ဂျပန်နှင့်အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှှီးမြှုပ်နှံသည်ကို ကြိုဆိုကြောင်းနှင့် သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံလျက်ရှိသည့် ကုမ္ပဏီထက်ဝက်ကျော်မှာ ဂျပန်ကုမ္ပဏီများဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ဂျပန်နှင့်အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှှီးမြှုပ်နှံသည်ကို ကြိုဆိုကြောင်းနှင့် သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံလျက်ရှိသည့် ကုမ္ပဏီထက်ဝက်ကျော်မှာ ဂျပန်ကုမ္ပဏီများဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 21 August 2019

ဂျပန်နှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည်ကို ကြိုဆိုကြောင်းနှင့် သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည့် ကုမ္ပဏီထက်ဝက်ကျော်မှာ ဂျပန်ကုမ္ပဏီများဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၂၀ ရက်က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည့် မြန်မာ-ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၂၀၀၀ ပြည့်နှစ်တွင် ဒေါ်လာ ၈ ဒသမ ၉ ဘီလျံရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ၇၁ ဘီလျံအထိ တိုးတက်လာခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် စီးပွားရေးတိုးတက်မှု အမြင့်မားဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ကုမ္ပဏီသစ်များ၊ ပြည်တွင်းနှင့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများ ပိုမိုတွင်ကျယ်လာသည်ကို တွေ့နိုင်ပါကြောင်း၊ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသည်ကို ကြိုဆိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိအချိန်တွင် သီလဝါအထူးစီးပွားရေးဇုန်တွင် ကုမ္ပဏီပေါင်း ၁၀၈ ခုကျော် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ကုမ္ပဏီထက်ဝက်ကျော်မှာ ဂျပန်ကုမ္ပဏီများဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏ မော်တော်ကားထုတ်လုပ်သည့် ထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သော Suzuki  နှင့် Toyota တို့အပြင် Yakult Probiotic drink လုပ်ငန်းလည်းပါဝင်ကြောင်း၊ မြန်မာ့စွမ်းအင်ကဏ္ဍတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကိုကြိုဆိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြောကြားရာတွင်  General Electric ၊ Chevron နှင့် Ford ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံအတွက် လိုအပ်သည့်အရည်အသွေးရှိပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ Overseas Provate Investment Corporation မှ မြန်မာနိုင်ငံ၏အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Apollo Towers ကုမ္ပဏီမှတစ်ဆင့် မြန်မာ့ဆက်သွယ်ရေးအတွက် လိုအပ်လျက်ရှိသော တာဝါတိုင်ပေါင်း ၁၈၀၀ ကျော်ကို ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဂျပန်နှင့်အမေရိကန်တို့မှ မြန်မာနိုင်ငံသို့ ဝင်ရောက်မြှုပ်နှံထားသည့်ရင်းနှီးမြှုပ်နှံမှုများမှာ ၂၀၁၉ ခုနှစ် ဇူလိုင်လကုန်အထိ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနှင့် ဒေါ်လာ ၄၃၂ ဒသမ ၇၉၆သန်း အသီးသီးရှိကြောင်း သိရသည်။

Most Read

Most Recent