မြန်မာပိုင်နက်၊ တရုတ်ပိုင်နက်နှင့် အထူးဒေသ (၄) မှ ပညာရေးပုစ္ဆာ

မြန်မာပိုင်နက်၊ တရုတ်ပိုင်နက်နှင့် အထူးဒေသ (၄) မှ ပညာရေးပုစ္ဆာ
 နမ့်ပန်းဒေသ မိုင်းဟဲ - မိုင်းဆောစာသင်ကျောင်းမှ ကျောင်းသူကျောင်းသားအချို့ကို ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဆန်းမိုးထွန်း)
နမ့်ပန်းဒေသ မိုင်းဟဲ - မိုင်းဆောစာသင်ကျောင်းမှ ကျောင်းသူကျောင်းသားအချို့ကို ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဆန်းမိုးထွန်း)
Published 14 July 2019
ဆန်းမိုးထွန်း

ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ(၄)တွင် မိုင်းလား၊ ဆီလူးနှင့် နမ့်ပန်းဒေသတို့ ပါဝင်သည်။ ယင်းဒေသ သုံးခုသည် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA က အုပ်ချုပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများလည်း ဖြစ်သည်။

၁၉၈၉ ခုနှစ် ဇွန် ၃၀ ရက်တွင် အစိုးရက ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) အဖြစ် တရားဝင် သတ်မှတ်ပေးခဲ့သည်။ 

အထူးဒေသ (၄) သည် မြန်မာနိုင်ငံ၏ အရှေ့ပိုင်းနယ်စပ်တွင် တည်ရှိပြီး မြေဧရိယာ အကျယ်အဝန်း ၄၉၅၂ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ဒေသတစ်ခုလုံးတွင် လူဦးရေ ၁၁၆၈၈၇ ဦးရှိပြီး အိမ်ခြေ ၂၀၅၉၇ အိမ်ရှိသည်။ ဒေသအတွင်း ရှမ်း၊ အာခါ၊ လွယ်၊ ကိုးကန့်၊ လားဟူ၊ မြောင်၊ အားခေး၊ ဒဝဒ၊ ဖိန်း၊ ကချင်၊ ဗမာ၊ ကရင်၊ ကယား စသည့် တိုင်းရင်းသား ၁၃ မျိုး အတူတကွ နေထိုင်ကြသည်။

မိုင်းလားမြို့သည် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ NDAA ဌာနချုပ် ရုံးစိုက်ရာနေရာလည်း ဖြစ်သည်။

ယခင် ဗမာပြည်ကွန်မြူနစ်ပါတီကြီးစိုးစဉ်က မိုင်းလားမြို့သည် ဗကပ လက်အောက်ခံ ၈၁၅ စစ်ဒေသ တစ်ခုအဖြစ်သာ ရှိခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဗကပလက်အောက်က ခွဲထွက်ပြီး အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA ကို ထူထောင်၍ အစိုးရနှင့် အပစ်ရပ်စာချုပ် ချုပ်ဆိုခဲ့သည်။

အထူးဒေသ(၄)၏ အုပ်ချုပ်မှုအောက်တွင် မိုင်းလားသည် နှစ်ပေါင်း ၃၀ အတွင်း တောရွာကလေးမှ ခေတ်ဆန်သည့် မြို့ပြဖြစ်လာသည်။ လွန်ခဲ့သည့် နှစ် ၃၀ က ဆင်းရဲမွဲတေပြီး ချို့တဲ့သော တိုင်းရင်းသားများ နေထိုင်ခဲ့သည့် ရှမ်းအရှေ့မိုင်းလားဒေသသည် ယခုအချိန်တွင် ခေတ်မီဟိုတယ်ကြီးများ၊ မိုးမျှော်တိုက်ကြီးများ၊ အဆင့်မြင့်ကုန်တိုက်ကြီးများနှင့် လူမှုဘဝနေထိုင်မှုပုံစံများစွာ ပြောင်းလဲသွားခဲ့သည်။

ထိုသို့သော ခေတ်ဆန်လာသည့် မိုင်းလားတွင် တရုတ်အငွေ့အသက်များက လွှမ်းခြုံထားသည်။ မိုင်းလား၏ ဒေသစံတော်ချိန်သည် မြန်မာစံတော်ချိန်ထက် အချိန်တစ်နာရီခွဲစောသည့် တရုတ်စံတော်ချိန်ကို ယူထားသည့်အပြင် ဒေသတွင်းသုံးစွဲသည့် ငွေကြေးမှာလည်း တရုတ်ငွေကြေးဖြစ်သည့် ယွမ်ငွေကိုသာ သုံးစွဲကြသည်။

မိုင်းလား၏ အဓိကကုန်စည်စီးဆင်းမှုသည် တရုတ်နိုင်ငံဖြစ်ပြီး ဒေသတွင်းထွက်ရှိသည့် သီးနှံများနှင့် ထုတ်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့သာ အဓိကတင်ပို့နေသည်။

မိုင်းလားတွင် နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးများမှ လမ်းဘေးစားသောက်ဆိုင်များအထိ တရုတ်နိုင်ငံသားအများစုက လုပ်ကိုင်နေကြသည်။ ထို့ကြောင့် မိုင်းလားမြို့တွင် အဓိက ဘာသာစကားအဖြစ် တရုတ်ဘာသာစကားကိုသာ အသုံးပြုကြပြီး မြို့အနှံ့မြင်တွေ့ရသည့် ဆိုင်းဘုတ်များကိုလည်း မြန်မာဘာသာအပြင် တရုတ်ဘာသာဖြင့်ပါ ရေးသားထားသည်။

ထို့ပြင် အထူးဒေသ (၄) ခေါင်းဆောင်များ တည်ဆောက်ထားသည့် စက်ရုံများတွင်လည်း ကဏ္ဍအလိုက် တရုတ်နိုင်ငံသား ပညာရှင်များကို လစာပေး၍ ခေါ်ယူလုပ်ကိုင် ခိုင်းထားသည်။

အထူးဒေသ (၄) နယ်မြေအတွင်း တရုတ်၏ အရေးပါမှုနှင့် ပတ်သက်၍ အထူးဒေသ (၄) သတင်းပြန်ကြားရေးဌာနကြီးမှူး ဦးခမ်းမောင်က “ဒေသတည်ဆောက်တဲ့နေရာပဲဖြစ်ဖြစ်ပေါ့။ တရုတ်နယ်စပ်နဲ့ တစ်ကြောလုံးဆက်နေတာကိုး။ အကုန်လုံးဆက်နေတာတော့ ဟိုးပြည်မမှာ သွားအတုခိုးပြီးတော့ ကျွန်တော်တို့ဒေသက ဒီလိုမဖြစ်နိုင်ဘူးလေ။ ဒီလိုတိုးတက်မှု ဘယ်မှာသွားကြည့်မလဲ။ တရုတ်ပြည်နဲ့ နီးနေတော့ တရုတ်ပြည်က ဆွေမျိုးသားချင်းတွေ နေ့တိုင်းတွေ့နေရတော့ ဒီလိုလုပ်ကိုင်စားသောက်ရင် ကောင်းတယ်။ တရုတ်ရဲ့ဆွဲဆောင်မှုကတော့ အများကြီးရှိတယ်။ သူတို့က ငွေနဲ့ ဒါလုပ်ကွာဆိုတာတော့ မပေးဘူးပေါ့။ ဒါပေမဲ့ ဒီလိုလုပ်သင့်တယ်။ ဒီလိုလုပ်ရင်ကောင်းမယ်လို့ ပညာတွေပေးတာပေါ့။ ဒါကို လိုက်တုပြီးတော့ လုပ်တယ်။ အချို့သူတို့ထက်တောင် ကျော်သွားသေးတယ်” ဟု ပြောကြားသည်။

ထူးခြားသည်မှာ မြန်မာ့ပိုင်နက်ဖြစ်သည့် အထူးဒေသ(၄) နယ်မြေအတွင်းပညာရေးကဏ္ဍတွင် မြန်မာစာနှင့် တရုတ်စာကို တွဲဖက်၍ သင်ကြားနေခြင်း ဖြစ်သည်။

အထူးဒေသ (၄) နယ်မြေအတွင်း မိုင်းလားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ဖွင့်လှစ်ထားသည့် ကျောင်းများအပြင် ဗဟိုအစိုးရ ဖွင့်လှစ်ထားသည့် ကျောင်းများ၌ တရုတ်ကျောင်းဆရာများကို ခေါ်ယူ၍ တရုတ်စာကို သင်ကြားပေးနေခြင်း ဖြစ်သည်။

အထူးဒေသ (၄) တည်ထောင်စဉ်က ဒေသတွင်း ၈၁၅ စစ်ဒေသ အခြေခံပညာရေးကျောင်းတစ်ကျောင်းသာ ရှိခဲ့ကြောင်း အထူးဒေသ(၄) သတင်းပြန်ကြားရေးဌာနကြီးမှူး ဦးခမ်းမောင်က ဆိုသည်။

“ပညာရေးကဏ္ဍက အရင် ကျွန်တော်တို့ ငြိမ်းချမ်းရေးမယူခင်တုန်းက ကျွန်တော်တို့ဒေသကို ၈၁၅ စစ်ဒေသလို့ အဲဒီလိုမျိုးပြောတယ်။ အဲဒီခေတ်တုန်းက ကျောင်းဆိုတာမရှိဘူး။ ဆေးရုံဆေးခန်းဆိုတာ မရှိဘူး။ ဗကပရဲ့ အမွေပေါ့ဗျာ။ ဆေးတပ်ဖွဲ့ဆိုတာလောက် ပဲရှိတယ်။ ကျောင်းတစ်ကျောင်းတော့ ရှိတယ်။ ၈၁၅ စစ်ဒေသ အခြေခံပညာရေးကျောင်း ဆိုပြီးတော့ရှိတယ်။ အဲဒီတုန်းကတော့ ပညာရေးကဏ္ဍက တော်တော့်ကို ခေတ်နောက်ကျခဲ့တယ်။ နောက်ကျတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးယူပြီးတဲ့အချိန်မှာ ပညာရေးဝန်ကြီးဌာနက နေပြီးတော့ ပညာရေးကဏ္ဍ၊ ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ ဆေးရုံအဖွဲ့ပေါ့။ ဆေးပေးခန်း အဲဒီလိုစီစဉ်ပေးထားတာ။ နိုင်ငံတော်ရဲ့ ဝန်ထမ်းတွေကို စေလွှတ်ပြီးတော့လေ။ အဲဒီကစပြီးတော့ ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ ဒီကျောင်းကို အစိုးရဖွင့်ထားတဲ့ အခြေခံပညာ မူလတန်းကျောင်းတို့၊ အခြေခံပညာ အလယ်တန်းကျောင်းတို့ နောက်ပြီးတော့ အထက်တန်းကျောင်းတို့ဆိုပြီး အဲဒီလိုဖြစ်လာတာ” ဟု ဦးခမ်းမောင်က ပြောကြားသည်။

လက်ရှိတွင်မူ နိုင်ငံတော်အစိုးရ၏ ကူညီပံ့ပိုးမှုဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနနှင့် အထူးဒေသ(၄) အာဏာပိုင်များ ပူးပေါင်းပြီး မိုင်းလား၊ နမ့်ပန်းနှင့် ဆီလူးဒေသသုံးခုတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း စုစုပေါင်း ၅၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ဆရာဆရာမ ၇၄၉ ဦးနှင့် ကျောင်းသား ၁၄၀၀၀ ခန့် စာသင်ကြားလျက် ရှိသည်။

အထူးဒေသ (၄) နယ်မြေများဖြစ်သည့် မိုင်းလား၊ နမ့်ပန်းနှင့် ဆီလူးဒေသများအနက် နမ့်ပန်းဒေသသည် စာသင်ကျောင်းပေါင်း ၂၃ ကျောင်းဖြင့် စာသင်ကျောင်းအများဆုံးရှိသည့် ဒေသဖြစ်သည်။

၂၀၁၈ စာရင်းအရ နမ့်ပန်းဒေသတွင် ပညာသင်ကြားနေသည့် ကျောင်းသားအရေအတွက်မှာ ၅၅၅၀ ခန့်ရှိသည့်အတွက် ဒေသတွင်းရှိသည့် ကျောင်းသားဦးရေ၏ ထက်ဝက်ခန့်မှာ နမ့်ပန်းဒေသတွင် ရှိနေသည်။

နမ့်ပန်းဒေသတွင် အလယ်တန်းအဆင့် စာသင်ကျောင်း သုံးကျောင်းရှိပြီး မြန်မာစာနှင့် တရုတ်စာနှစ်ဘာသာတွဲ၍ သင်ကြားပေးလျက်ရှိကြောင်း နမ့်ပန်းဒေသပညာရေးဌာနခွဲ ဌာနခွဲမှူး ဦးလီဖူကျင့်က အထူးဒေသ(၄)ပိုင် သတင်းဌာနဖြစ်သည့် Mongla News ကို ဖြေကြားထားသည်။

“လက်ရှိမှာ အလယ်တန်းအဆင့် စာသင်ကျောင်းသုံးကျောင်းရှိပြီး မြန်မာစာနဲ့ တရုတ်စာနှစ်ဘာသာတွဲပြီး သင်ကြားပေးနေပါတယ်။ ဒေသခေါင်းဆောင်တွေဟာ ပညာရေးကဏ္ဍမှာ ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံထားပါတယ်” ဟု  ဦးလီဖူကျင့်က ပြောကြားသည်။

နမ့်ပန်းဒေသ ပညာရေးဌာနခွဲ ဌာနခွဲမှူး ဦးလီဖူကျင့်က စာသင်ကျောင်းများတွင် မြန်မာစာနှင့် တရုတ်စာကိုတွဲပြီး သင်ကြားပေးနေသည်ဟု ဆိုသော်လည်း မြန်မာစာကို တတ်ရုံမျှသာ သင်ကြားပေးနိုင်ကြောင်း နမ့်ပန်းဒေသ မိုင်းဟဲ-မိုင်းဆော စာသင်ကျောင်း၏ တွဲဖက်ပညာရေးမှူးလည်းဖြစ်၊ နမ့်ပန်းဒေသဒုတိယအုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဦးစိုင်းမွန်းက ဝန်ခံပြောကြားသည်။

“တရုတ်စာကို အဓိကထားသင်တယ်ဆိုပေမဲ့ မြန်မာစာကိုလည်းသင်ပါတယ်။ မြန်မာစာသင်တဲ့ ဆရာကတော့ ကျောင်းမှာသိပ်မများဘူး။ ခြောက်ယောက် ခုနစ်ယောက်လောက်ပဲရှိတယ်။ တရုတ်စာသင်တဲ့ ဆရာကတော့ အယောက် ၄၀၊ ၅၀ လောက်ရှိတယ်။ ဒါကြောင့် မြန်မာစာက အဲဒီလောက် မပီဘူး။ ဒါကြောင့် အတတ်သင် တာလောက်ပဲရှိတယ်” ဟု  ဦးစိုင်းမွန်းက ဆိုသည်။

ဒေသတွင်း ကျောင်းသူကျောင်းသားများအပေါ် တရုတ်စာက အဓိကလွှမ်းမိုးနေသည့်အတွက် မြန်မာစာကို သင်ကြားရာ၌ အခက်အခဲများရှိကြောင်း နမ့်ပန်းမြင့်မြတ် ပါရမီကျောင်းတွင် မြန်မာစာသင်ကြားနေသည့် ဆရာဦးသက်စိုးဦးက ရှင်းပြသည်။

“မြန်မာစာကို ဦးစားမပေးတာမျိုးတော့ မဟုတ်ဘူး။ ဦးစားတော့ ပေးနေတယ်။ လူကြီးတွေလည်း အမြဲတမ်းပြောတယ်။ ဒါပေမဲ့ ကလေးတွေရဲ့ အခြေအနေအရ ဒီလိုဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုရင် တရုတ်တွေနဲ့ အမြဲတမ်း ထိတွေ့ဆက်ဆံနေရတဲ့ အခါကျတော့ ကလေးတွေရဲ့ စိတ်ထဲမှာ မြန်မာစာကို သိပ်မဝင်ဘူးဖြစ်နေတာ။ အခုလက်ရှိ ကျွန်တော်က မြန်မာစာသင်နေတဲ့ ဆရာပဲ။ နမ့်ပန်းမှာ အစိုးရကျောင်းက တစ်ကျောင်းပဲရှိတယ်။ ကလေးတွေအပေါ် လွှမ်းမိုးနေတာက တရုတ်စာပဲ ဖြစ်နေတော့ မြန်မာစာကို သိပ်အားမပေးတဲ့ ပုံစံမျိုးမဟုတ်ပေမဲ့ အခက်အခဲတော့ရှိတယ်” ဟု ဆရာဦးသက်စိုးဦးက ပြောကြားသည်။

ကျောင်းသူကျောင်းသားများ ရှင်သန်ကျင်လည်နေရသည့် ပတ်ဝန်းကျင်တွင် တရုတ်ဘာသာစကားများဖြင့် နေ့စဉ်ထိတွေ့နေရသဖြင့် မြန်မာစာကို သင်ကြားရာ၌ အခက်အခဲများရှိနေရခြင်းဖြစ်ကြောင်း ဆရာဦးသက်စိုးဦးက ဆိုသည်။

“ဒီက ကလေးတွေကို မြန်မာစာသင်ရတာ ခက်တယ်။ ဘာကြောင့် ခက်သလဲဆိုလို့ရှိရင် သူတို့နေ့စဉ်ကြုံတွေ့နေရတာက ကြည့်တဲ့ရုပ်ရှင်ကလည်း တရုတ်ကားတွေပဲ ဖြစ်နေတဲ့အခါကျတော့ ဘယ်လိုမှမဝင်နိုင်ဘူး။ အခုသင်လိုက်တယ်။ ခဏနေဆို အဲဒီသင်ခန်းစာကိုမေ့ပြီ။ ပထမအချိန်မှာ သင်ခန်းစာကို သင်လိုက်တယ်။ ဒုတိယအချိန်မှာ အဲဒီသင်ခန်းစာကို ပြန်မေးရင်မေ့ပြီ။ အစကနေ ပြန်သင်ရတယ်။ အဲဒီအခါကျတော့ အခက်အခဲအများကြီးရှိတယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ နမ့်ပန်းမြင့်မြတ်ပါရမီကျောင်းကို ၂၀၁၃ ခုနှစ်က စတင်တည်ထောင်ခြင်းဖြစ်ပြီး အထူးဒေသ (၄) ၏ ပညာရေးနှင့် အားကစားဌာနက ထောက်ပံ့ထားသည့် ကျောင်းဖြစ်သည်။ သူငယ်တန်းမှ ကိုးတန်းအထိ ပညာသင်ယူနေသည့် ကျောင်းသား ကျောင်းသူဦးရေ ၆၀၀ ကျော်ရှိပြီး ဆရာဆရာမအင်အား ၃၀ ကျော်ဖြင့် သင်ကြားပေးနေခြင်း ဖြစ်သည်။ ပညာသင်ယူနေသည့် ကျောင်းသားကျောင်းသူများအနက် ရှမ်းနှင့် အာခါလူမျိုး ကလေးအများစုက လာရောက်ပညာသင်ယူနေသည်။

အထူးဒေသ(၄) ပညာရေးနှင့် အားကစားဌာနက ထောက်ပံ့ထားသည့် အဆိုပါကျောင်းတွင် ကျောင်းအုပ်အဖြစ် တရုတ်လူမျိုးကျောင်းဆရာ တစ်ဦးကို လခပေးခေါ်ယူ၍ အုပ်ချုပ်ခိုင်းထားသည်။

ထိုကျောင်းတွင် ပညာသင်ယူနေသည့် ကျောင်းသားကျောင်းသူအများစုမှာ မြန်မာစကားကို လည်လည်ဝယ်ဝယ် မပြောတတ်ပေ။

အဆိုပါကျောင်းတွင် မြန်မာစာကို ရေးတတ်ဖတ်တတ်ရုံသာ သင်ပေးခြင်းဖြစ်ကြောင်း  မြန်မာစာသင်ကြားနေသည့် ဆရာဦးသက်စိုးဦးက ပြောကြားသည်။

“မြန်မာစာအနေနဲ့ကတော့ သူတို့ရဲ့ အသုံးပြုပုံပြုနည်းကို ပြုတတ်လာအောင် ပုံစံမျိုးပဲ သင်ပေးတာ။ ရေးတတ်ဖတ်တတ်လောက်အောင်ပဲ သင်ပေးတာ” ဟု ဆရာဦးသက်စိုးဦးက ဆိုသည်။

နမ့်ပန်းဒေသတွင် နိုင်ငံတော်အစိုးရက ဖွင့်လှစ်ထားသည့် အခြေခံပညာ အလယ်တန်းကျောင်းတစ်ကျောင်း ရှိသည်။ နိုင်ငံတော်အစိုးရက ဖွင့်လှစ်ထားသည့်ကျောင်းဖြစ်သော်လည်း ယင်းကျောင်းတွင် မြန်မာစာ နှင့် တရုတ်စာကို အတူတကွ တွဲသင်ရကြောင်း လုပ်သက် နှစ် ၂၀ ရှိသည့် အလယ်တန်းပြဆရာမ ဒေါ်နုနုလွင်က ရှင်းပြသည်။

“ဒီမှာက အတူတူပဲ တက်တယ်။ ဒီဘက်မှာက မြန်မာစာသင်ရင် တရုတ်စာကိုပါ အတူတူတက်ရတာ” ဟု ဆရာမ ဒေါ်နုနုလွင်က ပြောကြားသည်။

အစိုးရကျောင်းဖြစ်သော်လည်း မြန်မာစကား မတွင်ကျယ်သည့်အတွက် မြန်မာစာသင်ကြားရာတွင် အခက်အခဲများရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“မြန်မာစာသင်ရတာတော့ နည်းနည်းအခက်အခဲရှိတယ်။ ဘာလို့ဆိုတော့ ဒီမှာက စကားမပေါက်ဘူး။ အာခါလိုနဲ့ တရုုတ်လိုပဲပြောတာ။ မြန်မာလိုက နည်းနည်းပဲပြောကြတယ်။ တရုတ်စာကို အဓိကဦးစားပေးတယ်ဆိုတာက ဒီဒေသကတရုတ်ပြည်နဲ့ နီးတာကိုး။ စီးပွားရေးကလည်း တရုတ်ပြည်ကပဲ ဒီဘက်ကိုလာလုပ်ကြတာ။ မြန်မာတွေ ဒီဘက်မှာ သိပ်မရှိဘူး” ဟု ဆရာမဒေါ်နုနုလွင်က ဆိုသည်။

ထို့ပြင် အဆိုပါကျောင်း၌ ကျောင်းသူကျောင်းသားဦးရေ ၄၀၀ နှင့် ၅၀၀ ကြားရှိသော်လည်း စာသင်ကြားသည့် ဆရာဆရာမ အရေအတွက်မှာမူ ၁၄ ဦးသာရှိသည့်အတွက် လုံလောက်မှု မရှိကြောင်းနှင့် ကျောင်းသား ၆၀ လျှင် ဆရာမတစ်ဦးနှုန်းဖြင့် ပညာသင်ကြားပေးနေရကြောင်း ၎င်းကဆိုသည်။

“ဒီကျောင်းမှာတော့ ကျောင်းဆရာမဦးရေ လုံလောက်မှုမရှိဘူး။ မူလတန်းပြဆိုရင် သုံးယောက်ပဲရှိတယ်။ အခုဆို ဆရာမတစ်ယောက်ကို ကျောင်းသား ၆၀ ကျော်လောက်တာဝန်ယူရတယ်” ဟု ဆရာမ ဒေါ်နုနုလွင်က ရှင်းပြသည်။

လက်ရှိတွင် နမ့်ပန်းဒေသရှိ မိုင်းဝ - ကျိုင်းခမ်းကျောင်း၌ မြန်မာစာ၊ သင်္ချာနှင့် တရုတ်စာသုံးဘာသာကို သင်ကြားနေပြီး ကျောင်းသားကျောင်းသူများမှာ မြန်မာစကားကို နားမလည်သေးသည့်အတွက် သင်္ချာကို တရုတ်လို သင်ပေးနေရကြောင်း နမ့်ပန်းမိုင်းဝ-ကျိုင်းခမ်းကျောင်းမှ မြန်မာစာဘာသာရပ်ကို သင်ကြားနေသည့် ဆရာမဒေါ်ထွယ်ပန်က ပြောကြားသည်။

“ဒီမှာတော့ မြန်မာစာကလည်း အဓိကဘာသာပါပဲ။ မြန်မာစာကိုလည်း ကောင်းကောင်း သင်ပေးတယ်။ ဒီဒေသက အစိုးရအနေနဲ့ကလည်း ပြည်ထောင်စုပုံစံပဲ သွားပါတယ်။ မြန်မာစာကို အဓိက အနေနဲ့သွားတယ်။ ဒါပေမဲ့ ဒီဒေသမှာကိုက ဘယ်လိုမျိုးဖြစ်လဲဆိုတော့ ကလေးတွေက မြန်မာစကားကို နားမလည်သေးတာ။ မြန်မာစကားကို နားမလည်သေးတဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့ ဒီကျောင်းမှာက သင်္ချာကိုမြန်မာလိုသင်မယ်ဆို အဆင်မပြေနေသေးလို့ တရုတ်လို သင်္ချာကို သင်ပေးနေတာပေါ့။ ကလေးတွေက မြန်မာစကားထက် တရုတ်စကားကို ပိုနားလည်တဲ့သူက ပိုများတယ်။ အဲဒီအတွက် သူတို့က သင်္ချာကိုသင်တဲ့အခါမှာ တရုတ်လို သုံးတယ်။ ဒါပေမဲ့ မြန်မာစာကလည်း မေဂျာတော့ မေဂျာပဲ” ဟု ၎င်းက ဆိုသည်။

ထိုသို့ ဖြစ်ရခြင်းသည် အထူးဒေသ(၄) ဒေသရှိ ကျောင်းများတွင် ယခင်က မြန်မာစာကို တစ်ပတ်လျှင် စာသင်ချိန် သုံးချိန်သာ သင်ကြားခဲ့ပြီး လွန်ခဲ့သည့် လေးနှစ်ခန့်မှစ၍ တစ်ပတ်လျှင် ခုနစ်ကြိမ်သို့ ပြောင်းလဲသင်ကြားခဲ့သော်လည်း ကျောင်းသားကျောင်းသူများနှင့် မြန်မာစာထိတွေ့မှုနည်းပြီး ရင်းနှီးကျွမ်းဝင်ခြင်း မရှိသေးသောကြောင့် ဖြစ်ကြောင်း ဆရာမဒေါ်ထွယ်ပန်က ရှင်းလင်းပြောဆိုသည်။

“ဒီဒေသမှာက မြန်မာစာကို စသင်တာ ခုနစ်နှစ်လောက်ပဲ ရှိသေးတယ်။ အရင်ကဆို  မြန်မာစာက မိုင်နာလိုပဲ။ တစ်ပတ်မှာ သုံးချိန်ပဲ သင်ခဲ့တယ်။ အခုမြန်မာစာကို တစ်ပတ်မှာ ခုနစ်ချိန်စသင်ခဲ့တာ ကလေးနှစ်ပဲ ရှိသေးတယ်။ လေးနှစ်ပဲ ရှိသေးတဲ့အတွက် ကလေးတွေကလည်း စကားပြောတဲ့အခါမှာ မြန်မာစကားပြောဖို့ နည်းနေသေးတာ။ ဘာလို့လဲဆိုရင် တရုတ်စာကို သူတို့က သင်လာတဲ့နှစ်တွေက များတယ်။ အဲဒါကြောင့် တရုတ်စကားကိုရတဲ့ ကလေးက ပိုများတယ်” ဟု ဒေါ်ထွယ်ပန်က ဆိုသည်။

အထူးဒေသ (၄) သည် မြန်မာ့ပိုင်နက်တွင်ရှိသော်လည်း ဒေသတွင်း၌ မြန်မာစကားကို မပြော၊ မြန်မာငွေကြေးကို မသုံးသည့်အပြင် အထူးဒေသ (၄) ဖွင့်လှစ်ထားသည့် ကျောင်းများ၌ တရုတ်ဆရာများကို ကျောင်းအုပ်ခန့်ထားပြီး တရုတ်စာကို အဓိကသင်ကြားနေခြင်းသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေခြင်းနှင့် စီးပွားရေးလုပ်ကိုင်ရာတွင် တရုတ်စာ၊ တရုတ်စကားတတ်ပါက အလုပ်အကိုင်အဆင်ပြေခြင်းတို့ကြောင့်ဖြစ်ကြောင်း ဆီလူးဒေသ အုပ်ချုပ်ရေးမှူး ဦးစိုင်းစံက ဆိုသည်။

“ကျွန်တော်တို့ဒေသမှာ မူအရတော့ မြန်မာပြည်ဖြစ်တဲ့အတွက် မြန်မာစာကို အဓိကထားတယ်။ ဒါပေမဲ့ အခုဟာက တရုတ်နယ်စပ်မှာ ဖြစ်တဲ့အတွက် တရုတ်စာကို စိတ်ဝင်စားကြတယ်။ ပြီးတော့ စီးပွားရေးအပိုင်းမှာလည်း တရုတ်စာ၊ တရုတ်စကားတတ်မှ စီးပွားရေးကလုပ်စားလို့ပိုလွယ်တယ်။ အဲဒါကြောင့် တရုတ်စာကို သင်ကြားပေးတာ ဖြစ်တယ်” ဟု ဦးစိုင်းစံက ပြောကြားသည်။

အထူးဒေသ (၄) တွင် သင်ကြားနေသည့် ပညာရေးစနစ်သည် ပြည်မ၌သင်ကြားနေသည့် ပညာရေးစနစ်နှင့် တူညီခြင်းမရှိပေ။

ပြည်မ၌ သင်ကြားနေသည့်ပညာရေးစနစ်သည် ၁၀ တန်းအောင်ပြီးပါက အမှတ်အလိုက် တက္ကသိုလ်အသီးသီးသို့ တက်ရောက်၍ ဆက်လက်ပညာသင်ကြားနိုင်သော်လည်း အထူးဒေသ (၄) ပညာရေး စနစ်မှာမူ အမြင့်ဆုံးမှာ ကိုးတန်းအထိသာရှိပြီး ကိုးတန်းအောင်မြင်ပြီးပါက ဆရာအတတ်သင်ကျောင်းကို ဆက်လက်တက်၍ ကျောင်းဆရာအဖြစ် အထူးဒေသ (၄)အတွင်းရှိ ကျောင်းများတွင် ပြန်လည်လုပ်ကိုင်ရခြင်း ဖြစ်သည်။

သို့သော် ခြောက်တန်းအောင်ပြီး ကျောင်းဆက်မတက်ချင်တော့သည့် ကျောင်းသူကျောင်းသားများအနေဖြင့် မိုင်းလားတပ်ဖွဲ့ထဲသို့ ဝင်ရောက်ကြသည်များလည်းရှိပြီး အချို့ကျောင်းသားကျောင်းသူများမှာမူ ခြောက်တန်းအောင်ပြီး မိုင်းလားသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသူများလည်း ရှိကြောင်း သိရသည်။

“ကိုးတန်းအထိက ဒီဒေသမှာတော့ အမြင့်ဆုံးအတန်းပဲ။ ဒီအမြင့်ဆုံးအတန်းပြီးတဲ့ ကလေးတွေက ဆရာအတတ်သင်ကျောင်းကို သွားတဲ့သူတွေလည်းရှိတယ်။ တချို့ကလေးတွေကလည်း ခြောက်တန်းပြီးလို့ စစ်မှုထမ်းသွားတဲ့ သူတွေလည်းရှိတယ်။ နောက်တစ်မျိုးကတော့ အပြင်မှာအလုပ်သွားလုပ်တာ။ မိုင်းလားမှာက လစာကောင်းတယ်။ လစာကောင်းတဲ့အခါကျတော့ တချို့ကလေးတွေက ခြောက်တန်းပြီးတာနဲ့ ကျောင်းဆက်မတက်တော့ဘူး။ မိုင်းလားမှာပဲ အလုပ်သွားလုပ်ကြတယ်။ သူတို့ကို ဘာလို့ကျောင်း ဆက်မတက်ဘဲနဲ့ မိုင်းလားမှာ အလုပ်လုပ် ကြတာလဲလို့မေးကြည့်တော့ ကျွန်တော်တို့က ကိုးတန်းအထိတက်လို့လည်း တက္ကသိုလ်မှ တက်ပိုင်ခွင့်မှမရှိတာတဲ့။ အခုကျွန်တော်တို့ တရုတ်စာကောင်းကောင်းဖတ်တတ်ပြီ။ ရေးတတ်ပြီ။ မြန်မာစာလည်းရပြီ။ အဲဒါနဲ့ အလုပ်ထွက်လုပ်ကြတာပေါ့” ဟု နမ့်ပန်း မိုင်းဝ-ကျိုင်းခမ်းကျောင်းမှ မြန်မာစာဘာ သာရပ်သင်ကြားနေသည့် ဆရာမဒေါ်ထွယ်ပန်က ပြောကြားသည်။

အထူးဒေသ(၄)၏ ပညာရေးစနစ်သည် အထက်ပါအခြေအနေအတိုင်းသာ ရှိသည်ဟု သိထားသော်လည်း အထူးဒေသ (၄) သတင်းပြန်ကြားရေးဌာနကြီးမှူး ဦးခမ်းမောင်ကမူ ပြည်မ၌ ပညာဆက်လက်ဆည်းပူးနေသည့် ၎င်း၏ဒေသမှ ကျောင်းသားကျောင်းသူအများအပြားရှိကြောင်း မီဒီယာများကို ပြောကြားသည်။

“ပြည်မမှာတော့ အများကြီးရှိပါတယ်။ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးအဲဒီမှာတော့ ကျွန်တော်တို့ကလေးတွေ အများကြီးရှိတယ်” ဟု ဦးခမ်းမောင်က ပြောကြားသည်။

အထူးဒေသ(၄) နယ်မြေတွင် ဒုတိယအများဆုံး စာသင်ကျောင်းရှိသည့် ဒေသမှာ ဆီလူးဒေသဖြစ်သည်။ ဆီလူးဒေသတွင် ကျောင်းပေါင်း ၂၁ ကျောင်းရှိပြီး ဆရာဆရာမ ၁၆၀ က ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၄၄၄ ဦးကို ပညာသင်ကြားပေးနေသည်။ အထူးဒေသ(၄) နယ်မြေထဲတွင် ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး မိုင်းလားဒေသတွင်မူ စာသင်ကျောင်း ကိုးကျောင်းသာရှိပြီး ကျောင်းသားဦးရေ ၄၄၂၆ ဦးကို ဆရာဆရာမ ၂၁၂ ဦးက ပညာသင်ကြားပေးလျက်ရှိသည်။

ထို့ပြင် စိုက်ပျိုးရေးနှင့် ကျန်းမာရေးအပိုင်းတွင် သွားရောက်လေ့လာသင်ယူစေရန်အတွက် တရုတ်ပြည်သို့ ကျောင်းသား ကျောင်းသူအများအပြား စေလွှတ်ခဲ့ပြီး ဒေသအတွင်း တိုင်းရင်းသားယဉ်ကျေးမှု စာသင်ကျောင်းကို တည်ဆောက်၍ တိုင်းရင်းသား စာပေများကိုလည်း ပို့ချသင်ကြားပေးနေကြောင်း သိရသည်။

မြန်မာစကားပုံတွင် “မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ” ဆိုသည့် စကားပုံရှိသည်။ ယခုအထူးဒေသ (၄) သည်လည်း မြန်မာပြည်မနှင့် ဆက်ဆံရေး ဝေးကွာနေပြီး တရုတ်နိုင်ငံနှင့် နီးကပ်နေသည့်အတွက် “တရုတ်နားနီး တရုတ်” ဖြစ်မသွားရန် လိုသည်။

လက်ရှိတွင် အထူးဒေသ (၄) သည် မြန်မာနိုင်ငံပိုင်နက်အတွင်း တည်ရှိသည့် ဒေသဖြစ်သော်လည်း ယင်းဒေသတွင် မြန်မာစကားမပြောခြင်း၊ မြန်မာကျပ်ငွေမသုံးခြင်းနှင့် မြန်မာစာကို အဓိကဘာသာအဖြစ် သတ်မှတ်ထားသော်လည်း တရုတ်စာကိုသာ အဓိကထားသင်ကြားနေသည့်အတွက် အထူးဒေသ(၄)၏ အနာဂတ်မှာ မေးခွန်းထုတ်စရာဒေသအဖြစ် ရှိနေသည်။ ထို့ကြောင့် အထူးဒေသ (၄) ၏ သွားရာပညာရေးလမ်းကြောင်းသည် ဘာလဲ၊ ဘယ်လဲဆိုသည်မှာ ဆက်လက်စောင့်ကြည့်ရုံသာ ရှိတော့သည်။

“မြန်မာနိုင်ငံမှာနေပြီးတော့ မြန်မာစာမတတ်လို့ မဖြစ်ဘူးဆိုတာ အားလုံးနားလည်ကြတယ်” ဟု ဆီလူးဒေသအုပ်ချုပ်ရေးမှူး ဦးစိုင်းစံကဆိုသည်။              

 

Most Read

Most Recent