သရုပ်ဆောင် ကူးကူးဇင်အောင်ရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ

သရုပ်ဆောင် ကူးကူးဇင်အောင်ရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
Published 9 August 2019
လင်းလင်းခိုင်

လတ်တလောရုံတင်ပြသနေတဲ့ ‘သူစိမ်းအိမ်’ဇာတ်ကားမှာ လှပတဲ့ မျက်နှာပိုင်ရှင်လေးဖြစ်ပေမယ့် ကြောက်မက်ဖွယ် ကာရိုက်တာ ‘မြ’ အဖြစ် ပီပြင်စွာသရုပ်ဆောင်ထားနိုင်သူက သရုပ်ဆောင်ကူးကူးဇင်အောင်ပဲ ဖြစ်ပါတယ်။ ပရိသတ်အပြည့်အလျှံအားပေးမှုရရှိနေတဲ့ ‘သူစိမ်းအိမ်’ ဇာတ်ကားက ရုံအများအပြားမှာ ပွဲစဉ်တွေထပ်တိုးပြီး ပြသနေရတာလည်းဖြစ်ပါတယ်။ ဇာတ်ကားကိုအားပေးမှုနဲ့အတူ ဇာတ်ကားမှာ ပါဝင်ထားတဲ့ လူငယ်မျက်နှာသစ်သရုပ်ဆောင်တွေရဲ့ ထူးခြားတဲ့အနုပညာစွမ်းရည်ကိုပါ ပရိသတ်တွေအတွက် သတိပြုအားပေးစရာဖြစ်လာတာပါ။ ဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုအချိန် နှစ်လလောက်ပေးပြီးမှသာ ရိုက်ကူးခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း မြို့အများအပြားက ပရိသတ်တွေနဲ့ လိုက်ပါတွေ့ဆုံနေတဲ့ သရုပ်ဆောင်ကူးကူးဇင်အောင်ရဲ့ ငယ်ဘဝအမှတ်တရတွေကို မေးမြန်းဖော်ပြပေးထားပါတယ်။

သရုပ်ဆောင်ကူးကူးဇင်အောင်က ရန်ကုန်ဇာတိဖြစ်ပြီး ဇွန် ၃ ရက်မှာ မွေးဖွားခဲ့သူပါ။ အသက် ခုနစ်နှစ်ကြီးတဲ့ အစ်ကိုတစ်ယောက်ရှိပြီး ငယ်စဉ်ကလေးဘဝမှာတော့ ကစားမက်သူတစ်ဦးပါလို့ ရယ်မောရင်းဆိုပါတယ်။ အစ်ကိုနဲ့အတူကစားရင်း ဖြတ်သန်းခဲ့ရတဲ့အမှတ်တရတွေကိုတော့ ပြန်တွေးတိုင်း ပျော်ရွှင်မိသလို အခုချိန်အထိလည်း အဲဒီလို လွတ်လပ်ပျော်ရွှင်စွာပဲ ဖြတ်သန်းဖြစ်နေတုန်းပါလို့ ကူးကူးဇင်အောင်က ဆိုပါတယ်။

သရုပ်ဆောင်ကူးကူးဇင်အောင်က ကျောင်းပညာရေးမှာတော့ စာကြိုးစားပြီး ဖြတ်သန်းခဲ့သလို ငယ်စဉ်ကလေးဘဝမှာ သရုပ်ဆောင်ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်မျိုးတော့ မရှိခဲ့ဘူးလိို့ဆိုပါတယ်။ ကျောင်းကပွဲလိုမျိုး လှုပ်ရှားမှုတွေမှာတော့ ပါဝင်ဖြစ်ခဲ့ပေမယ့် သရုပ်ဆောင်ပိုးကတော့ ယဉ်ကျေးမှုအနုပညာတက္ကသိုလ် တက်ရောက်ဖြစ်မှပဲ ဝင်လာခဲ့တာလို့ ဆိုပါတယ်။

ကူးကူးဇင်အောင်က တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာ ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ရုပ်ရှင် နဲ့ပြဇာတ်မေဂျာကို ရွေးချယ်တက်ရောက်ခဲ့ပြီး တက္ကသိုလ်တက်နေစဉ်မှာပဲ ကြော်ငြာနဲ့ အလှဓာတ်ပုံတွေရိုက်ကူး ခွင့်ရလာတာကြောင့် သရုပ်ဆောင်ဖြစ်လိုစိတ်တွေ ပေါ်ပေါက်လာတယ်လို့ဆိုပါတယ်။ အဲဒီနောက်မှာတော့ သူစိမ်းအိမ်ဇာတ်ကားအတွက် casting ခေါ်ယူမှုမှာ ပါဝင်လျှောက်ထားဖြစ်ခဲ့ပြီး လူတွေအများကြီးထဲက ရွေး ချယ်ခံခဲ့ရချိန်မှာတော့ အရမ်းပျော်ပါတယ်လို့ ဆိုပါတယ်။

‘‘ကူးကူး သူစိမ်းအိမ်မှာ casting ဝင်တော့ အရမ်းလည်း ကြောက်သလို အရမ်းလည်း စိတ်လှုပ်ရှားပါတယ်။ လူတွေအများကြီးလျှောက်ကြတဲ့အထဲမှာ ရွေးချယ်ခံရပါ့မလားဆိုတာမျိုး စိုးရိမ်တာပေါ့။ အဆင့်ဆင့်စိစစ်ရွေးချယ်ခံပြီး နောက်ဆုံး အရွေးခံရတော့အရမ်းပျော်တယ်။ ပြီးတော့ ထရိန်နင် နှစ်လလောက်လုပ်ရတယ်။ တကယ်ရိုက်တော့လည်း အားလုံးက လက်တွဲခေါ်ပေးကြလို့ အခက် အခဲအများကြီးတော့မရှိခဲ့ဘူး’’လို့ဆိုပါတယ်။

သူစိမ်းအိမ်ဇာတ်ကား စတင်ပြသချိန်ကစလို့ မြ’ ဆိုတဲ့ကာရိုက်တာနဲ့ တွဲဖက်ပြီး ပရိသတ်တွေက ချစ်ခင်အား ပေးမှုအပေါ်မှာတော့ ကူးကူးဇင်အောင်က’’ပထမဆုံး ရုပ်ရှင်ဇာတ်ကားမှာ အခုလိုအ သိအမှတ်ပြုအားပေးခံရတဲ့အတွက် အရမ်းပျော်တယ်။ ကူးကူးကို ကာရိုက်တာနဲ့ ထပ်တူကျအောင် သင်ကြားပေးတဲ့ ကိုထူး၊ အခြားတွဲဖက်သရုပ်ဆောင်သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကူးကူးအတွက် ဒီဇာတ်ကားက တကယ့်အမှတ်တရပါ’’လို့ ဆိုပါတယ်။

သရုပ်ဆောင်ကူးကူးဇင်အောင်က ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားအနေနဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ ‘လရဲ့အောက်ဘက်မိုင်အဝေးမှာ’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာ’ကစ်ကစ်’ ဆိုတဲ့ဆယ် ကျော်သက် လူငယ်ကောင်မလေးတစ်ယောက်အဖြစ် ပါဝင်ထားတာပါ။ ‘မြ’ ဇာတ်ရုပ်နဲ့ လုံးဝကွဲပြားတဲ့ပုံစံတစ်ခုနဲ့ ထပ်မံမြင်တွေ့ခွင့်ရမှာပါလို့လည်း ဆိုပါတယ်။

သူစိမ်းအိမ်ဇာတ်ကားကို ရိုက်ကူး ထုတ်လုပ်တဲ့ထုတ်လုပ်ရေးနဲ့ပဲ  ရှေ့ဆက်လက်တွဲသွားမှာဖြစ်သလို အခြားဇာတ်ကားတွေ ကမ်းလှမ်းလာ ခဲ့မယ်ဆိုရင်လည်း ပါဝင်ရမယ့်ကာရိုက်တာနဲ့ ဇာတ်လမ်းပုံစံတွေကို ကြည့်ပြီး လက်ခံသွားပါမယ်လို့ပြောပြခဲ့ပါတယ်။ ရှေ့ဆက်လုပ်ကိုင်သွားမယ့်အနုပညာလုပ်ငန်းတွေကိုလည်း အားပေးကြဖို့ ဆိုခဲ့ပါသေးတယ်။ သရုပ်ဆောင် ကူးကူးဇင်အောင်ရဲ့ ငယ်စဉ်ဘဝ အမှတ်တရလေးတွေ၊ ပေါ့ပါးလွတ်လပ်တဲ့နေထိုင်မှု ဟန်ပန်တွေကိုဖတ်ရှုရင်း နောက်တစ်ပတ်တွေမှာလည်း ဘယ်အနုပညာရှင်ရဲ့ အမှတ်တရပုံရိပ်တွေကို တင်ဆက်ပေးမယ်ဆိုတာ စောင့်မျှော်ပေးပါလို့။

Most Read

Most Recent