ထိုင်ဝမ်သို့ F-16 တိုက်လေယာဉ်များရောင်းချရန် အမေရိကန်အစိုးရက ကွန်ဂရက်ကို အသိပေး

ထိုင်ဝမ်သို့ F-16 တိုက်လေယာဉ်များရောင်းချရန် အမေရိကန်အစိုးရက ကွန်ဂရက်ကို အသိပေး
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့၌ လေကြောင်းပြပွဲတွင် အမေရိကန်၏ F-16 တိုက်လေယာဉ်တစ်စင်း သရုပ်ပြ ပျံသန်းနေစဉ် (Photo: AFP)
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့၌ လေကြောင်းပြပွဲတွင် အမေရိကန်၏ F-16 တိုက်လေယာဉ်တစ်စင်း သရုပ်ပြ ပျံသန်းနေစဉ် (Photo: AFP)
Published 17 August 2019
Ref: AP

ထိုင်ဝမ်သို့ ဒေါ်လာ ၈ ဘီလျံတန်ဖိုးရှိ သည့် F-16 တိုက်လေယာဉ်များရောင်းချမည့် အစီအစဉ်ကို သမ္မတထရန့်အစိုးရအဖွဲ့က ကွန်ဂရက်ကို အသိပေးခဲ့ရာ ယင်း လုပ်ဆောင်မှုသည် တင်းမာနေပြီးဖြစ်သော တရုတ်နှင့်ဆက်ဆံရေးကို ပိုမိုဆိုးရွားစေရန် မီးလောင်ရာလေပင့် ဖြစ်စေမည်ဟု ယူဆရသည်။

ထိုင်ဝမ်သို့ တိုက်လေယာဉ်များ ရောင်းချမည့်အဆိုပြုချက်ကို သမ္မတထရန့်အစိုးရ အဖွဲ့က သြဂုတ် ၁၅ ရက်နှောင်းပိုင်းတွင် ကွန်ဂရက်သို့ တင်သွင်းခဲ့ကြောင်း အမည်မဖော်လိုသူ အမေရိကန်တာဝန်ရှိသူနှစ်ဦး နှင့် ကွန်ဂရက်လွှတ်တော်အမတ်တစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်၏ F-16 တိုက်လေယာဉ် ၆၆ စင်းဝယ်ယူမည့် ထိုင်ဝမ်၏တောင်းဆိုချက်ကို အတည်ပြုနိုင်ရေးအတွက် ယင်းကိစ္စ ကို ကွန်ဂရက်သို့ တင်သွင်းရန် အမေရိကန်အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အထက်လွှတ်တော်နိုင်ငံခြားရေးရာ ကော်မ တီမှ ရီပက်ဘလီကင်လွှတ်တော် အမတ် မာကိုရူဘီယိုက ဆိုသည်။

အမေရိကန်ထံမှ တိုက်လေယာဉ်ဝယ်ယူရန် ထိုင်ဝမ်က ယခုနှစ်အစောပိုင်းတွင် တောင်းဆိုခဲ့သည်။ တိုက်လေယာဉ်ရောင်းချမည့်ကိစ္စကို အမေရိကန်နိုင်ငံခြားရေးဌာနနှင့် ပင်တဂွန်စစ်ဌာနချုပ်က ပြန်လည်သုံးသပ်ရမည်ဖြစ်ပြီး ယင်းနောက် အထက်လွှတ်တော် နှင့် အောက်လွှတ်တော်နိုင်ငံခြားရေးရာ ကော်မတီများ၏ အတည်ပြုချက်ကို ရယူရမည်ဖြစ်သည်။ အတည်ပြုချက်ရရှိပါက နောက်ဆုံးအတည်ပြုချက်ရယူရန်အတွက် နိုင်ငံခြားရေးဌာနသို့ ယင်းအဆိုပြုချက်ကို ထပ်မံတင်သွင်းရမည် ဖြစ်သည်။

တိုက်လေယာဉ် ရောင်းချမည့်အဆိုကို ကွန်ဂရက်လွှတ်တော်အမတ်များက ကန့်ကွက်ခြင်းမပြုပါက ထိုင်ဝမ်သို့ တိုက်လေယာဉ်ရောင်းချမည့် တရားဝင် ထုတ်ပြန်ချက် ကို လာမည့်လ အစောဆုံးထား၍ ကြေညာနိုင် ဖွယ်ရှိသည်။

၂၀၀၈ ခုနှစ်ကတည်းက အမေရိကန်အစိုးရအဖွဲ့သည် စုစုပေါင်းဒေါ်လာ ၂၄ ဘီလျံကျော်တန်ဖိုးရှိသည့် စစ်လက်နက် ပစ္စည်းများအား ထိုင်ဝမ်သို့ ရောင်းချခဲ့ကြောင်းကို ကွန်ဂရက်သို့ အသိပေး အကြောင်း ကြားခဲ့ဖူးသည်။ ရောင်းချခဲ့သော စစ်လက်နက်ပစ္စည်းများထဲတွင် စုစုပေါင်း ဒေါ်လာ ၂.၂ ဘီလျံတန်ဖိုးရှိသည့် အာဘရမ် တင့်ကား ၁၀၈ စီးနှင့် စတင်ဂျာဒုံးကျည် အစင်း ၂၅၀ ထိပါဝင်သည်ဟု ထိုင်ဝမ်ဆိုင်ရာ အမေရိကန်ထိပ်တန်းကိုယ်စားလှယ် ခရစ်တင်ဆန်က ပြောကြားခဲ့သည်။

ထိုင်ဝမ်သို့ မည်သည့်စစ်လက်နက် ပစ္စည်းရောင်းချခြင်းကိုမဆို တရုတ်က အပြင်း အထန်ကန့်ကွက်နေခြင်းကြောင့် F-16 တိုက်လေယာဉ်များရောင်းချမည့် သဘောတူညီချက်သည် အငြင်းပွားဖွယ်ဖြစ်နေသည်။

ထိုင်ဝမ်၏ လေပိုင်နက်အတွင်းသို့ တရုတ်လေတပ်မှ ကျူးကျော်ဝင်ရောက်မှုများ မြင့်တက်လာနေစဉ် ထိုင်ဝမ်က ၎င်း၏ လေကြောင်းကာကွယ်ရေးကို အဆင့်မြှင့်တင်ရန် စီစဉ်ခဲ့သည်။ ထိုင်ဝမ်တွင် ၁၉၉၂ ခုနှစ်က ဝယ်ယူထားခဲ့သော မော်ဒယ်နိမ့် F-16 တိုက် လေယာဉ်တပ်စု တစ်စုရှိသည်။ F-16 တိုက် လေယာဉ်အမျိုးအစားထဲမှ နောက်ဆုံးပေါ်ဖြစ်သော F-16 Block 70/72 တိုက်လေယာဉ်တွင် ယခင်မော်ဒယ် ဟောင်းများ၌ မပါဝင်သည့် လေယာဉ်ပုံစံ ပြုစုထုတ်လုပ်မှု အီလက်ထရွန်နစ်နည်းပညာ၊ လက်နက်နှင့် ရေ ဒါ နည်းပညာများပါဝင်သည်ဟု လေယာဉ်ထုတ်လုပ်သည့် Lockheed Martin ကုမ္ပဏီ က ပြောကြားခဲ့သည်။           

Most Read

Most Recent