မင်းလွင်တောင်ကို ချမ်းသာပေးပါ

မင်းလွင်တောင်ကို ချမ်းသာပေးပါ
 မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ မင်းလွင်တောင်ကို အဝေးမှမြင်တွေ့ရစဉ်
မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ မင်းလွင်တောင်ကို အဝေးမှမြင်တွေ့ရစဉ်
Published 21 July 2019
ဘိုဘိုမြင့်

“ကျွန်တော်တို့ ကရင်ပြည်နယ်မှာ ဇွဲကပင်တောင်ကို တန်ဖိုးထားသလို မွန်ပြည်နယ်မှာလည်း ကရင်လူမျိုးတွေအနေနဲ့ ဒီမင်းလွင်တောင်ဟာ အမြတ်တနိုး တန်ဖိုးထားရတဲ့ တောင်ဖြစ်ပါတယ်။ ဒီဒေသကလူတွေ ဘယ်ဒေသရောက်ရောက်၊ နိုင်ငံခြားသွားသွား ဒီမင်းလွင်တောင်ရဲ့ တောင်လေးတစ်လုံးကို အိတ်ထဲဆောင်ယူသွားရင် အန္တရာယ်ကင်းတယ်လို့ ကျွန်တော်တို့ဒေသခံတွေ ယုံကြည်ကြပါတယ်။ နောက်ပြီး ဒီမင်းလွင်တောင်တန်းမှာဆိုရင် တန်ဖိုးမဖြတ်နိုင်တဲ့ ရှားပါးတိရစ္ဆာန်တွေရှိပါတယ်။ နောက် အင်မတန်ကြီးမားတဲ့ သစ်ပင်၊ ၀ါးပင်တွေ၊ ဆေးဖက်ဝင်တဲ့အပင်တွေ ဒီမင်းလွင်တောင်မှာ ရှိပါသေးတယ်” ဒါကမွန်ပြည်နယ် သထုံခရိုင်သထုံမြို့နယ် ပိန္နဲတောကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ မင်းလွင်တောင်နဲ့ ပတ်သက်ပြီးတော့ ဒေသခံ ကရင်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ စောစံတင်က ပြောကြားတာဖြစ်ပါတယ်။

မင်းလွင်တောင်ဟာ တိုင်းရင်းသားဒေသအတွင်းမှာ တည်ရှိနေတဲ့အပြင် တစ်ချိန်က တည်ငြိမ်မှုလျော့ပါးခဲ့ရာ နေရာဒေသတစ်ခုဖြစ်ခဲ့ပါတယ်။ ဒေသခံကရင်တိုင်းရင်းသားတွေက ရိုးသားဖြူစင်ပွင့်လင်းသလို ယုံကြည်ကိုးကွယ်ရာမှုနဲ့ ပတ်သက်ပြီးတော့လည်း အစွဲအလမ်းကြီးကြပါတယ်။

“မင်းလွင်တောင်ပေါ်မှာက စေတီပုထိုးတွေရှိသလို၊ တောင်ခြေမှာဆိုရင်လည်း ရှေးဟောင်းစေတီပုထိုးတွေ ရှိတယ်။ အဲဒီအပြင်ကို တောရကျောင်းတွေ၊ သာသနိက အဆောက်အအုံတွေလည်း အများကြီးရှိတယ်။ ယုံကြည်မှုနဲ့ ပတ်သက်လို့ကတော့ ကျောင်းသားကျောင်းသူလေးတွေကအစ စာမေးပွဲသွားဖြေကြရင်တောင် ဒီမင်းလွင်တောင်က ကျောက်ခဲလေးကို အဆောင်သဘောမျိုးနဲ့ ယူပြီးသွားကြတယ်။ အဲဒီအပြင် ဒီမင်းလွင်တောင်ကြီးကြောင့် တောင်ပတ်ပတ်လည်မှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအတွက် သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်ပေးထားတဲ့ တောင်ထွတ်တောင်မြတ်လို့ ပြောရင်လည်း မမှားဘူး” လို့ စောစံတင်က ပြောပါတယ်။

ဒါပေမဲ့ ၂၀၁၃ ခုနှစ်မှာ အဲဒီမင်းလွင်တောင်ဝန်းကျင်မှာ ဘိလပ်မြေစက်ရုံ တည်ဆောက်ရေး စီမံကိန်းလုပ်ဆောင်ဖို့အတွက်ဆိုပြီးတော့ ဖြူမင်းထွန်းဆိုတဲ့ ကုမ္ပဏီရောက်လာတဲ့အတွက် ဒေသခံပြည်သူတွေဟာ မင်းလွင်တောင်ကြီး ပျက်စီးသွားမှာကို စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

၂၀၁၄ ခုနှစ် မတ် ၆ ရက်မှာ ဖြူမင်းထွန်း ကုမ္ပဏီကဒေသခံရွာသူရွာသားတွေကို ညှိနှိုင်းခြင်းမရှိဘဲ မင်းလွင်တောင်ဘိလပ်မြေစီမံကိန်းကို သဘောတူကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများနဲ့ လျှို့ဝှက်စွာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် သြဂုတ် ၂၂ ရက်မှာ ဖြူမင်းထွန်းကုမ္ပဏီက ရွာသူရွာသားများကို အသိပေးအကြောင်းကြားခြင်းမရှိဘဲ ရွာထဲကို ရုတ်တရက်ရောက်လာပြီး ရွာသူရွာသားများကို သေချာသဘောပေါက်အောင် ရှင်းပြခြင်းမရှိဘဲ ရွာသူရွာသားများ၏ မသိနားမလည်မှုကို အခွင့်ကောင်းယူပြီး တစ်ဦးကို ကျပ်သုံးသိန်းစီပေးကာ ရွာသား အယောက် ၁၄၀ ကို လက်မှတ်ရေးထိုးစေခဲ့ကြောင်းကို မင်းလွင်တောင်ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာပေါင်း ၁၄ ရွာမှ ဒေသခံတွေက မွန်ပြည်နယ်အစိုးရအဖွဲ့ထံကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က ပေးပို့ခဲ့တဲ့ မင်းလွင်တောင်ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် စီမံကိန်းကြီးအား ဒေသခံပြည်သူများအနေဖြင့် လုံးဝ (လုံးဝ) သဘောတူညီခြင်းမရှိဘဲ ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာအရ သိရပါတယ်။

ဒါပေမဲ့ ၂၀၁၅ ခုနှစ် ဧပြီ ၂၂ ရက်မှ စတင်ပြီးတော့ ၂၀၁၆ ခုနှစ် ဧပြီ ၂၁ ရက်အထိကို မင်းလွင်တောင်မှ စက်မှုကုန်ကြမ်း ထုတ်လုပ်ငန်းများ ဆောင်ရွက်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနက ဖြူမင်းထွန်းကုမ္ပဏီကို ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်ခြင်းဆောင်ရွက်ခွင့် (Feasibility Study) ပါမစ်ပေးခဲ့တယ်လို့ သိရပါတယ်။

မင်းလွင်တောင်အရေးနဲ့ပတ်သက်ပြီး ဒေသခံကရင်တိုင်းရင်းသားတွေဟာ သူတို့ရဲ့စိုးရိမ်ထိတ်လန့်မှုတွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KNU ထံကိုလည်း တင်ပြတိုင်ကြားမှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

မင်းလွင်တောင်ခြေမှာ တည်ဆောက်မယ့် ဘိလပ်မြေစက်ရုံ စီမံကိန်းနဲ့ပတ်သက်ပြီးတော့ လူမှုရေးဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်များ ပူးပေါင်းပြီး မင်းလွင်၊ ပိန္နဲတော၊ အလယ်ရွာ၊ အင်းရွာ၊ ထီးဖိုးသစ်၊ ဝမ်းဘဲအင်း၊ ပန်းသာရွာ၊ ပအိုဝ်းစု၊ မောကလိုး၊ ပုရိတ်ခို၊ ကုလားစု၊ အင်တော၊ စီဆုံနှင့် မတ်ချစတဲ့ ကျေးရွာများသို့ ၂၀၁၆ ခုနှစ် ဧပြီ ၉ ရက်နဲ့ ၁၀ ရက်နေ့အထိ စစ်တမ်းကောက်ယူမှုပြုလုပ်ပြီးနောက် “မင်းလွင်ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ” တစ်ရပ်ဖွဲ့စည်းပြီး အစီရင်ခံစာတစ်စောင်ရေးကာ ဧပြီ ၂၁ ရက်မှာ KNU ထံကို ပေးပို့ခဲ့တယ်လို ့သိရပါတယ်။

ဒေသခံပြည်သူတွေက KNU ထံကို အစီရင်ခံစာတင်ပြပြီးပြီးတဲ့နောက်မှာ ၂၀၁၆ ခုနှစ် ဧပြီ ၂၂ ရက်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) စီးပွားရေးကော်မတီဗဟို ဥက္ကဋ္ဌဖြစ်တဲ့ စောတာဒိုမူးရဲ့ လက်မှတ်နဲ့ ကုမ္ပဏီက တည်ဆောက်မယ့် ဘိလပ်မြေစက်ရုံစီမံကိန်း၏ ဖြစ်နိုင်ခြေဆန်းစစ်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြောင်း ဖြူမင်းထွန်းကုမ္ပဏီထံကို အသိပေးစာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအကြောင်းကြားစာမှာ ဘိလပ်မြေစက်ရုံ ဖြစ်နိုင်ခြေဆန်းစစ်မှုကို ခွင့်ပြုခဲ့သော်လည်း ကုမ္ပဏီသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က KNU အား အကြောင်းကြားပြီးနောက် ပြန်လည်ဆက်သွယ်ရန် ပျက်ကွက်ခြင်း၊ လုပ်ငန်းလုပ်ဆောင်ရန် ဒေသခံသဘောတူညီမှုမရှိခြင်း၊ KNU ထံ ခွင့်ပြုချက်ရယူပြီး မဟုတ်မမှန်သော အကြောင်းအရာများ ပြောကြားခြင်းနှင့် ဒေသခံများ အထွတ်အမြတ်ထားရာ တောင်ဖြစ်ခြင်းတို့ကြောင့် ရပ်ဆိုင်းရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု အသိပေးစာမှာ ဖော်ပြထားပါတယ်။

မင်းလွင်ဒေသသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီက ရေးသားပြုစုုခဲ့တဲ့ အစီရင်ခံစာကို ၂၀၁၆ ခုနှစ် ဧပြီ ၂၁ ရက်နေ့မှာ KNU အပါအဝင် မွန်ပြည်နယ်အစိုးရနဲ့ နိုင်ငံတော်သမ္မတထံကိုလည်း ပေးပို့ခဲ့တာဖြစ်ပြီးတော့ KNU က ဧပြီ ၂၂ ရက်မှာ စီမံကိန်းဆက်မလုပ်ရန် ဆုံးဖြတ်ကြောင်း ကုမ္ပဏီကို ပြန်လည် အသိပေးစာ ပေးပို့ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီအပြင် မင်းလွင်တောင်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ၂၀၁၈ ခုနှစ် မတ် ၂၂ ရက်မှာပြုလုပ်တဲ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး (ပထမနေ့)မှာ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှ ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က သထုံမြို့နယ်အတွင်း မင်းလွင်တောင်မှ စက်မှုကုန်ကြမ်း ထုတ်လုပ်ငန်းများ ဆောင်ရွက်ဖို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနက ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်ခြင်း (Feasibility Study) ပေးထားခြင်းအတွက် ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောထား ထောက်ခံချက်များပေးထားခဲ့ခြင်းရှိ၊ မရှိနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ EIA/ EMP အစရှိတဲ့ ကနဦးလေ့လာ ဆန်းစစ်ချက်များ ပြုလုပ်ခဲ့ခြင်း ရှိ၊ မရှိ၊ နယ်မြေခံ တိုင်းရင်းသားများရဲ့ သဘောထား ဆန္ဒများကို ရယူခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ရဲ့ မေးမြန်းမှုကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြန်လည်ဖြေကြားရာမှာ ပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ မြေစာရင်းပုံစံရေးကူးခွင့်ကို ခွင့်ပြုပါက ပြည်နယ်မြေစာရင်းရုံးသို့ အမှုတွဲဖွင့်လှစ်၍ လုပ်ထုံးလုပ်နည်းနည်းနှင့်အညီ ဆောင်ရွက်ရန် အကြောင်းကြားထား ပြီးကန့်ကွက်ရန် မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

အဲဒီနောက် EIA/ SIA/ EMP လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး (Third Party) တတိယအဖွဲ့အစည်းအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိတဲ့ Myanmar Environment Sustainable Conservation (MESC) ကုမ္ပဏီအဖွဲ့အစည်းက ဆောင်ရွက်ခဲ့ကြောင်း ဖြေကြားခဲ့ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်လဲ့ရဲ့ ထပ်ဆင့်မေးခွန်းဖြစ်တဲ့ ဒေသခံပြည်သူလူထု သဘောထား တောင်းခံခဲ့ခြင်း ရှိ၊ မရှိနဲ့ ပတ်သက်ပြီး လူထုထံချပြရှင်းလင်းဆောင်ရွက်မှု အားနည်းခဲ့ကြောင်း၊ ကုမ္ပဏီမှ တာဝန်ရှိသူများက ဒေသခံများကို လေးကြိမ်ရှင်းလင်းချပြမှု ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ရာတွင် ပြည့်စုံလုံလောက်မှုမရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၉ ခုနှစ် ဇွန် ၁၇ ရက်မှာ သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံကို မွန်ပြည်နယ်အစိုးရအဖွဲ့က စာတစ်စောင်ရောက်လာပါတယ်။

အဲဒီစာမှာမွန်ပြည်နယ် သထုံမြို့နယ် ပိန္နဲတောကျေးရွာအုပ်စု၊ မင်းလွင်တောင် ဒေသမြေဧရိယာ ၉၃၇ ဧကတွင် ဖြူမင်းထွန်းကုမ္ပဏီလီမိတက်က ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် ထုံးကျောက် (အကြီးစား) ထုတ်လုပ်မှုလုပ်ငန်း သဘောတူစာချုပ် ဆက်လက်ချုပ်ဆိုနိုင်ရေးအတွက် သဘောထားမှတ်ချက် ပြန်ကြားပေးရန် ပြည်ထောင်စုဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ၇.၆.၂၀၁၉ ရက်စွဲပါစာဖြင့် ညှိနှိုင်းလာခြင်းနှင့် ပတ်သက်၍ လျှောက်ထား လုပ်ကွက်မြေနေရာကို ကွင်းဆင်းစိစစ်ပြီး ဒေသခံများ၏ သဘောထားမှတ်ချက်များနှင့်အတူ ၈.၇.၂၀၁၉ ရက်နေ ့အရောက် ပြန်လည်တင်ပြရန် အကြောင်းကြားအပ်ပါသည်လို့ ပါရှိပါတယ်။

မင်းလွင်တောင်အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ၂၀၁၉ ခုနှစ် ဇွန် ၂၆ ရက်က ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီးစောအောင်မြင့်ခိုင် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံတိုင်းရင်းသားပြည်သူ ၂၀၀ ကျော်ဟာ မင်းလွင်တောင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တွေ့ဆုံပွဲပြုလုပ်ခဲ့ကြတဲ့အပြင် ၂၀၁၉ ခုနှစ် ဇူလိုင် ၂ ရက်မှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံပြည်သူ ၃၀၀ ကျော် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲတွေမှာတက်လာသမျှ ဒေသခံအားလုံးက မင်းလွင်တောင်၌ ပြုလုပ်မည့် စီမံကိန်းကို ကန့်ကွက်ကြကြောင်းနဲ့ ကန့်ကွက်လက်မှတ်တွေကိုလည်း ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးဌာနဆီ ပေးပို့သွားမည်ဟု သိရကြောင်း မင်းလွင်တောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောစံတင်က ပြောကြားပါတယ်။

“ဒီမင်းလွင်တောင်ကိစ္စက ၂၀၁၃ ခုနှစ်ကတည်းက စနေတာ။ အခုက ခြောက်နှစ်ရှိပြီ။ ကျွန်တော်တို့လည်း တောက်လျှောက် ကန့်ကွက်လာကြတာပဲလေ။ ဇူလိုင် ၂ ရက်ကဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေ အပြင်ကို ဌာနဆိုင်ရာ အသီးသီးကလည်း ပါလာကြတယ်။ ဒေသခံရွာ ၁၁ ရွာလုံးက ပြည်သူတွေလည်း တက်ရောက်ကြပါတယ်။ ဒေသခံတွေကတော့ စိုးရိမ်နေကြတာပေါ့။ ဖြူမင်းထွန်းကုမ္ပဏီက အစိုးရဌာနအပေါ်ပိုင်းနဲ့ ပေါင်းတယ်။ နောက်ကျွန်တော်တို့ KNU တပ်မဟာ (၁) နဲ့ပေါင်းနေတယ်။ ကျွန်တော်တို့တပ်မဟာ (၁) တပ်မဟာမှူးကို သွားတက်ပြောတော့ သူတို့က ဒေသခံက သဘောမတူရင် ဘာမှလုပ်လို့မရဘူး။ ဒေသခံက အဓိကပါပဲလို့ ပြောပါတယ်” လို့ ဦးစောစံတင်က ဆိုပါတယ်။

“အခုတစ်ကြိမ်ကျတော့ ဘိလပ်မြေထုတ်လုပ်ဖို့ စက်ရုံဆောက်လုပ်ဖို့ ဆိုပြီးတော့ သဘောတူစာချုပ် ချုပ်တဲ့အဆင့် ရောက်သွားပြီ။ အဲဒီစာချုပ်ချုပ်တဲ့အခါမှာ ဒေသခံပြည်သူလူထုရဲ့ သဘောဆန္ဒ ကောက်ယူဖို့ဆိုပြီး ရောက်လာတဲ့အဆင့်ပေါ့။ ပထမအဆင့် သဘောထားကောက်ယူတုန်းကလည်း ကန့်ကွက်ပြီးသားပဲ။ အခု သဘောတူစာချုပ်ချုပ်ဖို့အတွက် ဒေသခံပြည်သူလူထုရဲ့သဘောထား တောင်းခံပါဆိုတဲ့နေရာမှာလည်း အားလုံးကကန့်ကွက်ကြတယ်။ မင်းလွင်တောင်နဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ပိန္နဲတောကျေးရွာအုပ်စုတွေမှာရှိတဲ့ ကျေးရွာတွေမှာရှိတဲ့ အားလုံးသောပြည်သူလူထုတွေ ဒါတွေကိုကန့်ကွက်ကြတယ်။ အရင့်အရင်ကလည်း ကန့်ကွက်ပြီးသားဖြစ်တယ်” လို့သထုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေအမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။

၎င်းကဆက်လက်ပြီးတော့ “ထို့အတူ ၂၀၁၆ လောက်တုန်းက KNU ဗဟိုကနေပြီးတော့ စာထွက်ထားတာ ရှိတယ်။ အဲဒီစာအရဆိုလို့ရှိရင် မင်းလွင်တောင်သည် ထိန်းသိမ်းရမယ့် တောင်စာရင်းထဲမှာ ပါဝင်နေတယ်။ ဒေသခံပြည်သူလူထုက သဘောမတူဘူး။ KNU ဗဟိုရဲ့ သဘောထားကိုလည်း သိပြီးသားဖြစ်တယ်။ ဆိုလို့ရှိရင် နောက်တစ်ခုက ကျွန်မတို့ NCA စာချုပ်ရဲ့ နောက်ဆက်တွဲမှာပါတဲ့ အချက်တွေ စီမံကိန်းလုပ်တဲ့နေရာမှာ လုပ်ရမယ့် လုပ်ငန်းစဉ်တွေရှိတယ်။ ဒါတွေကို လေးစားလိုက်နာဖို့ လိုတယ်” လို့ ပြောပါတယ်။

“အဲဒီအပြင်ကို မင်းလွင်တောင်ဟာ အခြေခံဥပဒေအရဆိုရင် ကာကွယ်ပေးရမယ့်အရာဖြစ်တယ်။ ဥပဒေအရအခွင့်အရေး အကာအကွယ်ရပိုင်ခွင့်ရှိတဲ့ တောင်တစ်တောင်ဖြစ်တယ်။ ဒါ့အပြင် တိုင်းရင်းသားလူမျိုးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေက ထွက်ပြီးသားဖြစ်ပါတယ်။ အဲဒီဥပဒေအရ ပြဋ္ဌာန်းချက်အရလည်း အမျိုးသားရေး လက္ခဏာတွေကို ကာကွယ်ထိန်းသိမ်းပေးရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ရှိတယ်။ ဥပဒေအရလည်း ကာကွယ်ပေးပြီးသား ဖြစ်ပါတယ်။ အဲဒီတော့ ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံက ကြည့်မယ်ဆိုရင် ဒီတောင်ဟာ ထိလို့ရတဲ့ တောင်မဟုတ်ဘူး။ ကရင်လူမျိုးတွေရဲ့ အထွတ်အမြတ်ထားတဲ့ နေရာဖြစ်တယ်ဆိုတဲ့ဟာကိုတော့ ပြည်ထောင်စုကနေ ဒါကိုစေ့စေ့စပ်စပ်နဲ့ လေ့လာသုံးသပ်ပြီးတော့ ပြန်လည်ဆင်ခြင်သုံးသပ်ဖို့သင့်တယ်လို့ ဒါကို ကျွန်မအနေနဲ့ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြောချင်တယ်” လို့ ဒေါ်ခိုင်ခိုင်လဲ့က ဆိုပါတယ်။

ထို့အတူ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စောင်အောင်မြင့်ခိုင်ကလည်း “အဲဒီဒေသကလည်း ဒေသခံလူထုဆန္ဒတစ်ခုတည်းနဲ့ လည်းမရဘူး။ ခွင့်ပြုဖို့တောင်းဆိုနေတဲ့ ကုမ္ပဏီဘက်ကရော၊ ခွင့်ပြုပေးရမယ့် ဝန်ကြီးဌာနအပိုင်းကရော သိထားဖို့လိုတာက မင်းလွင်တောင်ရှိတဲ့ဒေသဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ကိုယ်တိုင်က သဘောမတူထားတဲ့ အချက်ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ဆွေးနွေးချက်တွေ၊ သဘောတူညီထားမှုတွေမှာ အဲဒီအချက်က ငြိနေတယ်လို့ ပြောလို့ရပါတယ်။ အဲဒါကိုလည်း အလေးထားဖို့လိုပါမယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကိုယ်တိုင်က ဒီစီမံကိန်းကို သဘောမတူပါဘူးဆိုပြီး စာထုတ်ထားတာရှိပါတယ်” လို့ ပြောပါတယ်။

၎င်းကဆက်လက်ပြီးတော့ “ကျွန်တော့်ရဲ့အပိုင်းနဲ့ ပတ်သက်လို့တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနအနေနဲ့ကလည်း ဒီလိုတိုင်းရင်းသား ဒေသတွေက သယံဇာတအရင်းအမြစ်တွေ ကိုထုတ်ယူသုံးစွဲမယ်ဆိုရင် ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့အပိုင်းတွေရှိတဲ့အတွက် ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီးဌာနကို ဆက်လက်တင်ပြသွားဖို့ရှိပါတယ်” လို့ ပြောပါတယ်။

ဒေသခံများ၏ သဘောဆန္ဒမှာ စီမံကိန်းကို လက်မခံကြကြောင်း၊ ဖြူမင်းထွန်းကုမ္ပဏီက စီမံကိန်းလုပ်ရန် စတင်ကွင်းဆင်းသည့်အချိန်ကတည်းက ဒေသခံများက ကန့်ကွက်မှုများရှိခဲ့ကြောင်း၊ ဇူလိုင် ၂ ရက်က ပြုလုပ်ခဲ့သည့် ဒေသခံပြည်သူများနဲ့ တွေ့ဆုံပွဲ၌လည်း ကန့်ကွက်ခဲ့ကြကြောင်း ဆန္ဒပြုသူတွေ အများကြီးထွက်လာကြောင်း စောအောင်မြင့်ခိုင်က ပြောကြားပါတယ်။

“ဒီမင်းလွင်တောင်ဆိုတာကလည်း အထင်ကရ နာမည်ရှိတဲ့ တောင်ဖြစ်တယ်။ ဒေသခံပြည်သူတွေရဲ့ ကိုးကွယ်ယုံကြည်မှုတွေအရလည်း ရှိတယ်။ နောက် အမှတ်အသားတစ်ခုအနေနဲ့ တောင်တစ်တောင်ဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ ဒီတောင်ကြီးကို ဆုံးရှုံးမယ်ဆိုရင် ဘယ်လက်ခံနိုင်မှာလဲ။ အဲဒီ အခြေအနေမျိုးမှာ လက်ခံတယ်ဆိုတဲ့သူတွေက ကုမ္ပဏီအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့သူတွေလောက်ပဲလို့ ကျွန်တော်ယူဆပါတယ်” လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောပါတယ်။

၎င်းကဆက်လက်ပြီး “ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့က လူထုရဲ့ သဘောထားအတိုင်းပါပဲ။ လူထုကသဘော မတူဘဲနဲ့ ဒါကိုဥပဒေကျော်လွန်ပြီးတော့ ဆုံးဖြတ်ပြီးပေးစရာအကြောင်းလည်းမရှိပါဘူး။ ပေးမှာလည်း မဟုတ်ပါဘူး။ ဒီမင်းလွင်တောင်ကိစ္စဟာ လူထုရဲ့သဘောထားအပေါ်မှာ အများကြီးမူတည်တယ်။ လူထုရဲ့ ရပ်တည်ချက်အပေါ်မူတည်တယ်” လို့ ပြောကြားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုတိုင်းမှာ ကိုယ်ပိုင်ဓလေ့စရိုက် လက္ခဏာကိုယ်စီ ရှိကြပါ တယ်။ ကိုယ်ပိုင်အထိမ်းအမှတ်တွေ၊ ကိုယ်ပိုင်အမှတ်အသားတွေလည်းရှိကြပါတယ်။ အဲဒီအထိမ်းအမှတ်၊ အမှတ်အသားတွေ ပျက်စီးသွားခြင်း သို့မဟုတ် ပျောက်ပျက်သွားပါက အဲဒီဒေသမှာနေ ထိုင်ကြတဲ့ လူမျိုးစုတွေရဲ့ လူမှုအဝန်းအဝိုင်းတွေကို ရိုက်ခတ်မှုများစွာ ရှိတတ်ပါတယ်။ တစ်ဦးရဲ့ယုံကြည်မှုကို တစ်ဦးက လေးစားအသိအမှတ်ပြုမှသာလျှင် ကောင်းမွန်မျှတတဲ့ လူမှုအဝန်းအဝိုင်းကို တည်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ထို့အတူ သဘာဝကပေးထားတဲ့ အကောင်းမွန်ဆုံးသောလက်ဆောင်ဖြစ်တဲ့ ရေ၊ မြေ၊ တောတောင်သဘာဝ အလှတရားတွေကိုလည်း မပျောက်မပျက်အောင် ထိန်းသိမ်းပေးခြင်းသည်လည်း ယင်းဒေသမှာ မှီခိုနေထိုင်ကြတဲ့ လူမျိုးစု၊ လူမှုအဝန်းအဝိုင်းကို ထိန်းသိမ်းစောင့်ရှောက်ပြီးသားဖြစ်စေပါတယ်။

အဲဒီတော့ မွန်ပြည်နယ် သထုံမြို့နယ် ပိန္နဲတောကျေးရွာ အုပ်စုအတွင်းမှာတည်ရှိနေတဲ့ မင်းလွင်တောင်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းကလည်း သဘာဝတရားကပေးထားတဲ့ လက်ဆောင်ကြီးကို ကာကွယ်ပြီးသားဖြစ်သလို အဲဒီဒေသမှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ လူမှုဘဝတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး သားဖြစ်စေပါတယ်။ ဒါကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများရဲ့ လူမှုအဝန်းအဝိုင်းလေး မပျက်စီး၊ မပျောက်ပျက်ရလေအောင် မင်းလွင်တောင်ကြီးကိုတော့ ချမ်းသာပေးကြပါလို့ ဆန္ဒပြုလိုက်ပါတယ်။      

Most Read

Most Recent