ငါးပါးသီလ သို့မဟုတ် လူ့ကျင့်ဝတ်၏ အခြေခံတရား

ငါးပါးသီလ သို့မဟုတ် လူ့ကျင့်ဝတ်၏ အခြေခံတရား
Published 19 July 2019

လူသားတို့အနေဖြင့် လူဆိုးတစ်ဦးမဖြစ်ဘဲ လူကောင်းတစ်ဦးဖြစ်ရန်နှင့် တော်တည့် မှန်ကန်စွာ နေထိုင်ရန် ကြိုးပမ်းရာတွင်  လိုက်နာရန် ကြိုးစားသည့် စံနမူနာပြအချက်များသည် ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများ ဖြစ်ကြသည်။ ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများနှင့် ပတ်သက်၍ အများလက်ခံထားသည့် စည်းမျဉ်းအချို့မှာ ရိုးသားမှု၊ သမာဓိရှိမှု၊ သစ္စာရှိမှု၊ လေးစားမှုနှင့် သနားကြင်နာမှုတို့ ဖြစ်ကြသည်။ အချို့သော လူများသည် များစွာသော ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများကို စောင့်ထိန်းကြပြီး ယင်းချဉ်းကပ်ပုံအတွက် မိမိကိုယ်မိမိ ပိုမိုကောင်းမွန်သည့် လူတစ်ဦးအဖြစ် ခံစားရလေသည်။ ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများ စောင့်ထိန်းမှုကို အခြေခံလျက် လူတစ်ဦးချင်း သာမက လူ့အဖွဲ့အစည်းကပါ ကောင်းမှု၊ မကောင်းမှုဟူ၍ လည်းကောင်း၊ လူကောင်း၊ လူဆိုးဟူ၍လည်းကောင်း ခွဲခြားတတ်ကြလေသည်။  ဗုဒ္ဓဘာသာဝင်တို့အတွက် အခြေခံအကျဆုံး ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းမှာ ငါးပါးသီလ ဖြစ်သည်။

ငါးပါးသီလဟူသည် ဗုဒ္ဓမြတ်စွာ၏ ဆုံးမသြဝါဒဖြစ်၍ လူတို့စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားငါးပါးဖြစ်၏။ သီလ၏ အနက်ကို ကိုယ်၊ နှုတ်၊ စိတ်အမူအရာတို့ကို ငြိမ်သက်စွာ ထားခြင်းဟုလည်းကောင်း၊ ကုသိုလ်တရားတို့ကို ဆောင်ခြင်းဟုလည်းကောင်း ၀ိသုဒ္ဓိမဂ်အဋ္ဌကထာတွင် ဖွင့်ဆိုလေသည်။ တစ်နည်းအားဖြင့် သီလသည် ဦးခေါင်းနှင့်တူသောအနက်၊ အေးမြချမ်းအေးခြင်းအနက်၊ အကုသိုလ်တို့ မဝင်လေအောင် ပိတ်ပင်တားမြစ်ခြင်းအနက်၊ ဒုစရိုက်အကျင့်ပျက်၏ အိပ်စက်ကြောင်းအနက်တို့၌ ထင်ပေသည်။

ငါးပါးသီလခေါ် ပဥ္စသီလတွင် (၁) ပါဏာတိပါတာ ဝေရမဏိ (သူတစ်ပါး၏ အသက်ကို သတ်ဖြတ်ခြင်း အမှုကိစ္စတို့အား မပြုလုပ်ဘဲ ရှောင်ကြဉ်မည်ဟူသော သိက္ခာပုဒ်အား ထိန်းသိမ်းစောင့်ရှောက်ခြင်း)၊ (၂) အဒိန္နာဒါနာ ဝေရမဏိ (သူတစ်ပါး မပေးသော ပစ္စည်းဥစ္စာတို့ကို ယူငင်ခြင်း၊ ခိုးယူခြင်း စသောအမှုကိစ္စတို့အား မကျူးလွန်ဘဲ ရှောင်ကြဉ်စောင့်ထိန်းခြင်း) ၊ (၃) ကာမေသုမိစ္ဆာစာရာ ဝေရမဏိ၊ (ကာမပိုင်လင်ယောက်ျား၊ ဇနီးမယားမှတစ်ပါး အခြား ကာမ မပိုင်ဆိုင်သောသူများနှင့် ကျူးလွန်ဖောက်ပြားခြင်းမှ ရှောင်ကြဉ်စောင့်ထိန်းခြင်း)၊ (၄) မုသာဝါဒါ ဝေရမဏိ၊ (မဟုတ်မမှန်သော စကားပြောခြင်း၊ လိမ်လည်လှည့်ဖျား ပြောဆိုခြင်းတို့မှ ရှောင်ကြဉ်စောင့်ထိန်းခြင်း) နှင့် (၅) သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ၊ (မူးယစ်မေ့လျော့စေသော အရက်သေစာ ဘိန်းဘင်းကစော် လှော်စာ စသည့် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးများ သုံးစွဲခြင်းမပြုဘဲ ရှောင်ကြဉ်စောင့်ထိန်းခြင်း) တို့ ပါဝင်သည်။

ထိုငါးပါးကို စောင့်ထိန်းပါက ငါးပါးသီလ စောင့်ရာရောက်၍ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော အကျိုးကို ရနိုင်၏။ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလ၏ အနက်သဘောကို သိရှိပါက ပါဠိလိုလည်းကောင်း၊ မြန်မာလိုလည်းကောင်း၊ အချိန်အခါမရွေး ငါးပါးသီလကို ခံယူဆောက်တည်နိုင်သည်။ ငါးပါးသီလကို ဆောက်တည်ရာ၌ နှုတ်မှရွတ်ဆိုသည်ထက် အနက်အဓိပ္ပာယ်ကို သိရှိနားလည်၍ လိုက်နာကျင့်သုံး ဆောက်တည်မှုသာ လိုရင်းဖြစ်လေသည်။

ငါးပါးသီလတွင် ဆောက်တည်ရာ၌ သိက္ခာပုဒ်တိုင်း လုံခြုံရပေလိမ့်မည်။ သိက္ခာပုဒ် လွန်ကျူးချိုးဖောက် ပျက်စီးရာ၌ သိက္ခာပုဒ် တစ်ပါးတစ်ပါးစီတွင် ကံမြောက်ရာ ကံမြောက်ကြောင်း အင်္ဂါပယောဂ အသီးသီး ရှိကြသည်။ ထိုအင်္ဂါပယောဂအသီးသီးကို အကျဉ်းချုပ်ရမည်ဆိုလျှင် ဇော၊ စေတနာ၊ ဥဿာဟ ဟူ၍ သုံးပါးရ၏။ ထိုသုံးပါး ပြည့်စုံလျှင် ကံမြောက်သည်။ ကံမြောက်ပါမှလည်း သုဂတိဒုဂ္ဂတိဘုံများသို့ ကျရောက်စေသော အကျိုးကို ပေးလေသည်။ ငါးပါးသီလသည် နိစ္စသီလမျိုးဖြစ်၍ သာသနာတော် အတွင်း၌ မဟုတ် သာသနာပကာလ၌လည်း တည်ရှိလေသည်။

မည်သို့ပင်ဆိုစေ၊ ငါးပါးသီလဟူသည် လူ့ကျင့်ဝတ်၏ အခြေခံတရားပင် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင် ၂၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent