သရုပ်ဆောင် မြနှင်းရည်လွင်ရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ

သရုပ်ဆောင် မြနှင်းရည်လွင်ရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
Published 2 August 2019
လင်းလင်းခိုင်

အခုနှစ်ပိုင်းအတွင်း ရုပ်သံကြည့်ပရိသတ်တွေရဲ့ စိတ်အာရုံကို ဆွဲဆောင်ခေါ်ယူလာနိုင်တာက တစ်ကားထက်တစ်ကား ပိုမိုကောင်းမွန်အောင်ကြိုးစားလာတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ်တစ်ခုဝန်းကျင်က ကိုရီးယား၊ ဂျပန်၊ တရုတ်ရုပ်သံဇာတ်လမ်းတွဲတွေကို စောင့်ကြည့်အားပေးခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း အချိန်ပေးအားပေးလာကြတာပဲဖြစ်ပါတယ်။ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေကို စိတ်ဝင်စားမှု များပြားလာတဲ့နောက်မှာတော့ ဇာတ်ကားတွေမှာ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ တွဲဖက်လို့ လူငယ်သရုပ်ဆောင်တွေကလည်း ပရိသတ်အားပေးမှုကို ပိုမိုရရှိလာတာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ လက်ရှိထုတ်လွှင့်ပြသနေတဲ့ “ငွေစက္ကူ ၇ ရွက်” ရုပ်သံဇာတ်လမ်းတွဲမှာ မိသားစုအတွက် ပိုက်ဆံချမ်းသာချင်သလို မဟုတ်မခံစိတ်ရှိသူ မိန်းကလေးအဖြစ် ပါဝင်ထားတဲ့ သရုပ်ဆောင်မြနှင်းရည်လွင်ရဲ့ ငယ်ဘဝအမှတ်တရပုံရိပ်တချို့ကို ပြောပြပေးချင်ပါတယ်။

သရုပ်ဆောင်မြနှင်းရည်လွင်က ဇန်နဝါရီ ၁၂ ရက် ၁၉၈၇ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ရန်ကုန်ဇာတိဖြစ်ပါတယ်။ မွေးချင်းမောင်နှမ လေးယောက်ရှိတဲ့အနက် အငယ်ဆုံးသမီးလည်းဖြစ်ပါတယ်။ ငယ်စဉ်ဘဝရဲ့ အမှတ်တရကတော့ အလှအရမ်းကြိုက်တဲ့သူဖြစ်ပြီး ငယ်ငယ်လေးနဲ့ အလှပြင်ရတာကို သဘောကျသလို အလှပြင်ပစ္စည်းတွေတွေ့ရင်လည်း မနေနိုင်အောင် သဘောကျတတ်သူပါလို့ ဆိုပါတယ်။

“ငယ်ငယ်က အမှတ်တရကတော့ အလှပြင်ရတာ အရမ်းကြိုက်တာပဲ။ အလှပြင်ပစ္စည်းတွေတွေ့ရင်လည်း မနေနိုင်ဘူး။ ရှော့ပင်းထွက်တာခေါ်သွားရင်လည်း လေး၊ ငါးနှစ်ပဲရှိသေးပေမယ့် အလှကုန်ကောင်တာကိုပဲ တန်းပြီးသွားတတ်တယ်လို့ မာမီတို့က ပြောပြတယ်” လို့ မြနှင်းရည်လွင်က အမှတ်တရဆိုပါတယ်။

မြနှင်းရည်လွင်က ကျောင်းပညာရေးအနေနဲ့ သူငယ်တန်းနဲ့တစ်တန်းကို လှိုင်ကျောင်းမှာတက်ခဲ့ပေမယ့် နှစ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိကိုတော့ စိန်သြဂက်စတင်းကျောင်းမှာ တက်ခဲ့တယ်လို့ဆိုပါတယ်။ ကျောင်းပညာရေးမှာငယ်စဉ်က ကျောင်းစာတော်ပေမယ့် အတန်းကြီးလာချိန်မှာတော့ စာကျက်ပျင်းတာကြောင့် ပုံမှန်လောက်ပဲ စာလုပ်ဖြစ်တယ်လို့ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက်တော့ စိတ်ပညာအထူးပြုဘာသာရပ်ကို ဆက်လက်လေ့လာဆည်းပူးခဲ့တာဖြစ်ပါတယ်။

ကျောင်းတက်နေစဉ်တစ်လျှောက်မှာတော့ ကျောင်းမှာလုပ်တဲ့အနုပညာလှုပ်ရှားမှုတွေ၊ အလှမယ်ပြိုင်ပွဲတွေ၊ ဘင်ခရာအဖွဲ့တွေမှာ ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ မြနှင်းရည်လွင်ရဲ့ငယ်စဉ်ကတည်းက နောက်ထပ်ထူးခြားမှုကတော့ ရယ်စရာတွေပြောတတ်တာပါလို့ဆိုပါတယ်။ ပန်းချီဆွဲတာ ၀ါသနာပါပြီး သရုပ်ဆောင်ဖြစ်ရမယ်ဆိုတာမျိုး တွေးမိတာတော့ မရှိခဲ့ဘူးလို့ဆိုပါတယ်။ မြနှင်းရည်လွင်က တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်နဲ့ ခင်မင်သူဖြစ်တာကြောင့် အဲဗားဂေါ်လီအယ်လ်ဘမ်မှာ သီချင်းတစ်ပုဒ် ဝင်ရောက်ကူညီ သရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ခင်မင်သူတွေ အကူအညီတောင်းရာက ကြော်ငြာဓာတ်ပုံတွေ ရိုက်ကူးပေးဖြစ်သလို အကယ်ဒမီဗန်းကိုင်တစ်ဦးအနေနဲ့လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

မြနှင်းရည်လွင်က ပထမဆုံးရုပ်ရှင်ဇာတ်ကားအနေနဲ့ ဒါရိုက်တာအကယ်ဒမီ မီးပွားရိုက်ကူးတဲ့ “အေဒင်ရဲ့နတ်သမီး” ဇာတ်ကားမှာ ပါဝင်ခဲ့ပါတယ်။ ပထမဆုံးဇာတ်ကားမှာ ပါဝင်ခွင့်ရခဲ့တဲ့ ရှေ့နေဇာတ်ရုပ်နဲ့ ပရိသတ် သတိထားမိစေခဲ့သူဖြစ်ပါတယ်။ ဒီနောက်မှာတော့ မြနှင်းရည်လွင်က မိသားစုဘဝကိုတည်ထောင်ခဲ့ပြီး အနုပညာလုပ်ငန်းတွေကို ခင်ပွန်းဖြစ်သူရဲ့အားပေးမှုနဲ့ ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်ခဲ့ပါတယ်။ Forever နဲ့ လက်တွဲလို့ “နွေကန္တာဦး” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ မြနှင်းရည်လွင်ရဲ့ တစ်ကျော့ပြန်အနုပညာလှုပ်ရှားမှုတွေ စတင်ခဲ့တယ်လို့ ဆိုပါတယ်။

“နွေကန္တာဦးဇာတ်လမ်းတွဲမှာပါဝင်ပြီး ပထမဆုံးပြန်လုပ်ဖြစ်တဲ့အချိန်မှာ လက်ခံတဲ့့ပရိသတ်တွေရှိသလို သိပ်လက်မခံတဲ့ ပရိသတ်တွေလည်းရှိခဲ့တယ်။ မြနှင်းက ဒိုင်ယာလော့ခ်တွေပြောတဲ့အချိန်မှာ နည်းနည်းခက်ခဲတာမျိုးတွေ ရှိတယ်လေ။ Toxic မှာတော့ မြနှင်းလုပ်ရတဲ့ ကာရိုက်တာက ပရိသတ်ပိုပြီး သတိထားမိတာပေါ့။ ဒေါ်ရူဘီခင်ဇာတ်ရုပ်မှာ မျက်စောင်းထိုးတာ၊ မျက်နှာကိုမဲ့ရွဲ့နေတာမျိုးတွေက မြနှင်း ဒီအတိုင်းနေလည်းပဲ မျက်နှာပြောင်ပြီး လုပ်ပြနေကျအက်တင်မျိုးတွေဆိုတော့ လုပ်တတ်တယ်ပေါ့နော်။ အဲဒီဇာတ်ရုပ်လေးမှာ စပြီးအားပေးလာကြတယ်။ အခုလွှင့်နေတဲ့ဇာတ်လမ်းတွဲကတော့ နောက်ဆုံးရိုက်ရတဲ့ ဇာတ်လမ်းတွဲဆိုတော့ သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ပိုပြီးအသားကျလာတယ်ဆိုတော့ ပရိသတ်တွေ ပိုပြီးကြိုက်ကြတဲ့သဘောပေါ့” လို့ ဆိုပါတယ်။

မြနှင်းရည်လွင်က လက်ရှိပြသနေတဲ့ ငွေစက္ကူ ၇ ရွက် ဇာတ်လမ်းတွဲမှာ မိသားစုဘဝအခက်အခဲအတွက် ကေတီဗွီမှာ အလုပ်လုပ်နေရသလို မဟုတ်မခံ ဆတ်ဆတ်ကြဲမိန်းကလေးတစ်ယောက်အနေနဲ့လည်း ပါဝင်ထားတာပါ။ မြနှင်းရည်လွင်က ရှေ့ဆက်မယ့်အနုပညာလုပ်ငန်းတွေမှာလည်း အကောင်းဆုံးကြိုးစားသွားမှာဖြစ်သလို ပရိသတ်တွေကိုလည်း အားပေးကြတဲ့အတွက် ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အရင်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲတွေ ပြန်လည်ထုတ်လွှင့်ဖို့တွေလည်း ရှိနေတာကြောင့် သရုပ်ဆောင်အပိုင်းမှာ အားနည်းချက်တွေရှိခဲ့ရင်လည်း သည်းခံပါလို့ ဆိုခဲ့ပါတယ်။ အခုတစ်ပတ်မှာ တွေ့ဆုံခဲ့တဲ့ မြနှင်းရည်လွင်ပြောပြတဲ့ အမှတ်တရလေးတွေကို ဖတ်ရှုရင်း သူ့ကိုချစ်တဲ့ ပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်မယ်လို့ ယုံကြည်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း ဘယ်အနုပညာရှင်ရဲ့ စိတ်ဝင်စားစရာငယ်ဘဝပုံရိပ်တွေကို မေးမြန်းတင်ဆက်သွားမယ်ဆိုတာ စောင့်မျှော်ဖတ်ရှုပေးပါဦးလို့ ဆိုပါရစေ။ 

Most Read

Most Recent