အင်ဂျလီနာဂျိုလီ၏ အကြီးဆုံးသား ဆိုးလ်တွင် တက္ကသိုလ်တက်မည်

အင်ဂျလီနာဂျိုလီ၏ အကြီးဆုံးသား ဆိုးလ်တွင် တက္ကသိုလ်တက်မည်
Published 7 August 2019

သရုပ်ဆောင် အင်ဂျလီနာဂျိုလီ၏ အကြီးဆုံးသားဖြစ်သည့် Maddox သည် စက်တင်ဘာအစောပိုင်းတွင် ဆိုးလ်ရှိ Yonsei တက္ကသိုလ်တွင် ပညာသင်ယူမည်ဟု The Korea Herald သတင်းစာတွင် ဖော်ပြခဲ့သည်။ အသက် ၁၈ နှစ်အရွယ် Maddox သည် ကေပေါ့ပ်နှင့် ကိုရီးယားယဉ်ကျေးမှုကို စိတ်ဝင်စားမှုကြောင့် ယင်းတက္ကသိုလ်တွင် တက်ရောက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ကိုရီးယားမီဒီယာများက ဖော်ပြခဲ့သည်။

“တခြားတက္ကသိုလ်တွေကလည်း Maddox ကို လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ သူက Yonsei တက္ကသိုလ်ကို ရွေးချယ်ခဲ့တယ်။ Maddox က ကိုရီးယားဘာသာစကားကိုလည်း လေ့လာသင်ယူနေတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

Maddox သည် ဇီဝဓာတုဗေဒဘာသာရပ်ကို လေ့လာသင်ယူမည်ဟု ယင်းသတင်းရင်းမြစ်က People မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ Maddox တက္ကသိုလ်တက်မည့် အစီအစဉ်နှင့်ပတ်သက်ပြီး ဂုဏ်ယူမိသည်ဟု ဂျိုလီက People မဂ္ဂဇင်းသို့ ပြောကြားခဲ့ဖူးသည်။

ဂျိုလီသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၏ အထူးသံတမန်အဖြစ် အလုပ်နှင့်ဆက်စပ်သည့် ခရီးတစ်ခုအတွက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် သားနှစ်ဦးဖြစ်သည့် Maddox နှင့် Pax တို့နှင့်အတူ ဆိုးလ်သို့ သွားရောက်ခဲ့သည်။ ယင်းခရီးစဉ်အတွင်း ဂျိုလီသည် သားနှစ်ဦးနှင့်အတူ Yonsei တက္ကသိုလ်သို့ သွားရောက်ခဲ့သည်။

ယင်းခရီးစဉ်အပြီးတွင် Maddox သည် Yonsei တက္ကသိုလ်၏ ၂၀၁၉ ပညာသင်နှစ်အတွက် လျှောက်ထားသူများထဲတွင် ပါဝင်သည်ဆိုသော သတင်းများထွက်ရှိခဲ့သော်လည်း တက္ကသိုလ်က အဆိုပါသတင်းကို ငြင်းဆိုခဲ့သည်။ ဆောင်းရာသီနှစ်ဝက် စာသင်ကာလအတွက် လျှောက်လွှာတင်ခြင်းသည် ယင်းကာလတွင် မစတင်သေးဟု တက္ကသိုလ်က ယင်းအချိန်က ပြောကြားခဲ့သည်။

ဂျိုလီသည် Lara Croft: Tomb Raider ဇာတ်ကားကို ကမ္ဘောဒီးယားတွင် ရိုက်ကူးခဲ့ပြီးနောက် ၂၀၀၂ ခုနှစ်တွင် ခုနစ်လသားအရွယ် Maddox ကို ကမ္ဘောဒီးယားမိဘမဲ့ဂေဟာတစ်ခုမှ ခေါ်ယူမွေးစားခဲ့သည်။ ယင်းအချိန်တွင် ဂျိုလီသည် သရုပ်ဆောင်၊ ဒါရိုက်တာ Billy Bob Thornton နှင့် လက်ထပ်ထားသော်လည်း Maddox ကို ၎င်း၏သားအဖြစ် မွေးစားခဲ့သည်။

Most Read

Most Recent