အောင်မြင်မှုများရယူရန်အတွက် မိမိအနေဖြင့် အချိန်ယူရမည်ဟု ချယ်လ်ဆီးနည်းပြ ပိုချက်တီနို ဖွင့်ဟ

အောင်မြင်မှုများရယူရန်အတွက် မိမိအနေဖြင့် အချိန်ယူရမည်ဟု ချယ်လ်ဆီးနည်းပြ ပိုချက်တီနို ဖွင့်ဟ
Photo: Getty Images
Photo: Getty Images
Published 4 May 2024

 

ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက မိမိအနေဖြင့် ချယ်လ်ဆီးအသင်းကို အောင်မြင်မှုများ ရယူပေးနိုင်ရန်အတွက် အချိန်ယူရဦးမည်ဖြစ်ကြောင်း လန်ဒန်ဒါဘီတွင် စပါးအသင်းကို အနိုင်ရပြီးနောက် ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ရမှတ် ၅၁ ဖြင့် အဆင့်ရှစ်နေရာအထိ ရောက်ရှိနေသည်။ ထို့ပြင် ချယ်လ်ဆီးသည် ဧပြီလအတွင်း ကစားခဲ့သည့်ပွဲစဉ်များတွင် FA ဖလားဆီမီးဖိုင်နယ်၌ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့သလို ပရီးမီးယားလိဂ်တွင်လည်း လန်ဒန်ပြိုင်ဘက် အာဆင်နယ်အသင်းကို (၀-၅) ဂိုးဖြင့် ခြေပြတ်ဂိုးပြတ် ရှုံးနိမ့်ခဲ့ရသည်။ ချယ်လ်ဆီးအသင်းသည် ကြာသပတေးနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင်မူ လန်ဒန်ဒါဘီပြိုင်ဘက်အသင်း တစ်သင်းဖြစ်သည့် စပါးအသင်းကို (၂-၀)ဂိုး ဖြင့် အနိုင်ရခဲ့သည်။ 

သိို့သော် ယခုရာသီတွင် ကြုံတွေ့ခဲ့ရ သည့် ရလဒ်ဆိုးများကြောင့် ချယ်လ်ဆီးနည်းပြ ပိုချက်တီနို၏ အနာဂတ်မှာ လှုပ်ခတ်နေပြီး ရာသီကုန်တွင် နည်းပြရာထူးမှထုတ်ပယ်ခံရမည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်ဖော်ပြနေကြသည်။ ထို့ပြင် ချယ်လ်ဆီးအသင်း အနေဖြင့် လာမည့်ရာသီတွင် ပိုချက်တီနို၏ နေရာ၌ အစားထိုးခန့်အပ်ရန်အတွက် အသင်းနည်းပြဟောင်းများဖြစ်သည့် မော်ရင်ဟို၊ ကွန်တီတို့နှင့် ချိတ်ဆက်မှုများ ရှိနေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။  ယခုအခါ ပိုချက်တီနိုက ၎င်းအား အချိန်ထပ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ 

ပိုချက်တီနိုက "ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှမပြောနိုင်ပါဘူး။ ချယ်လ်ဆီးအသင်းကို အရင်လိုအောင်မြင်မှုတွေ ပြန်ရအောင် လုပ်ဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ လုပ်စရာတွေ အများကြီး ရှိနေသေးတာပါ။ ကျွန်တော်တို့အနေနဲ့ အ သင်းကို အောင်မြင်မှုတွေပြန်လည်ရရှိအောင် တည်ဆောက်ဖို့အတွက် အချိန်ရမလားဆိုတာကိုတော့ ကျွန်တော် စောင့်ကြည့်ရမှာပါ။ ကျွန်တော့်အနေနဲ့ အသင်းကစားသမားတွေနဲ့အတူ နောက်ဆုံးနေ့အထိ အလုပ်လုပ်သွားမှာပါ}}ဟု ပြောကြားခဲ့သည်။ 

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူဂန္ထဝင် ဂယ်ရီနဗီးလ်ကလည်း ချယ်လ်ဆီးအသင်းအနေဖြင့် ပိုချက်တီနိုကို အချိန်ပေးသင့်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ 

"ပိုချက်တီနို ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောနေကြတာ ကြာပါပြီ။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းအနေနဲ့  လာမယ့်ရာသီမှာ အသင်းကို နားလည်စပြုလာပြီဖြစ်တဲ့ ပိုချက်တီနိုကို ရာထူးကထုတ်ပြီး တခြားနည်းပြကိုခန့်တာမျိုးက မလုပ်သင့်ပါဘူး။ ပိုချက်တီနိုကိုပဲ အချိန်ပေးရမှာပါ။ သူက ပရီးမီးယားလိဂ်မှာ သူက သက်သေပြပြီးသားပါ"ဟု ဂယ် ရီနဗီးလ်က ပြောကြားခဲ့သည်။ 

Most Read

Most Recent