စင်ကာပူက ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကို တားဆီးရန် ကမ်းရိုးတန်း ကာကွယ်ရေးအား မြှင့်တင်မည်

စင်ကာပူက ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကို တားဆီးရန် ကမ်းရိုးတန်း ကာကွယ်ရေးအား မြှင့်တင်မည်
ဇန်နဝါရီ ၁၅ ရက်တွင် စင်ကာပူ တောင်ဘက် ရေပိုင်နက်၌ သင်္ဘောများကို တွေ့ရစဉ် (Photo: AFP)
ဇန်နဝါရီ ၁၅ ရက်တွင် စင်ကာပူ တောင်ဘက် ရေပိုင်နက်၌ သင်္ဘောများကို တွေ့ရစဉ် (Photo: AFP)
Published 19 August 2019
Ref: AFP

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကို တားဆီးရန်အတွက် ကမ်းရိုးတန်း၌ အကာအကွယ်များ တည်ဆောက်ရန် အနည်းဆုံး အမေရိကန်ဒေါ်လာ ၇၂ ဘီလျံ လိုအပ်သည်ဟု စင်ကာပူခေါင်းဆောင်က သြဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ရာသီဥတုပြောင်းလဲမှုအား လူသားများ ရင်ဆိုင်နေရသည့် အကြီးလေးဆုံး စိန်ခေါ်မှုတစ်ရပ်ဟု ခေါ်ဆိုခဲ့ပြီး စင်ကာပူနိုင်ငံသည် ပို၍ ပူနွေးလာသော ရာသီဥတုနှင့် ပိုမိုပြင်းထန်လာသော မိုးသက်မုန်တိုင်းများ၏ ရိုက်ခတ်ချက်ကို ခံစားခဲ့ရပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သြဂုတ် ၁၈ ရက် နှောင်းပိုင်းတွင် လီရှန်လွန်းက မူဝါဒရေးရာ အထင်ကရ မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ရာ၌ စီးပွားရေးကိစ္စနှင့် လူမှုရေးကိစ္စများနှင့် ပတ်သက်၍ မြှင့်တင် ဆောင်ရွက်ရန် ပါဝင်ခဲ့ပြီး စင်ကာပူနိုင်ငံအနေဖြင့် ကမ္ဘာကြီးပူနွေးလာမှုကို ကိုင်တွယ်ဖြေရှင်းမည့် ကိစ္စများလည်း ပါဝင်ခဲ့သည်။

“ကျွန်တော်တို့ဟာ အနိမ့်ပိုင်းမှာရှိတဲ့ ကျွန်းနိုင်ငံဖြစ်တာမို့ အထူးသဖြင့် စင်ကာပူဟာ အကြီးလေးဆုံး ခြိမ်းခြောက်မှုတစ်ရပ်ကို ခံရဖွယ်ရှိပါတယ်။ အဲဒါကတော့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းပါပဲ” ဟု လီရှန်လွန်းက သတိပေးခဲ့သည်။

စင်ကာပူ၌ စီမံကိန်း ချမှတ်သူများသည် မြင့်မားသော ဒီလှိုင်းများ တက်ပြီးနောက် ရေလျှံခြင်း ဖြစ်ပေါ်မှုကို တားဆီးရန် တစ်မီတာ ကြားခံထားလျက် ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင်အထက် အနည်းဆုံး သုံးမီတာ (၉.၉ ပေ) မြင့်သည့် အကာအကွယ်များ တည်ဆောက်ရန် လိုအပ်ခဲ့သည်။

သို့သော် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင် တစ်မီတာ ပိုမိုမြင့်တက်လာပါက မိုးသည်းထန်စွာ ရွာသွန်းခြင်း နှင့် ဒီရေတက်ခြင်း တိုက်ဆိုင်သည့်အချိန်တွင် ကြားခံ ကျိုးပေါက်သွားနိုင်သောကြောင့် အစိုးရအနေဖြင့် အကာအကွယ်များကို ပင်လယ်ရေမျက်နှာပြင်အထက် လေးမီတာမြင့်အောင် တည်ဆောက်ရန် လိုအပ်လာသည်။

ချန်ဂီလေဆိပ် အဆောင်သစ်ဖြစ်သော ခန်းမဆောင်-၅ ကဲ့သို့သော အရေးကြီးသည့် အခြေခံ အဆောက်အအုံများကို ပင်လယ်ရေ မျက်နှာပြင်အထက် ငါးမီတာအမြင့်၌ တည်ဆောက်ရမည် ဖြစ်သည်။

စင်ကာပူသည် အီကွေတာနှင့် နီးသောကြောင့် ကမ္ဘာကြီးက အကြံပြုထားသော ပုံစံထက် ရာသီဥတု ပြောင်းလဲမှုကို ပိုမိုခံရဖွယ်ရှိသည် ဟူသည့် စင်ကာပူ ရာသီဥတုဆိုင်ရာ သုတေသနဌာန၏ တွေ့ရှိချက်များကိုလည်း လီရှန်လွန်းက ကိုးကားပြောကြားခဲ့သည်။

အဓိက နည်းလမ်းတစ်ရပ်မှာ စင်ကာပူကျွန်း၏ ကမ်းရိုးတန်းတွင် အကာအကွယ် အတားအဆီးများ တည်ဆောက်ရန် ဖြစ်ကြောင်း လီရှန်လွန်းက ပြောကြားခဲ့သည်။

ရွေးချယ်စရာ နည်းလမ်းတစ်ရပ်မှာ နယ်သာလန်နိုင်ငံ၏ အတွေ့အကြုံမှ သင်ခန်းစာယူရန် ဖြစ်ကြောင်း၊ နယ်သာလန်သည် ပင်လယ်ရေကာတံတိုင်း တည်ဆောက်ပြီး ယင်းအကြားရှိ ရေများကို ဖောက်ချပစ်ခြင်းအားဖြင့် ခြောက်သွေ့သော ကုန်းမြေကို ဖန်တီးခဲ့ကြောင်းနှင့် ယင်းကို Polder ဟု ခေါ်ကြောင်း လီရှန်လွန်းက ပြောကြားခဲ့သည်။

Polder များသည် အလေးအနက် ရွေးချယ်စရာ နည်းလမ်းတစ်ရပ် ဖြစ်ကြောင်းနှင့် ယင်းလုပ်ငန်းစဉ်ကို စမ်းသပ်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

 

Most Read

Most Recent