၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အသုံးစရိတ် ကျပ်ဘီလျံ ၃၃၇၀ ကျော်တောင်းခံထားပြီး ယခင်နှစ်ထက် ကျပ် ၁၂၂ ဘီလျံကျော် တိုးမြှင့်တောင်းခံ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အသုံးစရိတ် ကျပ်ဘီလျံ ၃၃၇၀ ကျော်တောင်းခံထားပြီး ယခင်နှစ်ထက် ကျပ် ၁၂၂ ဘီလျံကျော် တိုးမြှင့်တောင်းခံ
Published 23 July 2019
စိုးမင်းထိုက်၊ စည်သူ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အသုံးစရိတ် စုစုပေါင်း ကျပ်ဘီလျံ ၃၃၇၀ ဒသမ ၇၇၈ တောင်းခံထားပြီး ယခင်နှစ်ထက် ကျပ် ၁၂၂ ဒသမ ၄၁၃ ဘီလျံ တိုးမြှင့်တောင်းခံထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားသည်။

ဇူလိုင် ၂၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများ နှင့်ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်းပြီး ဒုတိယဝန်ကြီး ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေ စာရင်း (BE) (သာမန်၊ ငွေလုံးငွေရင်း) စုစုပေါင်းအနေဖြင့် ကျပ် ၂၉၀၅ ဒသမ ၁၉၅ ဘီလျံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်း (BE)တွင် ကျပ် ၃၂၄၈ ဒသမ ၃၆၅ ဘီလျံ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်း (BE) အတွက် အသုံးစရိတ်စုစုပေါင်း ကျပ်ဘီလျံ ၃၃၇၀ ဒသမ ၇၇၈ တောင်းခံထားသည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ရသုံးမှန်းခြေငွေစာရင်း (BE) ထက် ကျပ် ၁၂၂ ဒသမ ၄၁၃ ဘီလျံ တိုးမြှင့်တောင်းခံထားကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်၌ပြောကြားခဲ့သည်။

“အခုတင်ပြထားတဲ့ အသုံးစရိတ်တွေဟာ အဆင့်ဆင့် စိစစ်ခဲ့မှုတွေ ပြုလုပ်ခဲ့ပြီး မလွဲမသွေသုံးစွဲရမယ့် အသုံးစရိတ်တွေဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကြီးမှ အတည်ပြုပေးနိုင်ဖို့ တင်ပြအပ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာ ရင်းအနေဖြင့် သာမန်ရငွေ ကျပ် ၄၇  ဘီလျံ၊ သာမန်အသုံးစရိတ် ကျပ် ၁၉၃၇ ဒသမ ၅၃၈ ဘီလျံ၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၁၄၃၃ ဒသမ ၂၄၀ ဘီလျံဖြစ်၍ ရငွေပေါင်း ကျပ် ၄၇ ဘီလျံနှင့်သုံးငွေပေါင်းမှာ ကျပ်ဘီလျံ ၃၃၇၀ ဒသမ ၇၇၈ ဖြစ်ကြောင်း ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်သို့ တင်ပြခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်တောင်းခံထားသည့် ကျပ် ၁၉၃၇ ဒသမ ၅၃၈ ဘီလျံအား လစာနှင့်စရိတ်များအဖြစ် ကျပ် ၈၈၄ ဒသမ ၀၄၉ ဘီလျံ၊ ပစ္စည်းများအတွက် ကျပ် ၄၆၇ ဒသမ ၀၄၂ ဘီလျံ၊ ပို့ဆောင်ရေးအတွက် ကျပ် ၁၆ ဒသမ ၅၃၄ ဘီလျံ၊ အင်ဂျင်နီယာအတွက် ကျပ် ၁၆၇ ဒသမ ၃၂၇ ဘီလျံ၊ အထွေထွေအတွက် ကျပ် ၁၈၃ ဒသမ ၀၁၉ ဘီလျံ၊ လုံခြုံရေးအတွက် ကျပ် ၅ ဒသမ ၁၉၁ ဘီလျံ၊ စက်ရုံအလုပ်ရုံများအတွက် ကျပ် ၂၀၅ ဒသမ ၀၆၀ ဘီလျံ၊ အတိုးအတွက် ကျပ် ၅ ဒသမ ၃၁၆ ဘီလျံ၊ အရေးပေါ်ရန်ပုံငွေအတွက် ကျပ်လေးဘီလျံအဖြစ် ခေါင်းစဉ်အလိုက် လျာထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ငွေလုံးငွေရင်းအသုံးအဖြစ် တောင်းခံထားသည့် ကျပ် ၁၄၃၃ ဒသမ ၂၄၀ ဘီလျံအား ဆောက်လုပ်ရေးအသုံးစရိတ်အဖြစ် ကျပ် ၂၀၈ ဒသမ ၇၉၈ ဘီလျံ၊ စက်ပစ္စည်း အသုံးစရိတ်အဖြစ် ကျပ် ၁၂၂၃ ဒသမ ၇၂၉ ဘီလျံ၊ အခြားအသုံးစရိတ်အဖြစ်ကျပ် သုည ဒသမ ၇၁၃ ဘီလျံအဖြစ် လျာထားကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ သာမန်ရငွေအဖြစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၆၅ ဒသမ ၂၈၃ ဘီလျံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၇၁ ဒသမ ၄၄၃ ဘီလျံဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သာမန်ရငွေ ကျပ် ၄၇ ဘီလျံလျာထားကြောင်း ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားသည်။

 

Most Read

Most Recent