မြစ်ဝကျွန်းပေါ် တောင်ဘက်ခြမ်း သက္ကယ်သောင်က ၀ါဆိုလှိုင်းခုန်ပွဲတော်

မြစ်ဝကျွန်းပေါ် တောင်ဘက်ခြမ်း သက္ကယ်သောင်က ၀ါဆိုလှိုင်းခုန်ပွဲတော်
မြစေတီ (ပုံသေး)နှင့် မိသားစုအဖွဲ့လိုက် သက္ကယ်သောင်ကျေးရွာ သောင်ပြင်တွင် လှိုင်းခုန်ပျော်ပါးနေစဉ် (ဓာတ်ပုံ - မင်းသူဝင်းထွဋ်)
မြစေတီ (ပုံသေး)နှင့် မိသားစုအဖွဲ့လိုက် သက္ကယ်သောင်ကျေးရွာ သောင်ပြင်တွင် လှိုင်းခုန်ပျော်ပါးနေစဉ် (ဓာတ်ပုံ - မင်းသူဝင်းထွဋ်)
Published 21 July 2019
မင်းသူဝင်းထွဋ်

မြန်မာနိုင်ငံအတွင်းမှာ ဒေသအလိုက် ရိုးရာဓလေ့များ၊ သဘာဝအလှတရားများနဲ့ ပြည့်စုံနေတဲ့ ဒေသများစွာ ရှိပါတယ်။ ဒီလိုဒေသများစွာအနက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ တောင်ဘက်အစွန်ဆုံးမှာ ၀ါဆိုလပြည့်နေ့ ရောက်ရှိချိန်တိုင်း ရိုးရာချစ်စရာဓလေ့များနဲ့ ဖြတ်သန်းကျော်ဖြတ်ကြတဲ့ သက္ကယ်သောင်ဆိုတဲ့ ကျေးရွာလေး ရှိပါတယ်။

ဒီဒေသလေးကို ရန်ကုန်မြို့ကနေ ကုန်းလမ်းခရီးနဲ့ လာရောက်မည်ဆိုပါက ရန်ကုန်-ညောင်တုန်း-ပန်းတနော်-အိမ်မဲ-မြောင်းမြ- လပွတ္တာ ကားလမ်းအတိုင်း လာရောက်ရပါလိမ့်မယ်။ လပွတ္တာမြို့ကနေ လပွတ္တလုပ်ဆိုတဲ့ ကျေးရွာအထိ မော်တော်ယာဉ်နဲ့ ဆက်လက်သွားရောက်ကာ လပွတ္တာတလုပ်မှာတော့ အဆိုပါ ဒေသဆီ သွားရောက်ရန် ကိုးတောင်မြစ်ကို ဖြတ်ကျော်ဖို့ တံတားမရှိသေးတာကြောင့် ဇက်ရေယာဉ်နဲ့ တစ်ဖက်ကမ်းဖြစ်တဲ့ ရေပေါ်ကြီးဒေသကို ဇက်ကူးရပါတယ်။ နာရီဝက်သာသာလောက် ဇက်ရေယာဉ် စီးနင်းပြီးပါက ရေပေါ်ကြီးဆိုတဲ့ ငပုတောမြို့နယ် အပိုင်ထဲက ဒေသလေးကို ရောက်ရှိပါပြီ။ ရေပေါ်ကြီးကနေ ခပ်ဆိုးဆိုး ကျောက်ချောလမ်းမကြီးကို ဖြတ်သန်းဖို့ အတွက်ကတော့ အချိန်တစ်နာရီခွဲခန့် ယူရမှာပါ။ ဒီလမ်းမကြီးဟာ နာဂစ်မုန်တိုင်းပြီးချိန်မှာ မြစ်ဝကျွန်းပေါ် ဧရာဝတီအတွက် သဘာဝဘေး အန္တရာယ်တွေ ကြုံတွေ့လာပါက အချိန်မီ ရှောင်တိမ်းနိုင်ရန် ဖောက်လုပ်ခဲ့တဲ့ မြစ်ဝကျွန်းပေါ် လမ်းကွန်ရက်များထဲက မဟာဗျူဟာလမ်းမကြီးထဲမှာ တစ်လမ်းပါဝင်တဲ့ လမ်းပါပဲ။ ဆယ်စုနှစ် တစ်စုကို ကျော်လွန်လာပေမဲ့ မြစ်ကြီးများကို ဖြတ်ကျော်ဖို့ တံတားအချို့ လိုအပ်ချက်အပြင် လမ်းပိုင်းဟာလည်း ကျောက်ချောလမ်းသာသာ လမ်းပိုင်းအဖြစ်တောင် မရောက်ရှိသေးပါဘူး။ မိုင်အားဖြင့် ၁၀ မိုင်သာသာရှိတဲ့ အကွာအဝေးကို တစ်နာရီခွဲခန့် ဖြတ်သန်းမောင်းနှင် ရတယ်ဆိုတော့ လမ်းရဲ့ဆိုးရွားပုံကို ပြောပြစရာလို မယ်မထင်ပါဘူး။ လမ်းခရီး တစ်လျှောက်မှာတော့ ခုန်ပေါက်နေတဲ့ မော်တော်ယာဉ်ပေါ်ကနေ မြင်နေရတဲ့ ဆားကွင်းတွေ၊ ပုစွန်ကွင်းတွေ လမ်းဘေးဝဲယာမှာ အု့ံဆိုင်းစွာ ပေါက်ရောက်နေတဲ့ သစ်ပင်ကြီးတွေရဲ့ အလှတရားဟာ ခန္ဓာကိုယ်တစ်ခု လုံးနာကျင်မှုကို မေ့လျော့စွာ ငေးကြည့်ပျော်ရွှင် နေမိမှာ သေချာပါတယ်။

အချိန်အားဖြင့် တစ်နာရီခွဲကျော်ကျော် မော်တော်ယာဉ်စီးနင်းပြီးပါက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့အပိုင် နယ်မြေထဲက သက္ကယ်သောင်ဆိုတဲ့ ကျေးရွာလေးကို ရောက်ရှိပါပြီ။  ဒီကျေးရွာလေးမှာတော့ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ၀ါဆိုလပြည့် ဗုဒ္ဒနေ့ကို ဘယ်လိုများ ဖြတ်သန်းကျင်းပကြတယ်ဆိုတာ ကြည်နူးဖွယ် လေ့လာကြည့်ရှုနိုင်ပါလိမ့်မယ်။ မြို့ပြကြီးများမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ရိုးရာဓလေ့ အစဉ်အလာများဟာ ဒီကျေးရွာလေးမှာ ကျန်ရှိနေပါသေးတယ်။

အဖိတ်နေ့ဖြစ်တဲ့ ၀ါဆိုလဆန်း ၁၄ ရက်နေ့မှာဆိုလျှင် ကျေးရွာအတွင်းမှ ဒေသခံများဟာ ကျေးရွာအနီးရှိ ဘုန်းတော်ကြီးကျောင်းများမှာ သွားရောက်၍ ၀ါဆိုလပြည့်နေ့အတွက် ကူညီလုပ်ဆောင်ကြပါတယ်။  ညနေပိုင်းအချိန်မှာ ရွာလုံးကျွတ်နီးပါး ပိတ်ဖြူစင်ကြယ်များ ဝတ်ဆင်ကာ ဆွမ်းဆန်အလှူခံရင်း ဥပသကာ လှည့်လည်ကြပါတယ်။ မြို့ပြကြီးများမှာ မမြင်တွေ့နိုင်ရတော့တဲ့ ရိုးရာဓလေ့ တစ်ခုပါပဲ။

“ဟိုတုန်းကတော့ အခုလို ဝတ်ဖြူစင်ကြယ်နဲ့ ကြီးကြီးကျယ်ကျယ် လှည့်လည်ကြတယ်ဆိုတာ မရှိဘူး။ ကိုယ့်အိမ်ကပဲ ဝတ်လာတဲ့ အဝတ်အစားလေးတွေနဲ့ပဲ သပ်သပ်ရပ်ရပ် လုပ်ပြီးတော့ လိုက်ကြတယ်။ အခုတော့ သပ်သပ်ရပ်ရပ်နဲ့ ပဝါလေးတွေပါတယ်။ အပေါ်ဖြူ အောက်ဖြူနဲ့ ဒီကထွက်သွားတယ်။ ဟိုကဘုန်းကြီးကျောင်းက ကုလားတက်ခေါက်တယ်။ တစ်ချက်တီး တစ်ချက်တီးခွဲလောက်ဆို ခေါက်ရော။ အကုန်စုသွားပြီးတော့ ဟိုရောက်တော့ လူပြည့်ရင် ငါးပါးသီလယူပြီး ပြီးရင် အဲဒီကနေပြီး ကျောင်းကနေပြီးတော့ ထွက်လိုက်လာကြတာ။ ရွာထဲရောက် အိမ်တွေကနေ မုန့်တွေ၊ ပန်း၊ ဖယောင်းတိုင်၊ ပိုက်ဆံ ကိုယ်လှူချင်တာတွေကို ထွက်ထွက်ပြီးတော့ လောင်းလှူကြတာပေါ့။ အဲဒီကနေမှ ကျောင်းကိုပြန်ရောက်ရင် ရရှိတဲ့ အလှူပစ္စည်းတွေကို ကျောင်းကိုကပ်လှူတာပေါ့” ဟု သက္ကယ်သောင်ကျေးရွာ ဒေသခံတစ်ဦးဖြစ်သူ အဘိုးဦးချစ်လှိုင် ကပြောပြပါတယ်။

၀ါဆိုလပြည့် ဗုဒ္ဓနေ့ကို ရောက်ရှိလာပြီ ဆိုပါက ဒေသခံလူကြီးများဟာ မနက်ပိုင်းကတည်းက ဘုန်းတော်ကြီး ကျောင်းများကို ရောက်ရှိနေပြီ ဖြစ်ပြီးတော့ ဥပုသ်သီလ ဆောက်တည်ကြပါတယ်။ ညနေပိုင်းမှာ ဒီကျေးရွာမှာ လူငယ်ပိုင်းနဲ့ လူကြီးပိုင်းဆိုပြီး နှစ်မျိုးခွဲကာ ၀ါဆိုလပြည့် ဗုဒ္ဓနေ့ကို ဖြတ်သန်းကြတာကို မြင်တွေ့ရမှာပါ။ မနက်ပိုင်း ဥပုသ်သီလ ဆောက်တည်နေကြတဲ့ လူကြီးများဟာ ညနေပိုင်းမှာ ဘုန်းတော်ကြီး ကျောင်းများအတွက် ဆွမ်းအလှူအလို့ငှာ အရုဏ်ခံ လှည့်လည်ကြပါတယ်။ လူငယ်လူရွယ် များစွာကတော့ ကျေးရွာအတွင်းမှာ ပျားပန်းခပ်သလို လှုပ်ရှားနေကြပါပြီ။ ဒါဟာ ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ဒေသရဲ့ နှစ်ပေါင်းတစ်ရာကျော် ရိုးရာအစဉ်အလာလို ဖြစ်နေတဲ့ ၀ါဆိုလှိုင်းခုန် ပွဲတော်အတွက် ကြိုတင်ပြင်ဆင် နေကြတာပါ။

သက္ကယ်သောင်ကျေးရွာလေးမှာ ယခုလို ရက်ပိုင်းဆိုပါက အနယ်နယ်အရပ်ရပ်ကနေ လာရောက်ကြတဲ့ ဧည့်သည်တော်များနဲ့ ပြည့်ကျပ်နေပါပြီ။ ဒေသခံများရဲ့ အိမ်အသီး သီးမှာ ၀ါဆိုလှိုင်းခုန်ပွဲဆိုတာကို ပျော်ရွှင်စွာဆင်နွှဲဖို့ တည်းခိုလာရောက်နေသည့် ဧည့်သည်များကို ဒေသခံများက ပျော်ရွှင်စွာ ဧည့်ဝတ်ပြု ချက်ပြုတ်ကျွေးမွေး နေတာဟာလည်း ချစ်စရာဓလေ့စရိုက် တစ်ခုပါပဲ။

၀ါဆိုလှိုင်းခုန်ပွဲတော်လို့ ဘာကြောင့် ခေါ်တွင်ရသလဲ ဆိုတာကတော့ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ ကျော်တုန်းက ဒေသခံ လူငယ်လူရွယ်များဟာ ၀ါဆိုလပြည့် ကျော်လွန်ပြီးချိန် ၀ါဆိုသွားတဲ့ ပန်းလေးများကို ဘုရားရှင်ကို ရည်မှန်းကပ်လှူဖို့အတွက် တောတွင်းမှာ အလေ့ကျပေါက်နေတဲ့ တောပန်းလေးများကို လူငယ်များ အဖွဲ့လိုက်၊ မိသားစုအလိုက် လိုက်လံခူးယူကြပါတယ်။ ဒီလို ခူးယူပြီးတော့ သက္ကယ်သောင်ကျေးရွာ သောင်ပြင်မှာ ခူးယူလာတဲ့ ပန်းများကို ခေတ္တချထား၊ အနားယူ အပန်းဖြေကာ ရေဆော့ကစားရင်း အသင့်ယူဆောင်လာတဲ့ စားသောက်ဖွယ်ရာများကို ချက်ပြုတ်စားသောက်ရင်းနဲ့ တစ်နှစ်ထက် တစ်နှစ် ပိုမိုစည်ကားလာကာ အစုအဖွဲ့အလိုက် လှိုင်းခုန်ပျော်ပါးရာကနေ ၀ါဆိုလှိုင်းခုန်ပွဲတော်ဆိုတာ ဖြစ်ပေါ်လာတာပါ။

“လှိုင်းခုန်ပွဲက ဦးတို့မမွေးခင်ကတည်းက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၀ ကျော်လောက်ကတည်းကလို့ ကြားဖူးတယ်။ ဒါကိုယ်မမီခဲ့ဘူးပေါ့လေ။ ဟိုးတုန်းက လှိုင်းခုန်ပွဲက ဒီဝါဦးမှာ အဖိတ်ဥပုသ်နေ့ရှိတယ်။ အဖိတ်ဥပုသ်နေ့တွေမှာ ဘုရားကို ဆီမီး တွေ၊ ပန်းတွေပူဇော်ဖို့အတွက်ကို ဒီဝါဆိုလမှာ ပန်းခူးကြတယ်။ ဆီမီးပူ ဇော် ကြတယ်။ အထူးသဖြင့်ကတော့ ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့ကို ၀ါဆိုတဲ့သံဃာတွေ ရည်မှန်းပြီးတော့ ကျောင်းတိုင်း ကျောင်းတိုင်းမှာ ၀ါဆိုခူးထားတဲ့ ပန်းလေးတွေကို ကပ်လှူ ဖို့ ပန်းလေးတွေခူးကြတယ်။ ခူးပြီးသွားတော့ သောင်ပြင်ကိုသွားပြီးတော့ အပန်းဖြေရေကူးရင်း လှိုင်းခုန်ကြတယ်။ မိသားစုလိုက်၊ လူငယ်တွေအဖွဲ့လိုက် သောင်ပြင်မှာ ချက်ပြုတ်စားသောက်ကြတာကနေ လှိုင်းခုန်ပွဲဆိုတာ ပေါ်ပေါက်လာတာပေါ့” ဟု သက္ကယ်သောင်ကျေးရွာ ဒေသခံဦးကြည်စိုးက ၀ါဆိုလှိုင်းခုန်ပွဲတော်နှင့် ပတ်သက်ပြီး ရှင်းပြပါတယ်။

ဒါ့အပြင် မနက်ပိုင်းမှာ ၀ါဆိုလှိုင်းခုန် ပျော်ပါးပြီးချိန်မှာတော့ နေအိမ်များကို အသီးသီးပြန်လာ၊ အနားယူပြီး မိမိတို့ ခူးယူလာတဲ့ ၀ါဆိုပန်းလေးများကို အလှအပ ပြင် ဆင်ကြပါတော့တယ်။ ညနေပိုင်း မှာတော့ ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းများကနေ သာသနာ့အလံ တော် အလှူတော်သီချင်းများနဲ့ နိဗ္ဗာန်ဆော်အဖွဲ့က ကျေးရွာအ တွင်းသို့ ထွက်လာပါပြီ။ နိဗ္ဗာန်ဆော် အဖွဲ့ကနေ နှိုးဆော်သံကို ကြားရတာနဲ့ မိမိတို့ ကိုးကွယ်ဆည်းကပ်ရာ ဘုန်းတော်ကြီးကျောင်းများရဲ့ နိဗ္ဗာန်ဆော်အဖွဲ့အနောက်ကနေ ဒေသခံ လူငယ်လူရွယ်များက မိမိတို့ မနက်ပိုင်းမှာ ခူးယူထားတဲ့ ၀ါဆိုပန်းများကို ကိုင်ဆောင်ကာ စီတန်း၍ ကျေးရွာအနှံ့ လှည့်လည်ကြပါတယ်။ လူကြီးပိုင်းများကတော့ သံဃာတော်များအတွက် ၀ါဆိုသင်္ကန်းများကို ကိုင်ဆောင်ကာ စီတန်းလိုက်ပါ လာကြပါတယ်။ ဒါဟာ ၀ါဆိုပန်းလှည့်လည်ပွဲ ချစ်စဖွယ် ဓလေ့တစ်ခုပါပဲ။

ရိုးရာဓလေ့စရိုက်များအပြင် မြစ်ဝကျွန်းပေါ် တောင်ဘက်စွန်း ဒေသလေးဟာ အခြားသော သဘာဝ အလှတရားများနဲ့လည်း ပြည့်စုံနေပါသေးတယ်။ သက္ကယ်သောင်ကျေးရွာလေးကနေ တစ်နာရီခန့် မော်တော်ယာဉ်စီးပြီး သွားရောက်မယ်ဆိုလျှင် ကျောက်ကလပ်ဆိုတဲ့ ဒေသကို ရောက်ရှိပါလိမ့်မယ်။ ဒီနေရာလေးဟာ အလွန်ကို လှပတဲ့ ကျောက်ဆောင်၊ ကျောက်သားများနဲ့ အတိပြီးတဲ့ ဒေသတစ်ခုပါပဲ။ ပင်လယ်ပြင်ရဲ့ အလှတရား သဘာဝရဲ့ အလှကို ကောင်းမွန်စွာ ခံစားရမှာပါ။ ဒါ့အပြင် မွန်ဘုရင်မကြီး ရှင်စောပု တည်ထားခဲ့သော ဘုရားများကိုလည်း ဖူးမြော်နိုင်ပါသေးတယ်။

ထူးခြားဆန်းကြယ်လှတဲ့ စေတီတစ်ဆူကတော့ ကလာပ်ဦးစေတီတော်ပါပဲ။ တစ်ချိန်က စေတီတော်နေရာမှာ ဟင်္သာငှက်ပုံသဏ္ဌာန် မှိုပွင့်ကျောက်တစ်တုံးကြီး တစ်တုံးရှိပြီး ဒီကျောက်တုံးကြီးပေါ်ကို ဦးထုပ်ဆောင်း တက်ရောက်ခြင်း၊ အမျိုးသမီး တက်ရောက်ခြင်း၊ အမျိုးသားများဟာ ဘောင်းဘီအတိုအရှည် အတွင်းခံ ဘောင်းဘီကအစ ဝတ်ဆင်တက်ရောက်ပါက ကျောက်ကလပ်ဟာ ညဦးပိုင်းများတွင် ထူးဆန်းစွာ အသံများ ထွက်ပေါ်လာကာ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ လှိုင်းလေကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းကို ဖြစ်ပေါ်စေတယ်လို့ ဒေသခံများက ပြောကြားကြပါတယ်။ ဒီကျောက်တုံးပေါ်မှာတော့ ယခုအချိန်မှာ စေတီတော်တစ်ဆူ တည်ထားပြီးတော့ တားမြစ်ချက်များစွာနဲ့ သတိပေးစာများကိုပါ စိုက်ထူထားတာ မြင်တွေ့ရပါလိမ့်မယ်။

မြစ်ဝကျွန်းပေါ် တောင်ဘက်စွန်းက အလှတရားများ ပြည့်နေတဲ့ ဒီဒေသလေးဟာ ရောက်ရှိနိုင်ဖို့ ခက်ခဲသလောက် ရောက်ရှိချိန်မှာလည်း ကျေနပ်ဖွယ်ရာ သဘာဝအလှတရားများ ဒေသခံများရဲ့ ရိုးရာဓလေ့များကို ခံစားရပါလိမ့်မယ်။ ရင်ခုန်လှုပ်ရှားဖွယ်ရာ ဘဝမှာ တစ်သက်မမေ့နိုင်စရာ ခရီးစဉ်တစ်ခု ဖြစ်နေမှာ သေချာတာကြောင့် မြစ်ဝကျွန်းပေါ် တောင်ဘက်စွန်းဒေသလေးကို သွားရောက်လည်ပတ်ဖို့ တိုက်တွန်းလိုက်ပါရစေ။

 

Most Read

Most Recent