လွှတ်တော်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ဆွဲဆောင်နိုင်မလား

လွှတ်တော်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ဆွဲဆောင်နိုင်မလား
 ဇူလိုင် ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအား တွေ့ရစဉ်
ဇူလိုင် ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအား တွေ့ရစဉ်
Published 28 July 2019
မင်းနိုင်စိုး

၁)

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အစီရင်ခံစာကို ဇူလိုင် ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီးနောက် လွှတ်တော်တွင်း နိုင်ငံရေးမှာ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယင်းကော်မတီ၏ အစည်းအဝေးများကို လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီ ၁၄ ပါတီမှ ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များဖြင့် ကျင်းပခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်၊ ဖြည့်စွက်ရန်၊ ပယ်ဖျက်ရန် အကြံပြုချက်များမှာ အခန်း (၁) တွင် ၂၃၁ ချက် ၊ အခန်း (၂) တွင် ၁၁၁ ချက် ၊ အခန်း (၃) တွင် ၂၁၈ ချက် ၊ အခန်း (၄) တွင် ၈၅၉ ချက် ၊ အခန်း (၅) တွင် ၁၂၁၁ ချက်၊ အခန်း (၆) တွင် ၆၃၂ ချက်၊ အခန်း (၇) တွင် ၄၂ ချက် ၊ အခန်း (၈) တွင် ၅၈ ချက် ၊ အခန်း (၉) တွင် (၄၅) ချက် ၊ အခန်း (၁၀) တွင် ၂၀ ချက်၊ အခန်း (၁၁) တွင် ၁၂၈ ချက် ၊ အခန်း (၁၂) တွင် ၂၇ ချက်၊ အခန်း (၁၃) တွင် ၁၃ ချက်၊ အခန်း (၁၄) တွင် ၁၀၂ ချက်နှင့် အခန်း (၁၅) တွင် ၆၈ ချက် စုစုပေါင်း ၃၇၆၅ ချက် ဖြစ်သည်။

ပါတီများအလိုက် အကြံပြုချက်များမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၁၁၁၂ ချက် ၊ ရခိုင်အမျိုးသားပါတီ ၈၅၈ ချက် ၊ မွန်အမျိုးသားပါတီ ၆၄၁ ချက်၊ အမျိုးသားညီညွတ်ရေး ဒီမိုကရက်တစ်ပါတီ ၄၆၂ ချက် ၊ တအာင်းအမျိုးသားပါတီ ၁၇၈ ချက်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ၅၃  ချက်၊ ပအိုဝ်းအမျိုသားအဖွဲ့ချုပ် ၁၄၀ ချက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၁၄ ချက်၊ ကချင်ဒီမိုကရေစီပါတီ ၁၁၁ ချက် ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ ၄၁ ချက်၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၂၆ ချက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၁၇ ချက်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၁၀ ချက်နှင့် တစ်သီးပုဂ္ဂလ သုံးချက်တို့ဖြစ်သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီအနေဖြင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုလွှတ်တော်ရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၁၉) အပိုဒ် ၃ တွင် ဖော်ပြထားသည့် ဦးတည်ချက်ငါးရပ်ကို အခြေခံ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်ခြင်းရှိစေရန် ၊ ရှေ့နောက်ညီညွတ်၍ ဆန့်ကျင်ကွဲလွဲမှု မရှိသည့် ပြဋ္ဌာန်းချက်များ ဖြစ်ပေါ်လာစေရန်၊ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်စေသော ပြဋ္ဌာန်းချက်များကို ပြင်ဆင်နိုင်ရန်အတွက် ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ သုံးသပ်ပြင်ဆင်ဆောင်ရွက်နိုင်ရေးသည် ပြည်ထောင်စုလွှတ်တော်ရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၁၉) အပိုဒ် ၃ တွင် ဖော်ပြထားသည့် ဦးတည်ချက် ငါးရပ်တွင် ပါဝင်သည်။     

အပြန်အလှန် ထိန်းကျောင်းရမည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာသုံးရပ်ကို တစ်ဖက်စောင်းနင်းဖြစ်စေသော ပြဋ္ဌာန်းချက်များ၊ နိုင်ငံသားများ၏ တန်းတူညီမျှမှုကို အကာအကွယ်ပေးနိုင်ခြင်း မရှိသော ပြဋ္ဌာန်းချက်များ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် အဟန့်အတားဖြစ်စေသော ပြဋ္ဌာန်းချက်များကို ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန် စနစ်တကျ ပြင်ဆင်ဆောင်ရွက်ရေးသည်လည်း ပြည်ထောင်စုလွှတ်တော်ရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၁၉) အပိုဒ် ၃ တွင် ဖော်ပြထားသည့် ဦးတည်ချက်ငါးရပ်တွင် ပါဝင်ခဲ့သည်။

 

ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်နှင့် အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းများကို တိုးတက်အကောင်အထည်ဖော် ဆောင်နိုင်ရန်အတွက် ၂၁ ရာစု ပင်လုံညီလာခံက အတည်ပြုခဲ့ပြီးဖြစ်သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) ပါ နိုင်ငံတော်ကို ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်ဟူသည့် သဘောတူညီချက်နှင့် လိုက်လျောညီထွေစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြစ်လာစေရေးသည်လည်း အထက်ပါဦးတည်ချက် ငါးရပ်တွင် ပါဝင်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်ခဲ့ပြီး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ၎င်းတို့က သဘောထားမှတ်ချက် သုံးခုပေးခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင် ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းဆောင်ရွက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) နှင့် ကိုက်ညီခြင်းမရှိသောကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကော်မတီဖွဲ့စည်းရန် အဆိုတင်သွင်းစဉ်ကပင် ကန့်ကွက်ခဲ့ပြီးဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်များက သဘောထားမှတ်ချက်ပေးသည်။

သို့သော်လည်း ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်အတည်ပြုပြီး အဆိုပါကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်၍ ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသောအားဖြင့် ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားမှတ်ချက်တွင် ပါဝင်သည်။

ထိုသို့ တက်ရောက်စဉ်တွင်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ရန်အဆိုပြုချက်များ တင်သွင်းခြင်း၊ သဘောထားမှတ်ချက်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ယခု ပူးပေါင်းကော်မတီ၏ အစီရင်ခံစာဆိုင်ရာ လုပ်ငန်းစဉ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်းမရှိ ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက သဘောထားမှတ်ချက် ပေးခဲ့သည်။

လွှတ်တော်တွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ထိရောက်မှုရှိမည် မဟုတ်ကြောင်းနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ထိရောက်မှုရှိရန် အချိန်ယူရဦးမည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က ပြောကြားသည်။

“ဖွဲ့စည်းပုံပြင်ဆင်ရေးကတော့ ကျွန်တော်တို့ သိပ်မလွယ်ဘူးထင်တယ်။ အချိန်ယူရမယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်ပြင်ပတုန်းကလည်း ရွှေဂုံတိုင်ကြေညာချက်ဆိုပြီး အကြီးအကျယ် လုပ်ခဲ့တာပဲလေ။ လွှတ်တော်ဝင်တော့လည် း သိပ်ပြီးတော့ တိုးမပေါက်ဘူး။ နောက်ပြီး လူဘယ်နှသန်းလည်း လက်မှတ်ထိုးတာ။ အဲဒါကလည်း သိပ်အဆင်မပြေဘူး။ အဲဒါကြောင့် ကျွန်တော်ထင်ပါတယ်။ သိပ်ခက်ခဲမှာ” ဟု ခိုင်စိုးနိုင်အောင်က ပြောကြားသည်။

(၂)    

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရည်ညွှန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများကို ဖော်ပြထားသည်။

အခန်း (၁၂) ပုဒ်မ ၄၃၃ (က) အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်တွင် သွင်းသောအဆိုကို ဥပဒေမူကြမ်းအဖြစ် တင်သွင်းရမည်ဖြစ်ပြီး (ခ) အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အဆို တင်သွင်းသော ဥပဒေမူကြမ်းတွင် အခြားအဆိုများ မပါရှိစေရန်ဟု ပြဋ္ဌာန်းထားသည်။

ထို့နောက် ပုဒ်မ ၄၃၄ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရမည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ ၄၃၅ တွင် ယင်းမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် အခန်း (၁၂) ပါ ပြဋ္ဌာန်းချက်များအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုပါက အဆိုကို ဥပဒေမူကြမ်းအဖြစ် တင်သွင်းရမည်ဟု လမ်းညွှန်ထားသော်လည်း မည်သည့်အစုအဖွဲ့က ယင်းမူကြမ်းကို ရေးဆွဲရမည် သို့မဟုတ် တင်သွင်းရမည်ဟု တိကျစွာ ဖော်ပြထားခြင်း မရှိပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ဥပဒေမူကြမ်းကို အစိုးရအဖွဲ့က ရေးဆွဲရမည်လား။ လွှတ်တော်အစုအဖွဲ့က ရေးဆွဲရမည်လား။ တပ်မတော်အစုအဖွဲ့က ရေးဆွဲရမည်လား။ နိုင်ငံရေးပါတီများက ရေးဆွဲရမည်လား တိကျစွာ ဖော်ပြထားခြင်း မရှိသည့်အပေါ် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆက်လက်ဆောင်ရွက်ရန် နည်းလမ်းမရှိသကဲ့သို့ ဖြစ်နေသည်။

ထို့ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ယခုဆောင်ရွက်ခဲ့သော နည်းလမ်းများဖြစ်သည့် ပူးပေါင်းကော်မတီဖွဲ့စည်းရန် အဆိုတင်သွင်း၍ ကော်မတီဖွဲ့စည်းခြင်း၊ ပူးပေါင်း ကော်မတီက သဘောထားအကြံပြုချက်များ စုစည်းခြင်းနှင့် စုစည်းရရှိလာသော အချက်များကို အစီရင်ခံစာအဖြစ် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်တင်ပြခြင်းသည် နည်းလမ်းကျသည်ဟု သတ်မှတ်နိုင်သည်။

အကယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အစုအဖွဲ့တစ်ခုက အခန်း (၁၂) ပုဒ်မ ၄၃၃ (က) ၊ (ခ) ပြဋ္ဌာန်း ချက်အတိုင်း ဆောင်ရွက်လျှင်ပင် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားနိုင်သည့် အခြေအနေတွင် ရှိနေသည်။

သို့သော်လည်း နိုင်ငံရေးတွင် တပ်မတော်၏ ပါဝင်မှုကို သိသိသာသာ လျှော့ချခြင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် ကနဦးဆောင်ရွက်ရမည့် လုပ်ငန်းစဉ် မဟုတ်သေးဘဲ  ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ကို လိုက်လျောညီထွေမှုရှိမှုရှိအောင် ဦးစွာဆောင်ရွက်သင့်သည်။

NLD အစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုပါက ၎င်းတို့ အစိုးရတာဝန်ရယူစဉ်ကပင် အခန်း (၁၂) ပြင်ဆင်ရေးနှင့်ပတ်သက်၍ တစ်ဆင့်ချင်း ဆောင်ရွက်သင့်ပြီး ယင်းလုပ်ငန်းစဉ် အောင်မြင်မှသာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားသော ပြဋ္ဌာန်းချက်များကို ပြင်ဆင်နိုင်ရေး ကြိုးစားရမည်ဖြစ်သည်။

အကယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်းကို အသုံးချ၍ နိုင်ငံရေးတွင် တပ်မတော်၏ ပါဝင်မှုကို လျှော့ချရန် ကြိုးပမ်းမှုအပေါ် လူထုထောက်ခံမှု ရရှိနိုင်သော်လည်း အစိုးရ၏မူဝါဒဖြစ်သည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး သို့မဟုတ် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးမှာ သိသိသာသာ ကျဆင်းလာမည်ဖြစ်သည်။

 

တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မျှော်လင့်ချက် နည်းပါးသည်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) ပုဒ်မ ၂၀ (စ) တွင် တိတိကျကျ ဖော်ပြထားသကဲ့သို့ အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များတွင်ပါဝင်သည့် ပုဒ်မ ၄၄၅ ကလည်း သက်သေခံနေသည်။

အခန်း (၁) ပုဒ်မ ၂၀ (စ) တွင် တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ ပုဒ်မ ၄၄၅ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ပြန်တမ်း များ၊ ကြေညာချက်များကိုလည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံ သည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင် တစ်ဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြလျက် ယင်းတို့အား တရားစွဲဆိုခြင်း အရေးယူခြင်းမရှိစေရဟု ပြဋ္ဌာန်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်တွင်း ဆောင်ရွက်ချက်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းနှင့်ပတ်သက်၍ ယင်းကိစ္စသည် ၎င်းတို့၏ လုပ်ပိုင်ခွင့်သာဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

“လွှတ်တော် ပြင်ပလမ်းကြောင်းကလည်း အားကြိုးမာန်တက် ပြန်ကြိုးစားရမှာပေါ့။ ကျွန်တော်တို့ လမ်းကြောင်းက နည်းနည်း ရပ်တန့်နေတယ်။ ဒါကြောင့် လွှတ်တော်တွင်း လမ်းကြောင်းက သွားတာ သွားပါစေ။ လွှတ်တော်ပြင်ပလမ်းကြောင်း အားကောင်းလာရင်လည်း ကျွန်တော်တို့ ပြန်ပေါင်းစပ်တာပေါ့ဗျာ။ ကျွန်တော်တို့ တာဝန်က လွှတ်တော်ပြင်ပလမ်းကြောင်း ဖြစ်နေတော့ ကိုယ့်လမ်းကြောင်းနဲ့ကိုယ်၊ ကိုယ့်လုပ်ပိုင်ခွင့်ဘောင်နဲ့ကိုယ် သွားရမယ့် သဘောရှိတယ်။ တပ်မတော်ကလည်း လွှတ်တော်ထဲမှာ တရားဝင် ထိုင်နေတာကိုး။ တပ်မတော်သားတွေလည်း တွေပဲလေ။ ဖွဲ့စည်းပုံအရပေါ့။ ဒါကြောင့် Law Maker တွေရဲ့ တရားဝင် လုပ်ပိုင်ခွင့်ကို သူတို့လည်း အသုံးပြုနိုင်တာပေါ့။ အသုံးပြုရင်လည်းရတယ်။ အသုံးမပြုချင်ရင်လည်း ရတယ်။ ဒါကတော့ သူတို့တာဝန်ပေါ့” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

(၃)

လက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြီးပြည့်စုံမှု မရှိသေးသည့်အတွက် ပြင်ဆင်ရန် လိုအပ်သည်ဟု အစိုးရ ၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက သဘောထားမှတ်ချက် ပေးထားကြသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ လမ်းကြောင်းနှစ်ကြောင်းဖြင့် ဆောင်ရွက်နေပြီး တစ်ကြောင်းမှာ လွှတ်တော်လမ်းကြောင်းဖြစ်ပြီး နောက်ထပ်လမ်းကြောင်း တစ်ခုမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံမှ ထွက်ပေါ်လာသော ရလဒ်များဖြင့် ပြင်ဆင်ခြင်းဖြစ်သည်။

လွှတ်တော်လမ်းကြောင်း ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းကြောင့် မအောင်မြင်နိုင်သကဲ့သို့ လွှတ်တော်ပြင်ပလမ်းကြောင်းတစ်ခုဖြစ်သည့် (၂၁) ပင်လုံ လမ်းကြောင်းမှာလည်း လတ်တလောတွင် ရပ်တန့်နေသည်။

မြန်မာနိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော နိုင်ငံတစ်ခုဖြစ်အောင် တည်ဆောက်မည်ဟုဆိုကာ အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို NCA စာချုပ်မှတစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်လာစေရန် သိမ်းသွင်းနေသည်။

ထိုသို့ ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်များထဲတွင် (၂၁) ပင်လုံညီလာခံမှ ရလဒ်များဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းလည်း ပါဝင်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည့်စုံမှုမရှိ၊ မျှတမှုမရှိသည့်အတွက် လက်နက်စွဲကိုင်ကာ တော်လှန်ရေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) သတင်းနှင့် ပြန်ကြားရေးဌာနမှ ဗိုလ်မှူးတားအိုက်ကျော်က ဆိုသည်။

ထို့ပြင် ရွေးကောက်ပွဲနီးမှ ဖွဲ့စည်းပုံ ပြင်ဆင်ရန် ကြိုးပမ်းလာမှုသည် အာဏာရပါတီက မဲဆွယ်စည်းရုံးခြင်းလည်းဖြစ်နိုင်ကြောင်း ဗိုလ်မှူးတားအိုက်ကျော်က သုံးသပ်သည်။

“ရွေးကောက်ပွဲနီးမှ ဒီလိုတက်သုတ်ရိုက်ပြီး ထလုပ်တယ်။ဒီလိုမျိုးက ကျွန်တော်တို့ မြင်တာကတော့ မဲဆွယ်စည်းရုံးမှုပုံစံလည်း ဖြစ်ရင် ဖြစ်နိုင်တယ်။ အရင်က ဘာမှမလုပ်ဘဲ အခုမှ ဘာဖြစ်လို့  ထလုပ်သလဲ။ အဲဒီလို မေးစရာတော့ရှိတယ်” ဟု ဗိုလ်မှူးတားအိုက်ကျော်က ပြောကြားသည်။

 

လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး အဆိုပါတိုက်ပွဲများ ရပ်တန့်၍ နိုင်ငံရေး ဆွေးနွေးမှုလမ်းကြောင်းမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် အားလုံးက လက်ခံနိုင်သည့် အဖြေတစ်ခု ရှာဖွေခြင်းသည် အဆင်ပြေနိုင်ကြောင်းလည်း ဗိုလ်မှူးတားအိုက်ကျော်က သုံးသပ်ခဲ့သည်။                 

သို့သော်လည်း လွှတ်တော်ပြင်ပလမ်းကြောင်းမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် အောင်မြင်နိုင်ဖွယ်မရှိကြောင်း နိုင်ငံရေးသုတေသီတစ်ဦးဖြစ်သူ ဒေါက်တာအောင်မျိုးက ပြောကြားသည်။

လွှတ်တော်ပြင်ပလမ်းကြောင်းမှ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မဖြစ်နိုင်သကဲ့သို့ လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး မဆွဲဆောင်နိုင်ကြောင်း၊ လွှတ်တော်တွင်းလမ်းကြောင်း၏ ဖွဲ့စည်းပုံပြင်ဆင်ချက် တစ်ချက်သည်ပင် ၎င်းတို့ကို ဆွဲဆောင်နိုင်ကြောင်း ဒေါက်တာအောင်မျိုးက ပြောကြားသည်။

“လိုတိုရှင်းပြောရရင်တော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အထူးသဖြင့် ပြည်နယ်တွေပေါ့။ ပြည်နယ်တွေကို အာဏာခွဲဝေမှုအပိုင်းပေါ့။ ဘတ်ဂျက်အပိုင်းနဲ့ နောက်တစ်ခုက ကိုယ်စားပြုမှုအပိုင်းပေါ့။ ကိုယ်စားပြုမှုဆိုတာက ဥပမာ ဆိုပါတော့ဗျာ။ အုပ်ချုပ်ရေးအာဏာမှာ သူတို့က လက်ရှိမှာတော့ ပြည်နယ်ဝန်ကြီးချုပ်တောင်မှ သူတို့က မလုပ်နိုင်ဘူးဗျာ။ ကိုယ်စားမပြုနိုင်ဘူးပေါ့။ အဓိက အခြေခံကျတာကတော့ အဲဒီပြည်နယ်ဝန်ကြီးချုပ်ပေါ့။ ပြီးလို့ရှိရင်တော့ ကျွန်တော်တို့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သူတို့ Power Sharing လုပ်နိုင်အောင် ဘယ်လိုလုပ်ပေးနိုင်မလဲ။ ဝင်နိုင်အောင်ပေါ့။ အဲဒါမျိုးအချက်အလက်တွေမှာ ကျွန်တော်တို့က ထွက်လာပြီဟေ့ဆိုရင်တော့  ဒါကိုကျေနပ်သွားလို့ရှိရင် ကျွန်တော်တို့ လက်နက်ကိုင်ဆိုတာက ကျွန်တော်တို့ ဒါကို သင်းသတ်ခံရတဲ့ ကျွန်းပင်လိုပဲ အဖျားရှူးသွားမှာပေါ့ဗျာ။ အဲဒီတော့ အဓိက ကတော့ သူတို့အနေနဲ့ကတော့ ဒီကဆွဲဆောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီကလုပ်တဲ့ လုပ်ရပ်အပေါ်မှာပဲ အကျိုးသွားသက်ရောက်လိမ့်မယ်။ ဒီဘက်က လုပ်တာကကောင်းရင် ကောင်းသလို ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူပြုမယ်။ မကောင်းဘူးဆိုရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူပြုမှာ မဟုတ်ဘူး” ဟု ဒေါက်တာအောင်မျိုးက ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေး တကယ်ရရှိသွားနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် အချက်တစ်ချက်သာ ပြင်နိုင်ပါက ငြိမ်းချမ်းရေးအတွက် ဖြစ်နိုင်ခြေများစွာ ရှိနိုင်သည်ဟုလည်း ဒေါက်တာအောင်မျိုးက သုံးသပ်သည်။

ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲနီးချိန်တွင် NLD ဦးဆောင်သည့် လွှတ်တော်ကဖွဲ့စည်းပုံ ပြင်ဆင်ရန် ကြိုးပမ်းလာခြင်းသည် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်း နည်းလမ်းတစ်မျိုးပင်ဖြစ်ကြောင်းလည်း နိုင်ငံရေးလေ့လာသုံးသပ်သူနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့က သုံးသပ်သည်။

NLD ဦးဆောင်သည့် လွှတ်တော်အနေဖြင့် ၂၀၁၆ လွှတ်တော်စတင်ကတည်းကပင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သဘောတူညီချက် ရရှိနိုင်သော အချက်များကို နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ခဲ့ပါက အမှန်တကယ် ပြင်ဆင်လိုသည်ဟု ပြောနိုင်ကြောင်း ဒေါက်တာအောင်မျိုးက ပြောကြားသည်။

“အခုကျမှ ဝုန်းခနဲ ဒိုင်းခနဲ ဖြစ်လာတဲ့ အနေအထားမျိုးကတော့ ပြည်သူကို ကတိပေးထားတာလည်း ရှိနေ၊ ဘာမှလည်း မအောင်မြင်တဲ့အခါကျတော့ ၂၀၂၀ ကလည်း နီးဆိုတော့ အဲဒီအချက်သုံးချက်လောက် သွားပြီး မူတည်ပြီးတော့ ပြောရလို့ရှိရင်တော့ဗျာ နိုင်ငံရေးအရှိန် သြဇာအတွက်ကို ကျွန်တော်က မျှော်လင့်ပါတယ်။ နောက်ပြီးတော့ စစ်တပ်ကို ငြင်းပယ်ဖို့နဲ့ စစ်တပ်ကို လူဆိုးလုပ်ပေးဖို့ပဲပေါ့။ ဒါကတစ်ချက်ပေါ့” ဟု လွှတ်တော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်မှုအပေါ် ဒေါက်တာအောင်မျိုးက ၎င်း၏ အမြင်ကို သုံးသပ်ပြောကြားသည်။

(၄)

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်သွင်းလာသော အစီရင်ခံစာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အချက်ပေါင်းသုံးထောင်ကျော် ပါဝင်လာပြီး ဤမျှများပြားလှသော အချက်များကို ပြင်ဆင်ရန် ကြိုးပမ်းခြင်းသည် နိုင်ငံအတွက် မည်မျှအန္တရာယ်ရှိသည်ကို သိနိုင်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့သည်။

သို့သော်လည်း ပြည်သူလူထု ဒုက္ခရောက်စေမည့် နိုင်ငံရေးလှုပ်ရှားမှုကို NLD ပါတီက လှုပ်ရှားမည်မဟုတ်ဘဲ အကယ်၍ တစ်စုံတစ်ရာ အန္တရာယ်ရှိပါက NLD ပါတီ ဝင်များကရှေ့တန်းမှ ခံစားသွားမည်ဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က တုံ့ပြန်ပြောကြားသည်။

လက်ရှိ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရန် ကြိုးပမ်းမှုကြောင့် လွှတ်တော်တွင်း နိုင်ငံရေးအခြေအနေမှာ လှုပ်လှုပ်ရှားရှား ရှိနေဦးမည်ဖြစ်သော်လည်း တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းကြောင့် တစ်စုံတစ်ခုသော ရလဒ်ထွက်ပေါ်လာမည် မဟုတ်ပေ။

ထို့ကြောင့် NLD ပါတီ ဦးဆောင်သော လွှတ်တော်အနေဖြင့် ထိရောက်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်လိုပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ကို သေချာစွာ လေ့လာသုံးသပ်ပြီး အဆိုပါအခန်းကို ပြင်ဆင်နိုင်ရေးအတွက်သာ အာရုံစူးစိုက်သင့်သည်။

ထို့ပြင် အဆိုပါအခန်းကို ပြင်ဆင်နိုင်ရန်အတွက် တပ်မတော်နှင့် သဘောတူညီချက်တစ်ခုခု ရရှိသည်အထိ ယုံကြည်မှုတည်ဆောက်ထားရန် လိုအပ်မည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှုမှာ သဲထဲရေသွန်အဖြစ်မျိုးသာ ရောက်ရှိနေမည်ဖြစ်သည်။

ထို့ပြင် မအောင်မြင်သော ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အစိုးရအပေါ် ယုံကြည်မှုမှာလည်း ကျဆင်းသွားနိုင်သည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်ပြီး ယင်းအတွက်ကြောင့် NCA မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်လာနိုင်ရေး အိပ်မက်မှာ ပျက်ပြယ်သွားနိုင်ပေသည်။    

 

Most Read

Most Recent