ထိန်းသိမ်းထားသော အီရန်သင်္ဘောအား ပြန်လွှတ်ပေးရန် ဂျီဘရော်တာတရားရုံးချုပ် အမိန့်ချ

ထိန်းသိမ်းထားသော အီရန်သင်္ဘောအား ပြန်လွှတ်ပေးရန် ဂျီဘရော်တာတရားရုံးချုပ် အမိန့်ချ
 ဇူလိုင် ၆ ရက်တွင် ဂျီဘရော်တာကမ်းရိုးတန်းအလွန်၌ အီရန်ရေနံတင်သင်္ဘော Grace 1 ကို တွေ့ရစဉ်
ဇူလိုင် ၆ ရက်တွင် ဂျီဘရော်တာကမ်းရိုးတန်းအလွန်၌ အီရန်ရေနံတင်သင်္ဘော Grace 1 ကို တွေ့ရစဉ်
Published 16 August 2019
Ref: AFP

အပြည်ပြည်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုများအား ချိုးဖောက်၍ ဆီးရီးယားသို့ ရေနံများအား တင်ပို့ရန် ကြိုးပမ်းခဲ့သည်ဟု သံသယရှိမှုဖြင့် ဖမ်းဆီးထားသည့် အီရန်ရေနံတင် သင်္ဘောတစ်စင်းအား ပြန်လွှတ်ပေးရန် ဂျီဘရော်တာတရားရုံးချုပ်က သြဂုတ် ၁၅ ရက်တွင် အမိန့်ချခဲ့ရာ ထိုသင်္ဘောထွက်ခွာမှုအား ပိတ်ဆို့ရန် ကြိုးပမ်းခဲ့သည့် အမေရိကန်အတွက် ထိုးနှက်ချက်ဖြစ်ခဲ့သည်။

ထိုရေနံတင်သင်္ဘော Grace 1 သည် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများတွင် အကျုံးဝင်သည့်နိုင်ငံများသို့ ဦးတည်မည်မဟုတ်ကြောင်း အာမခံထားသည့် အီရန်ထံမှ စာကို ရရှိခဲ့ကြောင်း ဂျီဘရော်တာအစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် ယင်းအမိန့်ချမှတ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ Grace 1အား ထိန်းသိမ်းမည်မဟုတ်တော့ကြောင်း တရားရုံးချုပ် တရားသူကြီး အန်တိုနီဒူလေးက ပြောကြားခဲ့သည်။

ဒေါ်လာ သန်း ၁၄၀ ကျော် တန်ဖိုးရှိသော ရေနံစိမ်းများအား ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်အစိုးရ မရရှိစေရန် ဟန့်တားနိုင်ခဲ့ကြောင်း ဂျီဘရော်တာ အုပ်ချုပ်ရေးမှူး ဖေဘီယန်ပီကာဒိုက ထိုအမိန့်ချမှတ်မှုနှင့် ပတ်သက်၍ ဂုဏ်ပြုပြောကြားခဲ့သည်။ ထိုအမိန့် မချမှတ်မီ နာရီပိုင်း အလိုတွင် အမေရိကန်က အီရန်ရေနံတင်သင်္ဘောအား ဂျီဘရော်တာက ဆက်လက်ထိန်းသိမ်းထားရန် တောင်းဆိုခဲ့သည်။

Grace 1 သင်္ဘောအား ထိန်းသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာမျိုးစုံနှင့်ပတ်သက်၍ တင်းမာမှု လျော့ကျစေရန် ဆန္ဒဖြင့် မိမိသည် ဇူလိုင် ၁၉ ရက်တွင် လန်ဒန်၌ အီရန်တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ပီကာဒိုက ပြောကြားခဲ့သည်။

အမေရိကန်၏ အချိန်ကပ်၍ ကြိုးပမ်းမှုကြောင့် ထိုရေနံတင်သင်္ဘောအား ပြန်လွှတ်၊ မလွှတ်ကို တရားရုံး၏ အမိန့်ချမှတ်မှုကို နှောင့်နှေးစေခဲ့သော်လည်း တရားသူကြီး ဒူလေးက သူသည် အမေရိကန်ထံမှ မေတ္တာရပ်ခံသည့်စာ မရခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် ထိုသင်္ဘောသည် ဂျီဘရော်တာရေပိုင်နက်မှ  မထွက်ခွာသေးသရွေ့ ဆက်လက်ထိန်းသိမ်းရန်အတွက် အမေရိကန်က ကြိုးပမ်းနိုင်သေးသည်။

အီရန်ရေနံစည် ၂.၁ သန်းအား သယ်ဆောင်လာသော Grace 1 သင်္ဘောကို ဂျီဘရော်တာ ရဲတပ်ဖွဲ့နှင့် ဗြိတိန်အထူးတပ်ဖွဲ့ဝင်များက ဇူလိုင် ၄ ရက်တွင် ဖမ်းဆီးခဲ့ပြီးနောက် သံတမန်ရေးရာ အကျပ်အတည်း ဖြစ်ပေါ်စေခဲ့သည်။ အီရန်က မဟာဗျူဟာကျသော ဟော်မုဇ်ရေလက်ကြားတွင် ဗြိတိန်ရေနံတင်သင်္ဘော Stena Impero အား ဇူလိုင် ၁၉ ရက်၌ ဖမ်းဆီး၍ ပြန်လည်တုံ့ပြန်ခဲ့သည်။

Grace 1 အား ပြန်လွှတ်ပေးရန် ဂျီဘရော်တာက အမိန့်ချမှတ်ခဲ့အပြီး ဗြိတိန်ကလည်း အီရန်က ဖမ်းဆီးထားသည့် Stena Impero သင်္ဘောအား ပြန်လွှတ်ပေးရန် သြဂုတ် ၁၅ ရက်တွင် ထပ်မံတောင်းဆိုခဲ့သည်။

Grace 1 အား ပြန်လွှတ်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော အီရန်က ထိုသင်္ဘောသည် အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်၌ရှိနေပြီး ဆီးရီးယားသို့ ဦးတည်နေခြင်းမရှိကြောင်း အခိုင်အမာပြောကြားခဲ့သည်။ အမေရိကန်၏ မေတ္တာရပ်ခံချက်အရ ထိုသင်္ဘောအား ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း စပိန်နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင် အစောပိုင်းတွင် ပြောကြားခဲ့သည်။

ဂျီဘရော်တာ၏ အမိန့်ချမှတ်မှုအပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရက်က ပင်လယ်ဓားပြတိုက်ရန် အမေရိကန်၏ ကြိုးပမ်းမှုသည် ရှုံးနိမ့်ခဲ့ပြီဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

 

Most Read

Most Recent