တရားမဝင်လောင်းကစားမှု စွပ်စွဲချက်များနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က YG Entertainment ကို ဝင်ရောက်ရှာဖွေ

တရားမဝင်လောင်းကစားမှု စွပ်စွဲချက်များနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က YG Entertainment ကို ဝင်ရောက်ရှာဖွေ
Published 18 August 2019

ကေပေါ့ပ်အနုပညာလုပ်ငန်းတွင် သြဇာလွှမ်းမိုးမှုရှိသော အေဂျင်စီတစ်ခုဖြစ်သည့် YG Entertainment ၏ အမှုဆောင်အရာရှိ ချုပ်ဟောင်း Yang Hyun - suk သည် တရားမဝင် လောင်းကစားလုပ်ခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်၍ YG အေဂျင်စီ၏ ရုံးချုပ်ကို ရဲတပ်ဖွဲ့က သြဂုတ် ၁၇ ရက်တွင် ဝင်ရောက်ရှာဖွေခဲ့သည်။

YG Entertainment ကို တုန်လှုပ်စေခဲ့သည့် မူးယစ်ဆေးဝါးနှင့် လိင်အရှုပ်တော်ပုံများ ပေါ်ပေါက်ခဲ့ပြီးနောက် ယင်းအေဂျင်စီ၏ တည်ထောင်သူနှင့် အရေးပါသည့် ထုတ်လုပ်သူဖြစ်သော Yang သည် ဇွန်တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။

အသက် ၄၉ နှစ်အရွယ် Yang သည် YG ၏ အထင်ရှားဆုံးအမျိုးသားအဆိုတော် အဖွဲ့ BIGBANG ၏ အဖွဲ့ဝင်ဟောင်း ဆန်းရီနှင့်အတူ ပြည်ပတွင် တရားမဝင်လောင်း ကစားလုပ်ခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ယခုသီတင်းပတ်အစောပိုင်းတွင် စုံစမ်းစစ်ဆေးခံခဲ့ရသည်။

“လောင်းကစားအတွက် Yang ဘယ်လိုလုပ်ပြီး ငွေအများကြီးရယူခဲ့တယ်။ တရားမဝင်လောင်းကစားကို ဘယ်နှကြိမ်လုပ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး သက်သေအထောက်အထားရဖို့ ကြိုးစားနေပါတယ်” ဟု ဆိုးလ်ရှိ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Yang သည် လောင်းကစားစွဲနေပြီး  ၂၀၀၀ ပြည့်နှစ် အစောပိုင်းမှစပြီး မကာအိုနှင့် လက်စ်ဗီးဂတ်အပါအဝင် နေရာအများအပြားတွင် လောင်းကစားလုပ်ခဲ့သည်ဟု ပြည်တွင်းသတင်းများတွင် ဖော်ပြခဲ့သည်။ Yang သည် ၂၀၁၄ ခုနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ပြည့်တန်ဆာစီစဉ်ပေးခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်လတွင်လည်း စုံစမ်းစစ်ဆေးခံခဲ့ရသည်။

YG က မွေးထုတ်ခဲ့သည့် iKon အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော Kim Han - bin သည် မူးယစ်ဆေးဝယ်ယူအသုံးပြုခဲ့သည်ဆိုသော စွပ်စွဲချက်များ ထွက်ရှိခဲ့ပြီးနောက် ဇွန်တွင် အဖွဲ့မှနုတ်ထွက်ခဲ့သည်။ ယင်းအမှုကို Yang က ဖုံးကွယ်ရန်ကြိုးစားခဲ့သည်ဆိုသော စွပ်စွဲချက်များလည်း ထွက်ရှိခဲ့သည်။

၁၉၉၀ ပြည့်လွန်နှစ်များတွင် လူကြိုက်များခဲ့သည့် အမျိုးသားအဆိုတော်အဖွဲ့ Seo Tae Ji and Boys ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော Yang သည် ၁၉၉၆ ခုနှစ်တွင် YG ကို တည်ထောင်ခဲ့ပြီး BIGBANG ၊ BLACKPINK အစရှိသည့် အောင်မြင်သော ကေပေါ့ပ်အဖွဲ့များကို မွေးထုတ်ပေးခဲ့သည်။

Most Read

Most Recent