အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့နေအိမ်တွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့နေအိမ်တွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်း
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်စွန်းဆရာတော်အား သင်္ကန်းဆက်ကပ်လှူဒါန်းနေစဉ်  (Photo – MNA)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်စွန်းဆရာတော်အား သင်္ကန်းဆက်ကပ်လှူဒါန်းနေစဉ် (Photo – MNA)
Published 19 July 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၁၉ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၅၄) နေအိမ်၌ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူး၍ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ Myanmar News Agency (MNA) Facebook တွင် သတင်းဖော်ပြမှုအရ သိရသည်။

အဆိုပါ ဆွမ်းဆက်ကပ်လှူဒါန်းမှုတွင် ရှေးဦးစွာ တောင်စွန်းဆရာတော် အရှင်ဝီရိယ (ဓမ္မဘေရီ) ထံမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး၊ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးထင်ကျော်နှင့်ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်သမ္မတ(ငြိမ်း)နှင့် ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပရိသတ်များက ရေစက်သွန်းချအမျှပေးဝေကြကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း၊ ယင်းဆွမ်းဆက်ကပ်လှူဒါန်းမှုသို့ တောင်စွန်းဆရာတော် အရှင်ဝီရိယ (ဓမ္မဘေရီ) အမှူးပြုသော ဆရာတော် သံဃာတော် ၁၅ ပါးကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး၊ နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးထင်ကျော်နှင့်ဇနီး၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့်ဇနီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့်ဇနီး၊ ပြည်ထောင်စ ုငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့်ဇနီး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦးနှင့်ဇနီး၊ ဆွေမျိုးမိတ်သင်္ဂဟများ တက်ရောက်ကြကြောင်း သိရသည်။

အလားတူ ၇၂ နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်၊  အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အလှူဒါနပြုကုသိုလ်အမျှပေးဝေခြင်း အခမ်းအနားကို ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမဆောင်၌ ပြုလုပ်ခဲ့ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်သည်။

အဆိုပါဆွမ်းဆက်ကပ်လှူဒါန်းမှုသို့ နိုင်ငံတော်သြဝါဒါစရိယ၊ နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမစျေးကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော်၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ ကမ္ဘာ့ရွှေစေတီဘွဲ့ရ ဒေါက်တာဘဒ္ဒန္တကဝိသာရ မဟာထေရ်မြတ်ကြီး အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာတက်ရောက်လာကြသည့် အကြီးအကဲများက နေပြည်တော်ပျဉ်းမနားမြို့ မဟာဝိသုတာရာမ စျေးကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော် အရှင်သူမြတ်များက ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြပြီးနောက် တက်ရောက်လာသည့် အကြီးအကဲများက ဆရာတော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး နေပြည်တော်ပျဉ်းမနားမြို့ မဟာဝိသုတာရာမစျေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အရှင်သူမြတ်က အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးလှူဒါန်းမှုအပေါ် အနုမောဒနာတရား ဟောကြားတော်မူပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent