မြန်မာ့ ခရီးသွားဘဏ်တွင် ခရီးသွားလုပ်ငန်း ချေးငွေများကို ကျပ်သိန်း ၅၀ မှစ၍ သိန်း တစ်သောင်းအထိ ချေးမည်

မြန်မာ့ ခရီးသွားဘဏ်တွင် ခရီးသွားလုပ်ငန်း ချေးငွေများကို ကျပ်သိန်း ၅၀ မှစ၍ သိန်း တစ်သောင်းအထိ ချေးမည်
မြန်မာ့ခရီးသွားဘဏ်၏ အထူးဝန်ဆောင်မှုများ မိတ်ဆက် ရှင်းလင်း ပြောကြားစဉ်
မြန်မာ့ခရီးသွားဘဏ်၏ အထူးဝန်ဆောင်မှုများ မိတ်ဆက် ရှင်းလင်း ပြောကြားစဉ်
Published 12 June 2019
သိင်္ဂီဝင်းတင်

မြန်မာ့ ခရီးသွားဘဏ်တွင် ခရီးသွားလုပ်ငန်း ချေးငွေများကို သိန်း ၅၀ မှစ၍ သိန်း တစ်သောင်းအထိ ထုတ်ချေးနိုင်မည်ဟု ဇွန် ၁၂ ရက်တွင် ပြုလုပ်သည့် မြန်မာ့ ခရီးသွားဘဏ်၏ အထူးဝန်ဆောင်မှုများ မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားတွင် Myanmar Tourism Bank အုပ်ချုပ်မှု ဒါရိုက်တာ ဦးဘိုဘိုဝေမောင်က ပြောကြားသည်။

ချေးငွေ ချေးရာတွင် ချေးငွေပမာဏနှင့် အပေါင်ပေးနိုင်မှု၊ မပေးနိုင်မှု၊ ဆောင်ရွက်နေသည့် စီမံကိန်းအပေါ် မူတည်ကာ ထုတ်ချေးမည်ဖြစ်ပြီး ချေးငွေ အသေးစားအတွက် သုံးရက်ကြာမြင့်မည် ဖြစ်ကာ ချေးငွေ အကြီးစားအတွက် လချီကြာနိုင်ပြီး အပေါင်ပစ္စည်း ရှိပါက နှစ်ပတ် ကြာမြင့်မည်ဟု သိရသည်။

“ Checklist Based Lending ချေးငွေက သိန်း ၂၀၊ ၅၀၊ ၁၀၀ လောက်ချေးပြီး ဘယ်လို သုံးသလဲပေါ်မှာ မူတည်ပြီးတော့ ထပ်ပြီး ထုတ်ချေးတာတွေ ရှိတယ်။ အပေါင်ပစ္စည်း ပါတာကတော့ အပေါင်ရှိတဲ့ ပမာဏနဲ့ လုပ်ငန်းအပေါ်မှာ မူတည်တဲ့ အတွက်ကြောင့်မို့ သိန်း ငါးထောင်နဲ့ တစ်သောင်းလည်း ဖြစ်သွားနိုင်တယ်။ အပေါင်ပစ္စည်း မပါတာတွေကတော့ သိန်း ၅၀၀ အောက် ဆိုရင်တော့ မြန်မြန်ဆန်ဆန် လုပ်ပေးလို့ရတယ်၊ အပေါင်မပါဘူး။ စီမံကိန်းက အရမ်းကြီးတယ် ဆိုရင်တော့ ငွေပမာဏကိုတော့ သတ်မှတ်လို့ မရဘူး။ သိန်း ၅၀ ကနေ သိန်း ငါးထောင်၊ တစ်သောင်းထိ ဖြစ်နိုင်တယ်” ဟု Myanmar Tourism Bank အုပ်ချုပ်မှု

ဒါရိုက်တာ ဦးဘိုဘိုဝေမောင်က ပြောကြားသည်။

အဆိုပါ ခရီးသွားဘဏ်သည်  Relationship Pricing ကို ကျင့်သုံးထားပြီး လုပ်ငန်း အောင်မြင်နေပြီး ချေးငွေများနှင့် ငွေကြေး စီးဆင်းမှုသည် ဘဏ်နှင့် အဆက်အသွယ် အများစုရှိသည့် လုပ်ငန်းအား အတိုးနှုန်း နည်းပြီး ငွေကြေးများစု ချေးသည့်စနစ် ကျင့်သုံးထားသည်ဟု သိရသည်။

“အတိုးနှုန်းက ဗဟိုဘဏ်က သတ်မှတ်ထားတဲ့အတိုင်း ၁၃ ကနေ ၁၆ ရာခိုင်နှုန်းအထိ ဖြစ်နိုင်တယ်။ အပေါင်မပါရင် ၁၆ ရာခိုင်နှုန်း ရှိမယ်။ အဲဒါတွေကလည်း ဘယ်ပေါ် မူတည်လဲဆိုရင် စီမံကိန်းက ကြီးရင် ကြီးသလို အတိုးယူတာ ရှိတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းက အောင်မြင်နေတဲ့ လုပ်ငန်းဖြစ်တယ်။ ချေးတဲ့ ငွေတွေကလည်း ပြန်လာနေတယ် ဆိုရင် အတိုးနှုန်းက ၁၂၊ ၁၃ ရာခိုင်နှုန်းလည်း ဖြစ်ရင် ဖြစ်သွားနိုင်တယ်”ဟု ဦးဘိုဘိုဝေမောင်က ပြောကြားသည်။

အပေါင် မပါသည့် SME လုပ်ငန်းများအတွက် သိန်း ၅၀၀ ပထမဆုံး ချေးပေးမည် ဖြစ်ပြီး လုပ်ငန်း အခြေအနေပေါ် မူတည်၍ ထပ်မံ ချေးပေးသွားမည်ဟု သိရသည်။

“ SME Loan တွေဆို ခရီးသွားလုပ်ငန်းတွေက ရတယ်ဆိုတာ မရှိသေးဘူး။ SME ချေးငွေနဲ့ ပေးပေးပါ ဆိုတာက ၈ ဒသမ ၅ ရာခိုင်နှုန်းပဲ ရှိတော့ အများကြီး သက်သာတယ်။ ဒီနေ့ဘဏ်က လုပ်တယ်ဆိုလည်း အနည်းဆုံး အတိုး ၁၃ ရာခိုင်နှုန်းကနေ စပေးရမယ်။ တချို့ဆို ၁၆ ရာခိုင်နှုန်းလောက် ပေးရမှာဆိုတော့ အတိုးနှုန်းက မြင့်နေသေးတယ်။ ဘာမှ မပေးတာထက်စာရင် ပေးတာက နည်းနည်း တော်နေသေးတယ်ပေါ့နော်။ တကယ်တမ်း ရသင့်တာက ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ SME ချေးငွေကို ရသင့်တာ။ ရသင့်တာကို နိုင်ငံတော် အနေနဲ့လည်း အလေးပေးပြီး ကူညီပေးမယ်ဆိုရင် ခရီးသွားကဏ္ဍ အများကြီး တက်လာပါမယ်”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း  အထွေထွေ အတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောကြားသည်။

မြန်မာ့ခရီးသွားဘဏ်တွင် အပ်ငွေ စုဆောင်းသူများအတွက် အတိုးနှုန်း ၈ ဒသမ ၃၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး ချေးငွေများအတွက်  Working Capital ချေးငွေတွေကို ပုံမှန်အားဖြင့် တစ်နှစ် ချေးမည် ဖြစ်ကာ သက်တမ်း တိုးနိုင်ကြောင်းနှင့် Term Loan ကို သုံးနှစ်အထိ ချေးပေးမည် ဖြစ်ကာ ဇွန် ၁၂ ရက်မှ စတင်ကာ အပ်ငွေများနှင့် ချေးငွေများ ရရှိနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent