျှပ်စစ်ကဏ္ဍသည် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ပြုပြင်ပြီးအထိ နှစ်စဉ် အရှုံးပေါ်နေပါတယ်။ အဓိကတော့ အားလုံးလည်း သိပြီးဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်က စိုက်ထုတ် ပေးချေနေခြင်းပဲ ဖြစ်ပါတယ်။၂၀၁၉- ၂၀၂၀ မှာတော့ ၃၂ ဘီလျံ အမြတ်အနေနဲ့ ဖော်ပြလာခြင်းပဲ ဖြစ်ပါတယ်”ဟု ဦးအောင်မင်းက အစီရင်ခံစာ တင်သွင်းစဉ် ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက “လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနမှာ တကယ် အမြတ်ရနေတာက စွမ်းအင်ကဏ္ဍပဲ ဖြစ်ပါတယ်။ စွမ်းအင်ကဏ္ဍရဲ့ အရှုံးအမြတ်စာရင်းကို ကြည့်မယ်ဆိုရင် နှစ်စဉ်အမြတ်ရရှိပြီးတော့ ၂၀၁၉ -၂၀၂၀ မှာ ၇၀၃ ဘီလျံ အမြတ်ရရှိမယ်လို့ ရည်မှန်းရေးဆွဲထားတာ ရှိပါတယ်။ ဒါကြောင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနသည် ကျပ် ၇၃၅ ဘီလျံ အမြတ်ရရှိမယ်လို့ ခန့်မှန်းထားတဲ့ နေရာမှာ စွမ်းအင်ကဏ္ဍက အမြတ်ရရှိမယ့် ၇၀၃ ဘီလျံ စုစုပေါင်းအမြတ်ငွေရဲ့ ၉၆ ရာခိုင်နှုန်းခန့် ပါဝင်နေတယ် ဆိုတာကို ရှင်းလင်းထားတာ တွေ့ရပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကို စိစစ်ရာတွင် ဇူလိုင်  ၁ ရက်နေ့မှာ လျှပ်စစ်မီတာခ တိုးမြှင့်လာပြီးနောက်မှာ အများပြည်သူအနေနဲ့ လျှပ်စစ်တွေကို ခြိုးခြံချွေတာသုံးစွဲဖို့ သတိမူမိလာကြပြီးတော့ ခြိုးခြံချွေတာ သုံးစွဲလာကြတာတွေလည်း တွေ့မြင် ကြားသိနေရပြီး ဖြစ်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ အစိုးရအဖွဲ့အစည်းတွေရော ဒီဟာနဲ့ ပတ်သက်ပြီး ချွေတာသုံးစွဲဖို့ မလိုအပ်လာဘူးလား။ ဒါကြောင့်လည်း ကျွန်တော်တို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီသည် စိစစ်ရေးပူးပေါင်းကော်မတီ ၁၂၊ စိစစ်ရေး ပူးပေါင်းကော်မတီ ခြောက်ခုတို့ရဲ့ စိစစ်တင်ပြချက်အပေါ် အခြေခံပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တာဝန်ရှိတဲ့သူတွေ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ အားလုံးနဲ့ ပြန်လည်ခေါ်ယူ တွေ့ဆုံပြီးတော့ လျှပ်စစ်မီတာခ အသုံးစရိတ်တွေကို ထပ်မံပြီး စိစစ်လျှော့ချခဲ့ပါတယ်။ ဗဟိုအဖွဲ့အစည်းများ ပြည်ထောင်စုဝန်ကြီးဌာနများ အပါအဝင် ဌာနအဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် လျှပ်စစ်မီးနဲ့  ဓာတ်အားခများကို ၂၀၁၈-၂၀၁၉ ခုနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ အသုံးစရိတ်များကို အခြေခံ၍ ကျပ် ၃၀ ဒသမ ၃၀၅ ဘီလျံ စိစစ်လျှော့ချခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်မီတာခများ တိုးမြှင့်သတ်မှတ်ခဲ့ရာ ဝန်ကြီးဌာနအသီးသီးသည် ဘတ်ဂျက် လျာထားငွေတွင် လျှပ်စစ်မီတာခများ တိုးမြှင့်သတ်မှတ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ တိုးမြှင့် သတ်မှတ်ငွေသည် ယခင်နှစ်ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းအရ လျှပ်စစ်မီတာဖိုး ပေးချေငွေ၏ နှစ်ဆမှ သုံးဆအတွင်းသာ ရှိသင့်သော်လည်း များစွာကွာခြားနေသည်ကို စိစစ်တွေ့ရှိရ၍ အားလုံး တစ်ပြေးညီ နှုန်းထားဖြင့်သာ တိုးမြှင့်သတ်မှတ်ပေးရန်ဟု အစီရင်ခံစာတင်သွင်းစဉ် ပြောကြားသည်။                               

Most Read

Most Recent