ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ ပြန်လည်စတင်နိုင်ရေးအတွက် အစိုးရနှင့် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ ပြန်လည်စတင်နိုင်ရေးအတွက် အစိုးရနှင့် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေး
သြဂုတ် ၁၉ ရက်က ချင်းမိုင်တွင် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံစဉ် (ဓာတ်ပုံ - Myo Win Facebook Page)
သြဂုတ် ၁၉ ရက်က ချင်းမိုင်တွင် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံစဉ် (ဓာတ်ပုံ - Myo Win Facebook Page)
Published 19 August 2019
မင်းနိုင်စိုး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ ပြန်လည်စတင်နိုင်ရေးအတွက် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ သြဂုတ် ၁၉ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံပွဲ၌ အစိုးရကိုယ်စားလှယ်များအဖြစ် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ ပါဝင်သည်။

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ စုဖွဲ့ပေးထားသော အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့သည် သြဂုတ် ၁၉ ရက်က ချင်းမိုင်တွင် ထိုင်းစံတော်ချိန် ၃ နာရီခွဲ၌လည်းကောင်း၊ NCA မထိုးရသေးသည့် KNPP ကိုယ်စားလှယ်အဖွဲ့နှင့် နံနက်ပိုင်းတွင်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ (သြဂုတ် ၂၀ ရက်) နံနက်ပိုင်းတွင် အစိုးရကိုယ်စားလှယ်အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် လည်းကောင်း ၊ မွန်းလွဲပိုင်းတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် လည်းကောင်း အလွတ်သဘော တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။ 

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သည် KNU နှင့် ထိုင်းနိုင်ငံ ချင်းမိုင်တွင် ယနေ့ (သြဂုတ် ၂၀ ရက်) ၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးရန်အတွက် KNU ထံ သြဂုတ် ၁၅ ရက် ရက်စွဲဖြင့် ဖိတ်စာပေးပို့ ခဲ့ခြင်းဖြစ်သည်။

“၁၀ လတာ ရပ်တန့်နေတဲ့ဟာတွေအပေါ်မှာတော့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ ဆွေးနွေးနိုင်ဖို့တော့ မျှော်လင့်တာပေါ့။ ဒါကတော့ ကျွန်တော်တို့ KNU နဲ့ တွေ့ဖို့တွေ၊ RCSS နဲ့ တွေ့ဖို့တွေ ပြင်ဆင်နေတာပေါ့။ သတ်သတ်စီ တွေ့ကြမှာပေါ့။ ကျွန်တော်တို့ မနက်ဖြန်သွားမယ်။ သူတို့နဲ့ ၁၉ ရက် ၂၀ ရက်တွေမှာ ဆွေးနွေးပွဲတွေလုပ်ဖို့ ပြင်နေတယ်။ အဓိကကတော့ ကျွန်တော်တို့ ဘက်ကတော့ အပြုသဘောဆောင်ပြီးတော့ ပုံမှန်ဆွေးနွေးပွဲတွေ မြန်မြန်ပြန်စနိုင်ဖို့ အတွက်ပါပဲ” ဟု အစိုးရကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်သည့် ဦးလှမောင်ရွှေက သြဂုတ် ၁၇ ရက်က ပြောကြားထားသည်။

အစိုးရငြိမ်းချမ်းရေး ကော်မရှင်သည် သြဂုတ် ၁၉ ရက် မွန်းလွဲပိုင်း၌ ထိုင်းနိုင်ငံ ချင်းမိုင်တွင် NCA-SEAO နှင့် တွေ့ဆုံပြီး လာမည့် သြဂုတ် ၂၁ ရက်တွင် ကျင်းပမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၄/၂၀၁၉) တွင် တင်ပြနိုင်ရန် ငြိမ်းချမ်းရေး လုုပ်ငန်းစဉ်များ ဆက်လက်ဖော်ဆောင်ရေး ဆိုင်ရာလုပ်ငန်း စဉ်အဆိုပြုချက် လေးချက်ကို ရှင်းလင်းဆွေးနွေးမည်ဖြစ်ကြောင်း NCA-SEAO ရုံးက သြဂုတ် ၁၉ ရက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများအဖွဲ့ အလွတ်သဘော အစည်းအဝေး ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် အစိုးရအဖွဲ့က အချက်လေးချက်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံ အဆိုပြုတင်ပြခဲ့သည်။

အစိုးရ၏ အဆိုပြုချက် လေးချက်မှာ NCA အကောင်အထည်ဖော်ရာတွင် အဓိပ္ပာယ်ဖွင့်ဆိုချက်များ သဘောတူညီချက်ရရှိအောင် ဆောင်ရွက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ဖက်ဒရယ် အခြေခံမူများရရှိအောင် ဆောင်ရွက်ရေး၊ ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန်ကာလတွင် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးဖက်များအကြား နှစ်ဖက်သဘောတူညီချက်များ ရရှိအောင် ဆောင်ရွက်ရေးနှင့် NCA လက်မှတ် ထိုးထားသော တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေး၏ အသီးအပွင့်များ ခံစားနိုင်ရေးဟူသော အချက်များဖြစ်သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးအတွင်း ခွဲမထွက်ရေး၊ တစ်ခုတည်းသော တပ်မတော်ထားရှိရေးဟူသော ကိစ္စများနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် KNU သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းခဲ့သည်။

ထို့ပြင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ၏ အဆင့်ဆင့်သော အစည်းအဝေးများအတွင်း ဆွေးနွေးမှုများသည် တရားမျှတမှုမရှိဟုဆိုကာ RCSS အဖွဲ့သည်လည်း JMC အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းခဲ့သည်။

NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် သြဂုတ် ၂၁ ရက်မှ ၂၄ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကာ ယင်းအစည်းအဝေးမတိုင်မီ အစိုးရကိုယ်စားလှယ်အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အလွတ်သဘော လာရောက် တွေ့ဆုံခြင်းဖြစ်သည်။

 

Most Read

Most Recent