နေမာ၏နေရာအစားထိုးရန် ဒီဘားလားနှင့် PSG အသင်း ယနေ့ ဆွေးနွေးမည်

နေမာ၏နေရာအစားထိုးရန် ဒီဘားလားနှင့် PSG အသင်း ယနေ့ ဆွေးနွေးမည်
Published 20 August 2019

PSG အသင်းသည် ဘရာဇီးလ်တိုက်စစ်မှူး နေမာ၏နေရာတွင် အစားထိုးရန်အတွက် ဂျူဗင်တပ်စ်အသင်းတိုက်စစ်ကစားသမား ဒီဘားလား၏ကိုယ်စားလှယ်များနှင့် သြဂုတ် ၂၀ ရက် (ယနေ့) တွေ့ဆုံဆွေးနွေးမည်ဖြစ် ကြောင်း သိရသည်။

နေမာသည် PSG အသင်း၌ နှစ်ရာသီသာကစားပြီးနောက် မပျော်ရွှင်တော့သဖြင့် အသင်းဟောင်း ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့ခွင့်ရရန် ဆန္ဒရှိနေသောကြောင့် ၎င်းနေရာတွင် ဒီဘားလားနှင့်အစားထိုးရန် စီစဉ်နေခြင်းဖြစ်သည်။

အီတလီနှင့် ဗြိတိန်သတင်းဌာနများ၏ဖော်ပြချက်အရ PSG အသင်းနှင့် ဒီဘားလား၏ကိုယ်စားလှယ်အဖွဲ့သည် အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးရန် ယနေ့ တွေ့ဆုံမည်ဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း ၈၀ ဝန်းကျင် ပေးချေရဖွယ်ရှိကြောင်း သိရသည်။

ဒီဘားလားသည် ယခုနွေရာသီတွင် ပရီးမီးယားလိဂ်ကလပ် မန်ယူနှင့် စပါးအသင်းသို့ပြောင်းရွှေ့ရန် နီးစပ်ခဲ့သော်လည်း မြင့်မားသည့်လစာနှုန်းထား၊ အေးဂျင့်အတွက် ပေးချေရမည့်ပမာဏနှင့် ပုံရိပ်အသုံးပြုခမူ ပိုင်ခွင့် စသည့်အချက်များကြောင့် ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။

ဒီဘားလားကိုခေါ်ယူမည့် သတင်းများထွက်ပေါ်နေစဉ် PSG အသင်းနည်းပြ သောမတ်စ်တူဟယ်လ်ကလည်း နေမာကိုမရောင်းချမီ အစားထိုးမည့်ကစားသမားတစ်ဦး ကြိုတင်ခေါ်ယူနိုင်ရန်လိုအပ်ကြောင်း သုံးသပ်ပြောကြားသည်။

''သူ့နေရာ မှာ အစားထိုးမယ့်သူမရှိဘဲနဲ့တော့ နေမာကို လက်လွှတ်ဆုံးရှုံးခံလို့မရပါဘူး။ သူ့ကိုသာ ဆက်ထိန်းထားနိုင်မယ်ဆိုရင် တစ်ဦးချင်း ရင်ဆိုင်ကျော်ဖြတ်ရတဲ့အခြေအနေတွေမှာ အသာရနိုင်တယ်။ တခြားကိစ္စကတော့ ဘာမှ မပြောင်းလဲသေးပါဘူး။ အပြောင်းအရွှေ့စျေးကွက်ကလည်း ဖွင့်ထားဆဲဖြစ်ပြီး ဒါက ဒီနေ့ သို့မဟုတ် မနက်ဖြန်မှာပဲ ဖြေရှင်းလို့ရမယ့်ကိစ္စမျိုး မဟုတ်ပါဘူး။ အခု သူမကစားနိုင်တာက လေ့ကျင့်မှု ကောင်းကောင်းမလုပ်နိုင်သေးလို့ပါ။ စွန့်စားမှုလုပ်လိုက်ရင် ဒဏ်ရာ ပြန်ရသွားနိုင်ပါတယ်''ဟု ၎င်းက ဆိုသည်။

Most Read

Most Recent