နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းစိန်ခေါ်မှုများနှင့် လာမည့် နှစ် ၂၀ မျှော်မှန်းချက်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းစိန်ခေါ်မှုများနှင့် လာမည့် နှစ် ၂၀ မျှော်မှန်းချက်
သီလဝါအထူးစီးပွားရေးဇုန်ရှိ အမေရိကန်ကုမ္ပဏီတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - နီလာ)
သီလဝါအထူးစီးပွားရေးဇုန်ရှိ အမေရိကန်ကုမ္ပဏီတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - နီလာ)
Published 28 July 2019
နီလာ

အစိုးရသစ်တက်ပြီး  ၃၉ လ အတွင်း မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၇ ဒသမ ၆၀၇ ဘီလျံကျော်နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏကျပ် ၇၂၉၉ ဘီလျံ ဝန်းကျင်ရှိလာကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှရရှိ သောစာရင်းများက ဆိုသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံနိုင်ငံ သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၅၈၀၀ အထိ ဝင်ရောက်ရန်ရည်မှန်းထားသည်။ လက်ရှိ ဘဏ္ဍာနှစ်အောက်တိုဘာ ၁ ရက်မှ  ဇူလိုင် ၁၀ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၄၇၄ ဒသမ ၅၂၁ သန်း ဝင်ရောက်ထားကြောင်း သိရသည်။

ထို့ကြောင့် ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လကျော်သာကျန်ရှိတော့သည့်အချိန်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏဒေါ်လာ ၂၃၂၅ သန်း ကျော် ထပ်မံဝင်ရောက်ရန်လိုအပ်နေသည်ကို တွေ့ရသည်။

 လက်ရှိဘဏ္ဍာနှစ်၏ လျာထားချက် ပြည့်မီရန် နှစ်လခန့်အတွင်း ဒေါ်လာ သန်း ၂၃၀၀ ကျော်ရှာဖွေရ မည့်အခြေအနေမှာ စိန်ခေါ်မှုများရှိနေသည်ဟု မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်က မှတ်ချက်ပြုထားသည်။

 

အပြိုင်အဆိုင် ဖိတ်ခေါ်လာကြသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာအရေးပါသည်။ သို့သော် မည်သို့သော FDI များကို များများ ဖိတ်ခေါ်သင့်ပြီး မည်သို့သော FDI များကိုမူ ဖိတ်ခေါ်ရန်မသင့်ဟူသည်မှာ စဉ်းစားပြီး လုပ်ဆောင်ရန် လိုအပ်သည်။

 FDI ဆိုရုံဖြင့် အရေးပါသည်ဟု လှေနံဓားထစ်ပြော၍မရကြောင်း စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

နည်းပညာများ လွှဲပြောင်းပေးနိုင်မည့်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ ပြည်တွင်းလိုအပ်ချက်အတွက် တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်မည့်ရင်းနှီးမြှုပ်နှံမှုများ၊ နိုင်ငံခြားငွေရှာဖွေပေးမည့် FDI များ၊ ပြည်တွင်းလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မည့် FDIများနှင့် ယင်းသို့ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာ့ Global Supply Chain ထဲသို့ ဝင်ရောက်သွားမည့် FDIများဖြစ်ရန် အရေးကြီးသည်။

“တချို့ FDI တွေက စျေးပေါပေါ၊ လုပ်သားပေါပေါနဲ့ ပြည်တွင်းစျေးကွက်ထဲမှာ အမြတ်ထုတ်ပြီး စောစောကပြောတဲ့ သူတို့ငွေတွေကို  ပြန်ထုတ်သွားတဲ့ FDI မျိုးတွေ လည်းရှိတယ်။ အဲဒါမျိုးကိုတော့ သေချာစဉ်းစားရမယ်။သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် FDI မျိုးကို လက်မခံရဘူး။ ယဉ်ကျေးမှု ကိုပျက်စီးသွားစေမယ့် FDI မျိုးကို လက်မခံရဘူး” ဟု ဒေါက်တာအောင်ကိုကိုက ဆိုသည်။

လက်ရှိတွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကို အပြိုင်အဆိုင်ဖိတ်ခေါ်နေကြသည်။ အမေရိကန်ကဲ့သို့ နိုင်ငံမျိုးဖြစ်စေ၊ ဂျပန်ဖြစ်စေ၊ တရုတ်ဖြစ်စေ မြန်မာနိုင်ငံထက် စီးပွားရေးများစွာ ဖွံ့ဖြိုးနေသည့်နိုင်ငံများကပင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နေကြသည်။

မိမိနိုင်ငံသားများအား မိမိနိုင်ငံအတွင်း ပြန်ပြီးရင်းနှီးမြှုပ်နှံအောင် ဆွဲခေါ်လျက်ရှိကြသည်။ အမေရိကန်ပင်လျှင် ထရန့်အစိုးရတက်လာပြီး နောက်ပိုင်း ပြင်ပသို့ထွက်၍ရင်းနှီးမြှုပ်နှံနေသည့်နိုင်ငံသားများကို အမေရိကန်တွင် ပြန်လည်ရင်းနှီးမြှုပ်နှံရန် ပေါ်လစီမျိုးစုံဖြင့် တိုးမြှင့်အောင်လုပ်ဆောင်လာသည်ကို တွေ့ရသည်။

ယခုနှစ်ပိုင်းအတွင်း ကမ္ဘာ့ Supply Chain သည် တဖြည်းဖြည်း ပြောင်းလဲလာသည်ကို တွေ့ရသည်။ဥပမာ အမေရိကန်နှင့် တရုတ်ကုန် သွယ်ရေးစစ်ပွဲပုံစံဖြင့် စတင်လိုက်သည့်အခြေအနေက များစွာသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေသည်။

တရုတ်နိုင်ငံက OBOR, BRI ကို အကောင်အထည်ဖော်နေသကဲ့သို့ ဥရောပက အီတလီကဲ့သို့ နိုင်ငံပင်လျှင် BRI တွင် ပါဝင်၍ ဆောင်ရွက်လာသည်ကို တွေ့ရသည်။ ယင်း၏ နောက်ဆက်တွဲမှာ ကုန်သွယ်ရေး အားပြိုင်ခြင်းမျိုးမဟုတ်တော့ဘဲ ငွေကြေးအားပြိုင်မှု ဖြစ်ပေါ်လာသည်အထိ တွေ့ရသည်။

“တရုတ်ငွေကြေးနဲ့ အမေရိကန်ဒေါ်လာအကြား ပြိုင်ဆိုင်လာတာတွေ့ရတယ်။ တရုတ်ယွမ်ငွေဟာ ကမ္ဘာ့ငွေကြေးစျေးကွက်ထဲမှာ တဖြည်းဖြည်းနဲ့ ထိုးဖောက်လာတာတွေ့ရတယ်။ ဒေါ်လာဖြစ်ဖြစ်၊ ယွမ် ဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ငွေကြေးက လူများများသုံးမှ တန်ဖိုးရှိတာကိုး။ အဲဒါဖြစ်လာတော့ FDI ဆိုတာက  ဘယ်နိုင်ငံမှာ FDI လုပ်ကြမလဲဆိုတာရှိလာတယ်” ဟု ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများနည်းတူ မြန်မာ့စီးပွားရေးသည်လည်း ကမ္ဘာ့စီးပွားရေးလမ်းကြောင်း ဦးတည်ရာနှင့် နိုင်ငံရေးအခြေအနေများကြောင့် ရိုက်ခတ်မှုများရှိခဲ့သည်။ အမေရိကန်၊ တရုတ်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများစသည့်နိုင်ငံကြီးများ၏ စီးပွားရေးစက်ဝန်းသည် ကမ္ဘာ့ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ထင်ရှားသည့်  သက်ရောက်မှုများဖြစ်စေခဲ့သည်။

         

မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများ

မသေချာမရေရာသည့် ကမ္ဘာ့နိုင်ငံရေးအခြေအနေ၊ အာဆီယံ AEC အောက်တွင် အခြားသော အာဆီယံနိုင်ငံများနှင့် ယှဉ်ပြိုင်နေရခြင်း၊ ကမ္ဘာ့စီးပွားရေးစက်ဝန်းနှင့် ဝယ်လိုအား အတက်အကျ၊ သဘာဝ ဘေးအန္တရာယ်များနှင့် ရာသီဥတုအခြေအနေများကြောင့် စိုက်ပျိုးရေး ပျက်စီးထိခိုက်ခြင်း စသည့်အချက် များမှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် ရှိလာနိုင်သည့် စိန်ခေါ်မှုများဖြစ်သည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းတွင် ဖော်ပြထားသည်။

ရပ်တန့်နေသည့် ကမ္ဘာ့ဝယ်လိုအား တိုးတက်မှုမှာ မြန်မာနိုင်ငံ၏ပို့ကုန်များနှင့် မြန်မာနိုင်ငံအတွင်းသို့ ပို့ကုန်ဦးစားပေး FDI များအပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှုများ ဖြစ်စေနိုင်သည်။

နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွင် ဆုံးရှုံးနိုင်ခြေမှာ ပြင်းထန်သည့် မိုးလေဝသအခြေအနေဖြစ်သည့် သဘာဝဘေးအန္တရာယ်များ ဖြစ်သည်။ မြန်မာနိုင်ငံသည် ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်းများ၏ ဒဏ်မှ ထိခိုက်ပျက်စီးလွယ်ပြီး နိုင်ငံ၏စိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုမှာ ထပ်တလဲလဲဖြစ်နေသည့် မိုး လေဝသအခြေအနေများကြောင့် သက်ရောက်မှုတစ်ရပ်ဖြစ်လာနိုင်သည်။

နိုင်ငံကြီးများဝန်းရံခြင်းခံထားရသည့်  မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံရေးတင်းမာမှုများကြောင့် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုအပေါ် သက်ရောက်မှုရှိလာနိုင်သည်။

မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် ကမ္ဘောဒီးယားနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကဲ့သို့ လုပ်ခလစာလျော့နည်းသည့် အခြား နိုင်ငံများနှင့် ယှဉ်ပြိုင်နေရသည်။ AEC လုပ်ငန်းစဉ်တစ်ဝှမ်း မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရာတွင် အခြားအာဆီယံနိုင်ငံများမှ ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်နေရ သည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းတွင် ဖော်ပြထားသည်။

“ဗီယက်နမ်နိုင်ငံမှာဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက Boom ဖြစ်လာတယ်။ အင်မတန်များလာတယ်ပေါ့ဗျာ။ အဲဒီတော့ စွမ်းအင်မလုံလောက်မှုတွေဖြစ်လာတယ်။ ဆိုတော့ ကျွန်တော်တို့နိုင်ငံမှာလည်း မြင့်တက်လာတယ်။ အထူးသဖြင့် တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ မြင့်တက်လာတယ်။ အထူးသဖြင့်  ကုန်ထုတ်လုပ်မှုကဏ္ဍတွေမြင့်တက်လာတာ တွေ့ရတယ်။ ကုန်သွယ်မှု ပမာဏတက်လာတယ်။ ကုန်သွယ်မှု လိုငွေကျသွားတယ်” ဟု ဒေါက်တာအောင်ကိုကိုက မှတ်ချက်ပြုသည်။

ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသာမက   ပြည်တွင်းရင်းနှီးမြှုပ်နှံမှု၏ အခန်းကဏ္ဍသည်လည်း အရေးပါကြောင်း ၎င်းကဆိုသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်ခုတည်းနဲ့တော့ မဖြစ်ဘူးဗျ။ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြည်တွင်း ရင်းနှီးမြှုပ်နှံသူတွေအကြား အပြန်အလှန်   ပြိုင်ချင်လည်းပြိုင်ရမယ်။ ပေါင်းချင်လည်း ပေါင်းရမယ်။ အဲဒီ အနေအထားတွေကတော့ ရှိလာပြီပေါ့။ ဥပမာ တရုတ်နိုင်ငံမှာဆိုရင် ဟွာဝေးနဲ့ ရှောင်းမီတို့ OPPO တို့ ပြိုင်နေရတာပဲ။ ဒါက သူ့ပြည်တွင်းထဲမှာ ပြိုင်ရတာ။ ပြည်ပကဆိုရင် SAMSUNG တို့  iPhone Apple တို့နဲ့ ပြိုင်နေရတာပဲ။ အဲဒီတော့ ပြည်တွင်းမှာလုပ်ငန်းရှင်တွေက အရင်ကလို Pretection လုပ်ပေးမှာတို့ Subsidize လုပ်ပေးပါတို့တော့ ကျွန်တော်ထင်ပါတယ် ဒါက သိပ်မလုံလောက်တော့ဘူးထင်ပါတယ်။ idea ချိန်းပြီပေါ့။ အဲဒီတော့ တရုတ်နဲ့ အမေရိကန်ကုန်သွယ်ရေးစစ်ပွဲက ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်းရှိလာတယ်” ဟု ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

         

မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လာနေသည့် FDI  များ

တရုတ်နှင့် အမေရိကန်ကြား ဖြစ်ပွားခဲ့သည့် ကုန်သွယ်ရေးစစ်ပွဲတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အခွန်တိုးမြှင့်ကောက်ခံမှု အခြေအနေများကြောင့် တရုတ်လုပ်ငန်းရှင်အများစု အရှေ့တောင်အာရှတွင် ရင်းနှီးမြှုပ်နှံ၍စက်ရုံများ ဖွင့်လှစ်လုပ်ကိုင်ရန် ကြိုးပမ်းလာကြသည်။

“တရုတ်ကနေ မြန်မာနိုင်ငံကို ရွှေ့တဲ့ လုပ်ငန်းတွေက နှစ်နိုင်ငံညှိနှိုင်းပြီး ရွှေ့တာမဟုတ်ပါဘူး။ သူတို့ဘက်က စီးပွားရေးရင်းနှီးမြှုပ်နှံတဲ့သူက အခွင့်အလမ်းရှိတဲ့လုပ်ငန်းမျိုးလာပါတယ်။ တချို့ကျတော့လည်း တရုတ်ပြည်က ခွင့်မပြုတော့တဲ့ လုပ်ငန်းမျိုးတွေ လာပါတယ်။ အဲဒီကျရင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း အဲဒါမျိုးကို ခွင့်မပြုပါဘူး။ ဥပမာ ဘက်ထရီတို့ခဲတို့ အဆိပ်သင့်တဲ့ကိစ္စရပ်မျိုး။နောက်တစ်ခါ စက္ကူတို့၊ ပျော့ ဖတ်တို့လုပ်တဲ့ ကိစ္စရပ်မျိုး။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းမျိုး။ ဒါမျိုးတွေဆို ကျွန်တော်တို့ လက်မခံပါဘူး။ လာတယ်ဆိုလို့ရှိရင်လည်း သူတို့ပုဂ္ဂလိကကဏ္ဍကပဲ လာပါတယ်။ ပုဂ္ဂလိကကဏ္ဍကလည်း တိုက်ရိုက်ကြီးကျွန်တော်တို့ဆီလာမေးတာမျိုးမဟုတ်ဘဲနဲ့ လုပ်သင့်တဲ့နေရာ၊ လုပ်သင့်တဲ့ လုပ်ငန်းမျိုးကို အရင် လေ့လာတယ်။ သူတို့လုပ်ချင်တဲ့လုပ်ငန်းမျိုး အရင်လေ့လာပြီးမှ ကျွန်တော်တို့ဆီလာတာ ဆိုတော့ ကဏ္ဍကတော့မျိုးစုံ ရွှေ့ပြောင်းလာတာရှိပါတယ်။ ဒါပေမဲ့ ဘာကဦးစားပေးပြီး ရွှေ့လာတယ်ဆိုတာတော့ မရှိပါဘူး။ ဒါပေမဲ့ အခုလက်ရှိ အထည်ချုပ်လုပ်ငန်းတွေမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေများလာတာ တွေ့ရပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးသုံးသပ်ချက်အရ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများသည် ဥပဒေခိုင်မာမှု ရှိ မရှိ၊ ကော်ပိုရိတ်အသွင်ဆောင်ခြင်း၊ တရားဥပဒေအရ ဖြေရှင်းနိုင်မှု၊ စာရင်းဇယားကိန်းဂဏန်းများ မှန်မှန်ကန်ကန်ရရှိမှု၊ ပွင့်လင်းမြင်သာမှု၊ အစိုးရဝန်ကြီးဌာနများတွင် လုပ်သာကိုင်သာရှိမှုစသည်တို့ကို သုံးသပ်ကြောင်း၊ ထို့ပြင် လျှပ်စစ်ရရှိမှု၊ အခွန်ပေးဆောင်ရမှုစသည့်အချက် ပေါင်းစုံအပေါ် အားနည်းချက်နှင့် အားသာချက်အပေါ် အစိုးရက ပြင်ဆင်မှုများ ပြုလုပ်ထားသည်။

“အများအားဖြင့်တော့ ဥရောပက အလုပ်သမားစရိတ်ကို သိပ်မတွက်ပါဘူး။ ကျွန်တော်တို့ အာရှနိုင်ငံတွေ တော်တော်များများက ကျွန်တော်တို့နိုင်ငံက လုပ်အားခ နည်းတယ်ပေါ့နော်။ အဲဒီဟာအပေါ် ကြိုက်ပြီးတော့ လာကြတာရှိပါတယ်။ ဥရောပနိုင်ငံတွေကျတော့ တကယ်စီးပွားရေး လုပ်ချင်တဲ့သူကျတော့ အခွန်မရှောင်ဘူး။ အခွန်သက်သာခွင့်မပေးလည်းလုပ်ချင်တယ်။ လုပ်အားခများလည်း သူတို့ကလုပ်ချင်တယ်။ ဘာကြောင့်လဲဆိုရင် သူတို့နိုင်ငံထက်စာရင် အဆပေါင်းများစွာ သာတာကို သူတို့လာချင်တဲ့ပုံစံက အမျိုးမျိုးရှိပါတယ်” ဟုမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အမေရိကန်နှင့်တရုတ်နိုင်ငံ ကုန်သွယ်ရေးစစ်ပွဲကြောင့်ဟု ဆိုသော်လည်း မြန်မာနိုင်ငံတွင် ကုန်သွယ်မှုဆိုင်ရာ အခွန်အထူးသက်သာခွင့် (GSP) အခွင့်အရေးရရှိသည့်အတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ   ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ဆိုသည်။

“တရုတ်နိုင်ငံကလည်း သူ့ဟာ သူ နည်းစနစ်တွေ မြှင့်တင်တယ်။ တရုတ်က Dirty Industry တွေ၊ Smoke Industry တွေ အကုန်လုပ် တယ်။ အခုနောက်ပိုင်း သူ့ Standard နဲ့သူလုပ်တယ်။ အဲဒီမှာ ကျွန်တော်တို့က အထူးသတိထားရမှာက ကျွန်တော်တို့နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မယ့်ကိစ္စ။ ဒါကြောင့် မို့ တရုတ်နိုင်ငံက လာတယ်ဆိုသော်ငြားလည်း အမေရိကန်နဲ့ဆက်ဆံရေး တင်းမာမှုကြောင့် အဲဒီလောက် အကြီးကြီးတွေ ရွှေ့လာတာတော့ မရှိပါဘူး။ သူ့ဟာသူ ရွှေ့ချင်လို့ကို ရွှေ့လာတဲ့သဘောလို့ တချို့အပိုင်း တွေမှာ တွက်လို့ရသလို တချို့ကျ တော့လည်းဟိုမှာ အထည်ချုပ်လိုဟာမျိုးကျတော့ Made in China ဆိုတာနဲ့ Made in Myanmar ဆိုတာနဲ့ တချို့အမြင်မှာကွာတာရှိပါတယ်။ အယူအဆဆိုတာ နိုင်ငံရေး အယူအဆမဟုတ်ဘူး။ စျေးနှုန်းအရ ပြောတာပါ။ ကျွန်တော်တို့ကျတော့ GSP အခွင့်အရေးရတယ်။ ဒါကြောင့် မို့ ကျွန်တော်တို့ဆီလာတာ ရှိတယ်။ တရုတ်အထည်ချုပ်လုပ်ငန်းတွေ ရွှေ့လာတယ်။ ဒါကနိုင်ငံရေးကြောင့် မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ အခွင့်အလမ်းကြောင့် အာဆီယံအဖွဲ့ဝင်လည်းဖြစ်တယ်။ GSP အခွင့် အရေးလည်းရှိတော့ ဒီဟာကို လိုချင်လို့လာတာ” ဟု ဦးသန့်စင်လွင်က သုံးသပ်ပြောကြားသည်။

အလားတူ ထိုင်းနိုင်ငံဘက်တွင် လုပ် ကိုင်နေသည့် ကုမ္ပဏီအများစုမှာ မြန်မာဘက်သို့ ပြောင်းရွှေ့လုပ် ကိုင်နေပြီး လက်ရှိတွင် မြဝတီအပြင် ဘားအံမြို့အထိ ပြောင်းရွှေ့လုပ်ကိုင်လာကြကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

“နယ်စပ်က ထိုင်းကုမ္ပဏီတွေက မြန်မာဘက်ကို ပြောင်းလာတယ်။ ကျွန်တော်တို့ဘက်ကလည်း ဟို ဘက်ကနေ ကိုယ့်တိုင်းပြည်ထဲကို ရွှေ့လာတာကို ဝမ်းသာတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီအနားမှာ လုပ် နေတဲ့သူတွေက တိုင်းရင်းသားတွေ ထိုင်းစကားနားလည်တဲ့ မြန်မာနိုင်ငံသားတွေက ကိုယ်နိုင်ငံသားက ကိုယ့်နိုင်ငံထဲ ပြန်လုပ်သလို ရင်းနှီးမြှုပ်နှံသူဘက်ကလည်း အဆင်ပြေတယ်။ ထွေထွေထူးထူးပြောစရာ မလိုတော့ဘူး။ ထိုင်းဘက်က အတွေ့အကြုံရလာပြီးသား ဒီလိုဟာမျိုးက တဖြည်းဖြည်း မြဝတီဘက်နေပြီး တော့ ဘားအံဘက်ကို ကူးလာတယ်။  နယ်စပ်နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့အနေအထားပေါ့” ဟု DICA ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

ထို့ပြင် ထိုင်းနိုင်ငံအနေဖြင့် သီလဝါအထူးစီးပွားရေးဇုန်တွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဦးစားပေးလုပ်ကိုင်လျက် ရှိသည်။ မြန်မာနိုင်ငံအလယ်ပိုင်း၌လည်း Solar Energy လုပ်ငန်းများလုပ်ကိုင်ရန် စိတ်ဝင်စားနေပြီး လက်ရှိတွင် ထိုင်းကုမ္ပဏီတချို့က လာရောက်ဆွေးနွေးထားကြောင်း သိရသည်။

“သီလဝါအထူးစီးပွားရေးဇုန်မှာ ကုန်ထုတ်လုပ်မှုကို ဦးစားပေးတယ်။ နောက်တစ်ခါ မြန်မာနိုင်ငံအလယ်ပိုင်းသွားကြည့်မယ်ဆိုရင် စွမ်းအင်ဘက်ကို ဦးစားပေးလာတယ်။ Solar စွမ်းအင်နဲ့ ပတ်သက်ပြီး ထိုင်းကုမ္ပဏီ လေးခု၊ ငါးခုက ကျွန်တော်တို့ဆီလာဆွေးနွေးတယ်”  ဟု ဦးသန့်စင်လွင်က ဆိုသည်။

ကျဆင်းလာသည့်ရင်းနှီးမြှုပ်နှံမှု

“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေကြတဲ့သူများအားလုံးကိုလည်း အာရှရဲ့ နောက်ဆုံးစီးပွားရေး ဥပစာဖြစ်တဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကျွန်မအနေနဲ့ဖိတ်ခေါ်လိုပါတယ်။လက်ရှိရင်းနှီး မြှုပ်နှံမှုပြုလုပ်နေသူများကိုလည်း လူကြီးမင်းတို့ စီးပွားရေးလုပ်ငန်းများ တိုးတက်ရုံသာမက ကြွယ်ဝစေမည် ဖြစ်သည့် လုပ်သာကိုင်သာရှိသော၊ လွယ်ကူချောမွေ့သော၊ ကြိုတင်ခန့် မှန်းနိုင်သော ရင်းနှီးမြှုပ်နှံသူများ အတွက် မိတ်ဖက်ဖြစ်သော စီးပွားရေးဝန်းကျင်တစ်ခု၊ ပွင့်လင်းမြင်သာမှုရှိတဲ့ စီးပွားရေးဝန်းကျင်တစ်ခုကို ကျွန်မတို့က ဖန်တီးပေးမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ ခုနှစ် မေ ၁၀ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် ရန်ကုန်ရင်းနှီး မြှုပ်နှံမှုဖိုရမ်တွင် အခိုင်အမာပြော ကြားထားသည်။

ထိုသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သော်လည်း ယခုနှစ်ပိုင်းတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်သည့်ရင်းနှီးမြှုပ်နှံမှုများ  သိသိသာသာ ကျဆင်းခဲ့သည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ လက်ရှိအချိန်အထိ မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် နှစ်အလိုက်နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုစာရင်းအရ ယခုနှစ်ပိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှု သိသိသာသာ ကျဆင်းလာခဲ့သည်။

မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၆၄၉ ဒသမ ၈၁၂ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၇၁၈ ဒသမ ၀၈၆ သန်း၊ ၂၀၁၈ ခုနှစ် ကြားကာလခြောက်လ (Mini Budget) တွင် ဒေါ်လာ ၁၇၆၄ ဒသမ ၇၀၁  သန်းရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ဒေါ်လာ ၃၄၇၄ ဒသမ ၅၂၁ သန်း ဝင်ရောက်ထားသည်ကို တွေ့ရသည်။

ထို့ကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၅၇၁၈ ဒသမ ၀၈၆ သန်း ဝင်ရောက်ခဲ့သော်လည်း  ယခုနှစ် ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လအလိုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၃၄၇၄ ဒသမ ၅၂၁ သန်းသာ ဝင်ရောက်သည့်အတွက် ဒေါ်လာ သန်း ၂၀၀၀ ကျော် လျော့ကျနေသည်ကို တွေ့ရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ရင်းနှီးမြှုပ်နှံမှုကဏ္ဍသိသိသာသာ ကျဆင်းလာသည့်အတွက် အရှေ့အုပ်စု၊ အနောက်အုပ်စု၊ အီးယူ၊အမေရိကန်စသဖြင့်  ရွေးချယ်ခွင့် များစွာမရှိတော့သည့်အတွက် ဝင်ရောက်လာသည့် ကုမ္ပဏီများ၏ တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ရှိ မရှိဆိုသည်ကိုသာ ကြပ်မတ်စစ်ဆေးရန် ရှိတော့ကြောင်း စီးပွားရေးအဝန်းအဝိုင်းက သုံးသပ်မှုများရှိနေသည်။

“တိုင်းပြည်မှာ FDI ဆိုတာ နံပါတ်(၁) အနေနဲ့ လက်ခံသင့်တဲ့FDI၊ လက်မခံသင့်တဲ့ FDI၊ နံပါတ် (၂) က FDIတွေရဲ့ ကောင်းကျိုးဆိုးကျိုး၊ နံပါတ် (၃) ကတော့ ကမ္ဘာ့ Supply Chain က ဘယ်လိုပြောင်းလဲနေလဲ။ ကုန်သွယ်မှုပုံသဏ္ဌာန်တွေပြောင်းလာတယ်။ ငွေကြေးစီးဆင်းမှုပုံသဏ္ဌာန်တွေပြောင်းလာတယ်။ ငွေကြေးတန်ဖိုးတွေပြောင်းလာတယ်။ နံပါတ် (၄) ကတော့ FDI တင်မဟုတ်ဘဲ ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း အရေးကြီးတယ်။ ဒါတွေကို ခြုံငုံကြည့်ရင် FDI တစ်ခုတည်းနဲ့မလုံလောက်ဘူး။ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုနဲ့အတူ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေလည်းလိုအပ်တယ်” ဟု ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တွင် ယေဘုယျအားဖြင့် အနောက်နိုင်ငံများနှင့်အီးယူနိုင်ငံများသည်တာဝန်ယူမှုရှိသော ကုမ္ပဏီများဟု သတ်မှတ်နိုင်ပြီး အာရှနိုင်ငံများအထူးသဖြင့် တရုတ်နိုင်ငံမှရင်းနှီးမြှုပ်နှံမှုများမှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိ မရှိ အပေါ် စိုးရိမ်မှုများကလည်း ရှိနေခဲ့သည်။

         

နှစ် ၂၀ အတွင်း ရင်းနှီးမြှုပ်နှံမှုမျှော်မှန်းချက်

အစိုးရက လာမည့် နှစ် ၂၀ အတွင်း မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာဘီလျံ ၂၂၀ ကျော်ရရှိစေရန်နှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေးအတွက် မျှော်မှန်းဆောင် ရွက်နေသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းကို ကာလတို ငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိ)၊ ကာလလတ် ငါးနှစ် (၂၀၂၁-၂၀၂၂ ခုနှစ်မှ- ၂၀၂၅- ၂၀၂၆ အထိ)၊ကာလရှည် ၁ဝနှစ်(၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၅- ၂၀၃၆ အထိ) အသီးသီး ဆောင်ရွက်မည်ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု စီမံကိန်း၏ အခြေပြုကိစ္စရပ်(Base case) အပေါ်အခြေခံ၍ တွက်ချက်ထားသည့် ရင်းနှီးမြှုပ်နှံမှု ဦးတည်ချက်များ(Investment Target) များမှာ ကာလတိုငါးနှစ်ဖြစ်သည့် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိတွင် နှစ်စဉ်ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ၊ ကာလလတ် ငါးနှစ်ဖြစ်သည့်  ၂၀၂၁-၂၀၂၂ ခုနှစ်မှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ် ဒေါ်လာ ၈ ဒသမ ၅ ဘီလျံ၊ ၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၀- ၂၀၃၁ ဘဏ္ဍာ နှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၂ ဒသမ ၃ ဘီလျံ၊၂၀၃၁-၂၀၃၁ ခုနှစ် မှ ၂၀၃၅- ၂၀၃၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ် ဒေါ်လာ ၁၇ ဒသမ ၆ ဘီလျံ အထိ အသီးသီးရရှိရန် ခန့်မှန်းထားသည်။

ထိုသို့ ခန့်မှန်းထားသော်လည်း လက်ရှိအနေအထားတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုကျဆင်းနေပြီး ပြန်လည်မြင့်တက်ရန် စီးပွားရေးအခြေခံအိုင်ဒီယာများ လိုအပ်လိမ့်မည်ဟု ဒေါက်တာအောင်ကိုကို က မှတ်ချက်ပြုသည်။

ထို့ပြင် အစိုးရအနေဖြင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာရေးအတွက် မျှော်လင့်လုပ်ဆောင်ရာတွင် အမျိုးသားကုန်ထုတ်လုပ်မှုစွမ်းအားကို တိုးမြှင့်နိုင်သည့် FDI များနှင့် တစ်မျိုးသားလုံး သာယာဝပြောရေးကို လုပ်ဆောင်ပေးနိုင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုသာ ဦးစားပေးခွင့် ပြုစေလိုကြောင်းနှင့် သဘာဝပတ်ဝန်းကျင်၊ မြန်မာ့ယဉ်ကျေးမှုနှင့် အမျိုးသားလုံခြုံရေး (National Security) ကို ထိခိုက်ကျိုးပျက်စေနိုင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်မပြုမိစေရေးကြိုးပမ်းသင့်ကာ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်းလုပ်ငန်းရှင်များအကြား၌ နှစ်ဦးစလုံးရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကျဉ်းပေးနိုင်သည့် FDI များဖြစ်ရန် အရေးကြီးကြောင်း ဒေါက်တာအောင်ကိုကိုက အကြံပြုပြောကြားသည်။

အလားတူ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် MIPP ကို ရေးဆွဲအကောင်အထည်ဖော်ရာတွင်  တာဝန် ယူမှုတာဝန်ခံမှုရှိပြီး တိုင်းပြည်နှင့် လူမျိုးအတွက်နှင့် လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက် win win ဖြစ်သော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ရန်လိုအပ်ကြောင်း Mandalay Technology မှ Managing Director ဦးဇော်နိုင်က  ပြောကြားသည်။

“တကယ်တမ်းကျ အနောက်က ရင်းနှီးမြှုပ်နှံမှုတွေက တကယ်တမ်းကျ ကြည့်နေတာပါပဲ။ တစ်ခါ တလေကျတော့ အနောက်နိုင်ငံတွေ ဂျပန်နိုင်ငံတို့က မဟာဗျူဟာကျကျ ချဉ်းကပ်တယ်။ အဲဒီတော့ အခုအခါ မှာ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လျော့နည်းသွားသယောင် ယောင်ထင်ရပေမဲ့ တကယ့်ကို မဟာဗျူဟာကျကျ ချဉ်းကပ်နေတဲ့ အနောက်နိုင်ငံတွေရှိပြီး ဘယ်နေရာတွေ ရင်းနှီးမြှုပ်နှံသင့်လဲ။ ဘယ် နေရာတွေမှာ အကောင်းဆုံးဖြစ်အောင် စက်ရုံစီမံကိန်းတွေ၊ အခြေခံအဆောက်အအုံတွေ ရင်းနှီးမြှုပ်နှံမလဲဆိုတာ လေ့လာဆန်းစစ်မှုတွေ အများကြီးရှိပါတယ်။ အချိန်ကာလတစ်ခုတော့ ယူပါလိမ့်မယ်” ဟု ဦးဇော်နိုင်က ဆိုသည်။         

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတိုးတက်လာရန်အတွက် အခြားတစ်ဖက်တွင်လည်း အခွန်ကိုသုံးရာ ခိုင်နှုန်း၊ ငါးရာခိုင်နှုန်း၊ ခုနစ်ရာခိုင် နှုန်း စသည်ဖြင့် ကင်းလွတ်ခွင့်များ ဒေသအလိုက်ပေးထားသည်။

မည်သည့်ပုံစံဖြင့် ရင်းနှီးမြှုပ်နှံများ ဝင်လာသည်၊ မည်သည့်နေရာများတွင် ဝင်လာနေသည်နှင့် မည်သည့်ကဏ္ဍများဝင် ရောက်နေသည်ဆိုသည့် အခြေအနေများကိုလည်း စောင့်ကြည့်ရမည် ဖြစ်သည်။

ထို့ပြင် နိုင်ငံရေးနှင့် စီးပွားရေးသည် ဒင်္ဂါးတစ်ခု၏ ခေါင်းနှင့်ပန်းကဲ့သို့ ဖြစ်နေသည့်အတွက် နိုင်ငံရေး တည်ငြိမ်မှသာလျှင်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည် ဖြစ်သောကြောင့် အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်စေရန် လုပ်ဆောင်ရမည့် အပိုင်းမှာလည်း အရေးကြီးသည့်အချက်ဖြစ်သည်။

“နိုင်ငံရေးနဲ့စီးပွားရေးဆိုင်တာ ပြောရရင် ခေါင်းနဲ့ပန်းလိုပါပဲ။နိုင်ငံရေး မတည်ငြိမ်ဘူးဆိုရင် စီးပွားရေးက ဘယ်လောက်ပဲတိုးတက်အောင် လုပ်လုပ် မတိုးတက်ပါဘူး။ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေရင်လည်း နိုင်ငံရေးက ပြုပြင်ပြောင်းလဲမှုလုပ်တဲ့အခါ  အင်မတန်ကိုအခက်အခဲတွေ ကြုံရတတ်ပါတယ်။ ယနေ့ နိုင်ငံရေးပါတီအသီးသီးက သူတို့ နိုင်ငံရေးသြဇာပြိုင်နေကြတာတော့ တွေ့နေရတယ်ပေါ့ဗျာ။ ဒီနိုင်ငံရေး သြဇာပြိုင်တယ်ဆိုရင် စီးပွားရေးကို ဘယ်လိုတိုးတက် အောင်လုပ်မလဲဆိုတဲ့ အခြေခံအိုင်ဒီယာတွေလည်း လိုအပ်ပါလိမ့်မယ်” ဟု ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

 

Most Read

Most Recent