လက်ထပ်ပြီး တစ်နှစ်မပြည့်မီ လီယမ်ဟမ်းစ်ဝါ့သ်နှင့် မိုင်လေဆိုင်းရပ်စ်တို့ လမ်းခွဲ

လက်ထပ်ပြီး တစ်နှစ်မပြည့်မီ လီယမ်ဟမ်းစ်ဝါ့သ်နှင့် မိုင်လေဆိုင်းရပ်စ်တို့ လမ်းခွဲ
Published 12 August 2019

သရုပ်ဆောင် လီယမ်ဟမ်းစ်ဝါ့သ်နှင့် အဆိုတော်၊သရုပ်ဆောင် မိုင်လေဆိုင်းရပ်စ်တို့သည် လက်ထပ်ပြီး တစ်နှစ်မပြည့်မီ လမ်းခွဲလိုက်ပြီဟု မီဒီယာများက ဖော်ပြခဲ့သည်။

၎င်းတို့ဇနီးမောင်နှံသည် အနုပညာအလုပ်များကို အာရုံစိုက်လုပ်ဆောင်နေစဉ်အတွင်း လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မိုင်လေဆိုင်းရပ်စ်၏ ပြောခွင့်ရပုဂ္ဂိုလ်က သြဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့ သည်။

ရုပ်သံအစီအစဉ်တင်ဆက်သူ ဘရော်ဒီဂျန်နာ၏ ဇနီးဟောင်း Kaitlynn နှင့် မိုင်လေဆိုင်းရပ်စ်တို့ အီတလီသို့အပန်းဖြေခရီးသွားစဉ် သင်္ဘောပေါ်တွင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံများကို Instagram တွင် ဖော်ပြခဲ့ပြီးနောက် ဆိုင်းရပ်စ်နှင့် ဟမ်းစ်ဝါ့သ်တို့ လမ်းခွဲတော့မည်ဆိုသော ကြေညာချက် ထွက်ရှိခဲ့ခြင်းဖြစ်သည်။

ယင်းကြေညာချက်မထုတ်ပြန်မီကတည်းကပင် Instagram တွင် မိုင်လေဆိုင်းရပ်စ်တင်ထားသည့် ဓာတ်ပုံတွင် လက်ထပ်လက်စွပ် မဝတ်ထားသည်ကို ပရိသတ်များက သတိပြုမိခဲ့ကြသည်။ အိမ်ထောင်ရေးနှင့်ပတ်သက်သည့် ရှေးရိုးစွဲအတွေးအခေါ်များကို ဆုပ်ကိုင်ထားခြင်းမရှိဟု ဆိုင်းရပ်စ်က Vanity Fair မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

ပရဟိတဖောင်ဒေးရှင်း ထူထောင်မှုအတွက် အင်တာဗျူးမေးမြန်းမှုတွင် ဆိုင်းရပ်စ်က လိင်တူ လိင်ကွဲ နှစ်မျိုးလုံးကို စိတ်ဝင်စားသူဟု အရိပ်အမြွက် ပြောကြားခဲ့ဖူးသည်။ လက်ထပ်လိုက်ခြင်းဖြင့် လိင်တူ လိင်ကွဲ နှစ်မျိုးစလုံး စိတ်ဝင်စားသူဆိုသည့် ဂုဏ်ပုဒ်က ပြောင်းလဲသွားမည် မဟုတ်ဟုလည်း ဆိုင်းရပ်စ်က ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ်တွင် The Last Song ဇာတ်ကား၌ တွဲဖက်သရုပ် ဆောင်ခဲ့ပြီးနောက် ချစ်သူများဖြစ်ခဲ့ကြသည့် အသက် ၂၆ နှစ်အရွယ် ဆိုင်းရပ်စ်နှင့် အသက် ၂၉ နှစ် အရွယ် ဟမ်းစ်ဝေါ့သ်သည် ဆယ်စုနှစ် တစ်ခုကျော်အတွင်း မကြာခဏ လမ်းခွဲခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် လက်ထပ်ခဲ့ကြသည်။

မိုင်လေဆိုင်းရပ်စ်သည် ဒစ္စနေရုပ်သံ၏ Hannah Montana ဇာတ်လမ်းတွဲဖြင့် ကျော်ကြားခဲ့ပြီး ဂီတလောကသို့ ဝင်ရောက်ခဲ့ရာတွင်လည်း အောင်မြင်မှုရရှိခဲ့သည်။ သြစတြေးလျ သရုပ်ဆောင် လီယမ်ဟမ်းစ်ဝါ့သ်သည် The Elephant Princess ရုပ်သံဇာတ်လမ်းတွဲဖြင့် အောင်မြင်ခဲ့ပြီး The Hunger Games ဇာတ်ကားများတွင် ပါဝင်ခဲ့သည်။

Most Read

Most Recent