တပ်မတော်နှင့် ‘၀’ အဖွဲ့ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မလဲ

တပ်မတော်နှင့် ‘၀’ အဖွဲ့ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မလဲ
 UWSP ဌာနချုပ် ပန်ဆန်းမြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃၀ ပြည့် ဂုဏ်ပြုပွဲ စစ်ရေးပြအခမ်းအနားတွင် ကြည့်ရှုစစ်ဆေးနေသည့် ဦးပေါက်ယူချန်းကို တွေ့ရစဉ် (ဓာတ်ပုံ - မောင်ထူး)
UWSP ဌာနချုပ် ပန်ဆန်းမြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃၀ ပြည့် ဂုဏ်ပြုပွဲ စစ်ရေးပြအခမ်းအနားတွင် ကြည့်ရှုစစ်ဆေးနေသည့် ဦးပေါက်ယူချန်းကို တွေ့ရစဉ် (ဓာတ်ပုံ - မောင်ထူး)
Published 9 June 2019
မောင်ထူး

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ ဒေသကို ‘၀’ တောင်တန်းဒေသဟု ခေါ်သည်။ အဆိုပါဒေသသည်  မြန်မာအစိုးရအဆက်ဆက် လက်လှမ်းမမီခဲ့သော ဒေသဖြစ်သည်။ တစ်နည်းဆိုရသော် အစိုးရ၏ အုပ်ချုပ်ရေးယန္တရား မသက်ရောက်နိုင်သော ဒေသဖြစ်သည်။ ယခုအချိန်ထိလည်း ‘၀’ ဒေသတွင် ပညာရေး၊ ကျန်းမာရေးနှင့်ဆိုင်သော ကိစ္စရပ်များကိုသာ ပြည်ထောင်စုအစိုးရက ပူးပေါင်းဆောင်ရွက်ခွင့်ရှိသည်။

ထိုသို့ ဝေးလံခေါင်ဖျား၊ သွားရလာရခက်ခဲသည့်ဒေသတွင် ခေတ်မီသော မြို့တစ်မြို့ကို တည်ဆောက်ထားသည်။ ထိုမြို့ကို ‘၀’ တို့၏ မြို့တော် ပန်ဆန်းဟု ခေါ်သည်။ ပန်ဆန်းဟူသည့် ရှမ်းရွာလေးတစ်ရွာမှ ပြည်မရှိ မြို့ကြီးတစ်မြို့ကဲ့သို့ဖြစ်အောင် တည်ဆောက်ထားသည့်အဖွဲ့မှာ ‘၀’ သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)ဖြစ်သည်။

၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်တွင် ‘၀’ တိုင်းရင်းသားများဖြစ်ကြသည့် ကျောက်ညီလိုင်နှင့် ပေါက်ယူချန်းတို့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ ‘၀’ သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ကို တည်ထောင်ခဲ့ပြီး တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်နိုင်ခဲ့သည်။

ထိုအဖွဲ့၏ နှစ်(၃၀) ပြည့် ငြိမ်းချမ်းရေး တည်ဆောက်မှုပွဲတော်ကို ယခုနှစ် ဧပြီလ တတိယအပတ်တွင် ပန်ဆန်းမြို့၌ ပြုလုပ်ခဲ့သည်။ အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်းများ၊ တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ်၊ ဒေသခံတိုင်းရင်းသားများ၊ ‘၀’ လူမျိုးမဟုတ်သည့် အခြားတိုင်းရင်းသားများနှင့် စသည့်ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

 ဧပြီ ၁၇ ရက်တွင် ပန်ဆန်းမြို့ထဲရှိ ကွင်းပြင်တစ်ခု၌ ‘၀’ အဖွဲ့၏ စစ်ရေးပြ အခမ်းအနားကို ပြုလုပ်ခဲ့သည်။ လွန်ခဲ့သည့်နှစ် ၃၀ ကဆိုလျှင် စစ်ရေးပြ အခမ်းအနားလုပ်သည့်နေရာသည် တိတ်ဆိတ်ကောင်း တိတ်ဆိတ်နေပေလိမ့်မည်။ ထိုနေ့ နံနက်ခင်းအချိန်တွင်မူ ‘၀’ စစ်သားများသည် အလုပ်ရှုပ်နေကြသည်။ ‘၀’ တပ်ဖွဲ့ဝင်များသာမက ဒေသခံတိုင်းရင်းသားများ၊ နယ်ဝေးမှ ရောက်လာသည့် တိုင်းရင်းသားများမှာ စစ်ရေးပြ အခမ်းအနားလုပ်မည့် ကွင်းပြင်သို့ ချီတက်နေကြသည်။ ထိုသို့ချီတက်ရသူများမှာ အချို့က စစ်ရေးပြအခမ်းအနားတွင် ပါဝင်မည့်သူများ၊ အချို့မှာ ပရိသတ်များဖြစ်ကြသည်။

စစ်ရေးပြအခမ်းအနားတွင် လေယာဉ်ပစ်စက်သေနတ်၊ မြေပြင်မှဝေဟစ်ပစ်ဒုံး၊ အကြီးစားအမြောက်နှင့် မောင်းသူမဲ့ လေယာဉ်တို့အပြင် တပ်ဖွဲ့ဝင်အင်အား ထောင်ချီပါဝင်ခဲ့သည်။ စစ်စွမ်းရည်ပြခြင်းအစီအစဉ်ကို အခမ်းအနားတွင် ထည့်သွင်းထားသော်လည်း ပြုလုပ်ခြင်းမရှိခဲ့ပေ။

57154628_414776719338342_2369095692661555200_o.jpg

'၀’ အဖွဲ့၏ ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့် အခမ်းအနား တက်ရောက်ရန် သွားရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ‘၀’ အဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းတို့ ‘၀’ ဒေသတွင် ဧပြီလအတွင်းက တွေ့ဆုံစဉ်

စစ်ရေးပြအခမ်းနားတွင် ပြည်ထောင်စု အစိုးရက ‘၀’ တိုင်းရင်းသားများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ‘၀’ ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုပြီး ဤရည်မှန်းချက်ပန်းတိုင်ရောက်အောင် မိမိတို့က ရာသက်ပန် ကြိုးစားအားထုတ်သွားကြမည်ဖြစ်ကြောင်း ‘၀’ သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဥက္ကဋ္ဌ ဦးပေါက်ယူချန်းက ပြောကြားသည်။

‘၀’ အဖွဲ့အနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို ငြိမ်းချမ်းရေးတည်ဆောက်မှုနှစ် ၃၀ ပြည့် အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခြင်းမရှိပေ။

သို့သော် အစိုးရဘက်မှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊  ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် စသည့်ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ‘၀’ အဖွဲ့ခေါင်းဆောင်များနှင့် အလွတ်သဘော တွေ့ဆုံခဲ့သည်။

အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးအဆင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သော်လည်း တပ်မတော်ဘက်ကမူ မည်သည့်ကိုယ်စားလှယ်မျှ တက်ရောက်ခြင်းမရှိပေ။

‘၀’ အဖွဲ့ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားနှင့်ပတ်သက်၍ ဓာတ်ပုံ၊ ဆောင်းပါးနှင့် ရုပ်သံမှတ်တမ်းတို့မှာ အခြားဓာတ်ပုံ၊ ဆောင်းပါး၊ ရုပ်သံမှတ်တမ်းတို့ထက် လူမှုကွန်ရက်ပေါ်တွင် စိတ်ဝင်စားမှု ပိုမိုများပြားသကဲ့သို့ ‘၀’ အဖွဲ့၏ စစ်ရေးပြအခမ်းအနားအပေါ်တွင်လည်း မှတ်ချက်ပေးမှုများက အမျိုးမျိုးရှိခဲ့သည်။

ထိုသို့သောအခြေအနေတွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဇွန် ၂ ရက်တွင် နေပြည်တော်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် ‘၀’ အဖွဲ့ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားကို ကြည့်ခြင်းအားဖြင့် စင်ပြိုင်အစိုးရသဘောမျိုး၊ စင်ပြိုင်တပ်မတော်သဘောမျိုး ဆောင်ရွက်နေသည်ကို တွေ့ရကြောင်းနှင့် တပ်မတော်အနေဖြင့် အစွမ်းကုန် သည်းခံထားသည့် အနေအထားဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

“မကြာခင်ကလုပ်ခဲ့တဲ့ ‘၀’ ပေါ့။ သူတို့ရဲ့ စစ်ရေးပြအခမ်းအနားမှာ လက်နက်ကိုင်ပြီးတော့ စစ်ရေးပြခဲ့တာရှိပါတယ်။ ဒါကြောင့်မို့ ဒီစစ်ရေးပြအခမ်းအနားကို ကြည့်ခြင်းအားဖြင့် ‘၀’ အနေနဲ့တော့  စင်ပြိုင်အစိုးရသဘောမျိုး၊ စင်ပြိုင်တပ်မတော်သဘောမျိုး ဆောင်ရွက်တာလို့ ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါကြောင့်မို့ တပ်မတော်အနေနဲ့ ဒီအခမ်းအနားကို တက်ရောက်ခြင်းမရှိတာပါ။ နောက်တစ်ခုကတော့ ဒါသည် တပ်မတော်အနေနဲ့ အစွမ်းကုန်သည်းခံထားတဲ့ အနေအထားလို့ ဖြေကြားလိုပါတယ်” ဟု ဗိုလ်ချုပ်စိုးနိုင်ဦးက ဆိုသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၏ ပြောကြားချက်နှင့် ပတ်သက်၍ ‘၀’ အဖွဲ့အနေဖြင့် စစ်ရေးပြအခမ်းအနားပြုလုပ်ခြင်းသည် ထူးဆန်းသည့်ကိစ္စ မဟုတ်ကြောင်း ‘၀’ အဖွဲ့၏ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက မှတ်ချက်ပြုသည်။

“အခုငြိမ်းချမ်းရေးပွဲတော် စစ်ရေးပြတယ်ဆိုတာကလည်း အခုမှ ကျွန်တော်တို့ ဟိုဟာလုပ်နေတာမဟုတ်။ ၁၀ နှစ်မြောက်၊ နှစ် ၂၀ နှစ်မြောက်၊ ၁၅ နှစ်မြောက်တုန်းကလည်း ကျွန်တော်တို့ ပြနေကျပဲ။ ဒါကတော့ မထူးဆန်းပါဘူးနော်” ဟု ဦးညီရန်းက ပြောဆိုသည်။

ထို့ပြင် တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲမှ ပြောကြားချက်အချို့နှင့် ပတ်သက်ပြီး ‘၀’ အဖွဲ့ဘက်က ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်ထဲတွင် တပ်မတော်၏ ဆီလျော်မှုမရှိသော ပြောဆိုမှုသည် ၎င်းတို့၏ အပိုင်းကဏ္ဍသာဖြစ်ပြီး မိမိတို့အနေဖြင့် ဝင်ရောက်စွက်ဖက်၍ မရကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် တပ်မတော်နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ရန်သူကဲ့သို့ သဘောမထားကြောင်းနှင့် မိတ်ဆွေကဲ့သို့ သဘောထားကြောင်းကို ဖော်ပြထားသည်။

ထို့ပြင် ‘၀’ အဖွဲ့အနေဖြင့် အစိုးရနှင့် တပ်မတော်ကို ယှဉ်ပြိုင်သည့် သဘောမျိုးမရှိကြောင်း၊ သမိုင်းစဉ်ဆက်အရ  မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများသည် မိမိတို့၏ အရေးကြီးသည့် ပွဲတော်များကို ဂုဏ်ပြုရာတွင် အလားတူ စစ်ရေးပြအခမ်းအနား ကျင်းပလေ့ရှိကြောင်း၊ မိမိတို့ ‘၀’ ပြည်နယ် တစ်ခုတည်းမဟုတ်ကြောင်း၊ သို့ဖြစ်၍ အစိုးရ၊ တပ်မတော်နှင့် ပြင်ပများအနေဖြင့် အဆိုပါကိစ္စရပ်အပေါ် အတွေးမလွန်ရန် ပြောကြားလိုကြောင်း ပါရှိသည်။

‘၀’ အဖွဲ့၏ စစ်ရေးပြအခမ်းအနားသည် အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ စစ်ရေးပြသခြင်း တူညီမှုမရှိသည်ကို ခွဲခြား၍ ရှုမြင်နိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မှတ်ချက်ပြုသည်။

“သူတို့အကြောင်းပြတာတော့ ရှိတာပေါ့။ ကျန်တဲ့ EAO အဖွဲ့များလည်း လုပ်ကြတယ်လို့ ပြောလို့ရတာပေါ့။ ကျန်တဲ့ EAO အဖွဲ့တွေ စစ်ရေးပြလုပ်တာနဲ့ မတူပါဘူး။ ဒါမျိုးတော့ ကျွန်တော်တို့က ခွဲခြားပြီး ရှုမြင်လို့ရပါတယ်” ဟု တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

‘၀’ အဖွဲ့၏ စစ်ရေးပြအခမ်းအနားအပေါ် တပ်မတော်ရှုမြင်ချက်နှင့် ပတ်သက်၍ NCA- S EAO အဖွဲ့ဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းငင်းက “ဒါကတော့ သူတို့လုပ်နေကျပဲလေ။ ပြောရမယ်ဆိုရင်တော့ အထိမ်းအမှတ်အခမ်းအနားတစ်ခုရှိတိုင်း ကျွန်တော်တို့ EAO တွေဘက်ကတော့ အဲဒီလိုမျိုးပေါ့နော်။ စစ်ရေးပြတွေလည်း ပါနေကျလို့ ကျွန်တော်ထင်တယ်။ ဘာမှ ထူးထူးခြားခြားတော့ လုပ်ရပ်တစ်ခုလို့တော့ မမြင်ပါဘူး။ အစဉ်အလာအနေနဲ့ လုပ်နေကျ အခမ်းအနားဖြစ်တယ်လို့ပဲ မြင်တယ်” ဟု  ပြောကြားသည်။

‘၀’ အဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် လက်နက်အင်အားနှင့် လူအင်အား အတောင့်တင်းဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အမြဲတမ်းတပ်ဖွဲ့ဝင်အင်အား ၃၀၀၀၀ ကျော်ရှိ၍ အရန်အင်အားလည်း သောင်းချီရှိကြောင်း စစ်ရေးအကဲခတ်များက ခန့်မှန်းကြသည်။ 

‘၀’ တပ်ဖွဲ့ကိုင်ဆောင်ထားသော ခေတ်မီလက်နက်များမှာ တရုတ်နိုင်ငံမှ ဝယ်ယူထားပြီး ‘၀’ ဒေသအတွင်းတွင်လည်း ကိုယ်ပိုင်လက်နက်စက်ရုံများလည်း ရှိနေပြီဖြစ်ကြောင်း  စစ်ရေးအကဲခတ်များက ဆိုကြသည်။

ရရှိနေသည့် ငြိမ်းချမ်းရေး ပိုမိုတည်ငြိမ်စေရန်၊ ပိုမိုအာမခံချက်ရှိရန်နှင့် ဒေသတည်ငြိမ်အေးချမ်းမှုကို ဆက်လက်ဆောင်ရွက်ရန်  တပ်တည်ဆောက်ထားရခြင်း၊ လက်နက် အဆင့်မြှင့်တင်ထားရခြင်းဖြစ်ကြောင်း ‘၀’ သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ပြောဆိုထားသည်။

တပ်မတော်နှင့် ‘၀’ အဖွဲ့အကြားတွင် လက်ရှိအခြေအနေထက် တင်းမာမှုများ ပိုမိုရှိလာပါက မည်သူ့အတွက်မျှ ကောင်းမည်မဟုတ်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်လည်း များစွာထိခိုက်မည်ဖြစ်သည်။

အနီးကပ်ဆုံးသမိုင်းကို ပြန်ကြည့်ပါက တပ်မတော်နှင့် ‘၀’ အဖွဲ့အကြား တင်းမာမှုများမှာ အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်နှိုင်းယှဉ်ပါက နည်းသည်ဟု ဆိုရမည်ဖြစ်သည်။ တပ်မတော်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်တွင် ‘၀’ အဖွဲ့အား နယ်ခြားစောင့်တပ်ဖွဲ့ (BFG) အဖြစ် ဖွဲ့စည်းရေးနှင့်ပတ်သက်၍ စစ်ရေးတင်းမာမှုဖြစ် ပွားခဲ့သည်။

ထို့နောက် ၂၀၁၅ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် ကိုးကန့်စစ်ပွဲတွင် ကိုးကန့်အဖွဲ့ (MNDAA) ဘက်မှ ပါဝင်ကူညီသည်ဟု  တပ်မတော်၏ စွပ်စွဲချက်နှင့်ပတ်သက်၍ တင်းမာမှု အနည်းငယ်ဖြစ်ပွားခဲ့သည်။ ထို့ပြင် မိုင်းဆတ်ခရိုင်အတွင်း၌  ၂၀၁၅ ခုနှစ်၊ ဇွန်လဆန်းပိုင်းတွင် သစ်ခုတ်နေသည့် ‘၀’ အဖွဲ့ဝင် ၁၆ ဦးအား တပ်မတော်အကူအညီဖြင့် သစ်တောနှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ‘၀’ အဖွဲ့ကလည်း ရဲတပ်ဖွဲ့နှင့်သစ်တောဝန်ထမ်း ၁၁ ဦးကို ပြန်လည်ဖမ်းဆီးခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ စစ်ရေးတင်းမာမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် တင်းမာမှုများ လျော့နည်းသွားခဲ့သည်။ ထို့နောက် ၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် မိုင်းတုံ၌ စရဖ အရာရှိတစ်ဦးနှင့် ‘၀’ အဖွဲ့ဝင်အချို့ မြေယာပိုင်ဆိုင်မှုကိစ္စ ဖျန်ဖြေကြရာမှ အငြင်းပွားကြပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူခဲ့သည့် ၁၉၈၉ ခုနှစ်မှ ၂၀၀၉ ခုနှစ်ထိ တပ်မတော်နှင့် ‘၀’ အဖွဲ့အကြားတွင် ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် BGF ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး တင်းမာမှု စတင်ဖြစ်ပွားခဲ့သော်လည်း လက်ရှိအချိန်ထိ ပြဿနာကြီးကြီးမားမား မဖြစ်ခဲ့သေးပေ။

“တပ်မတော်ဘက်က သဘောထားကြီးစွာနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုလို့ရှိရင်တော့ သူတို့နှစ်ဖွဲ့ရဲ့ကြားမှာပေါ့။ တပ်မတော်နဲ့ ‘၀’ အဖွဲ့အကြားမှာ ကြီးကြီးမားမား ပြဿနာတော့ မပေါ်နိုင်ဘူးလို့ ကျွန်တော်ကတော့ အဲလိုပဲ သုံးသပ်မိပါတယ်” ဟု စစ်ရေးအခမ်းအနားပြုလုပ်ခဲ့သည့်အပေါ် တပ်မတော်နှင့် “၀” တပ်ဖွဲ့အကြား အမြင်ကွဲလွဲနေမှုနှင့်ပတ်သက်ပြီး NCA စာချုပ်လက် မှတ်မရေးထိုးရသေးသည့် ကချင်လက်နက်ကိုင်အဖွဲ့  (KIO/KIA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ၎င်း၏သဘောထားအမြင်ကို ပြောပြသည်။

တပ်မတော်က မိမိတို့အဖွဲ့ကို စစ်ရေးပြအခမ်းအနား ပြုလုပ်ခြင်းနှင့်ပတ်သက်၍ စင်ပြိုင်အစိုးရ၊ စင်ပြိုင်တပ်မတော်သဘောမျိုး ဆောင်ရွက်သည်ဟု ပြောဆိုခြင်းသည် တပ်မတော်က အထင်အမြင်လွဲမှားမှုရှိ၍ ပြောဆိုခြင်းဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ မိမိတို့နှစ်ဖွဲ့ကြားတွင် ကြီးကြီးမားမား ပြဿနာဖြစ်လာမည်ဟု မထင်မြင်ကြောင်း ‘၀’} အဖွဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက သုံးသပ်သည်။

“အဓိက ကျွန်တော်မြင်တာကတော့ သတိပေးတဲ့သဘောနဲ့ ကျွန်တော်တို့ သဘောထားအမြင် ထုတ်ပြန်တာပဲ။ သူတို့ကလည်း သူတို့ရဲ့ ဘာတွေလုပ်နေတယ်ဆိုတဲ့အမြင် ထုတ်ပြန်တာပဲ။ တစ်ချိန်ချိန်မှာတော့ ကျွန်တော်မြင်တာကတော့ NCA ဆုံချက်မှာ ဆုံသွားမယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ သဘောထားတင်းမာခြင်း၊ မတင်းမာခြင်းကတော့ သူတို့ရဲ့ကြေညာချက်မှာ ဖတ်ကြည့်ရင် တွေ့နိုင်ပါလိမ့်မယ်။ ဒီလောက်အခြေအနေ တင်းတင်းမာမာ မရှိပါဘူး” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

‘၀’ အဖွဲ့သည် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။ ထို့ပြင် NCA စာချုပ်နှင့်ပတ်သက်၍ စတင်ရေးဆွဲစဉ်က ဆွေးနွေးပွဲများတွင်လည်း မပါဝင်ခဲ့ပေ။ NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် လက်ရှိအစိုးရ၏ တိုက်တွန်းချက်ကို မဆန့်ကျင်သော်လည်း လက်မှတ်ရေထိုးခြင်း မရှိသေးပေ။

“အဲဒီ NCA နဲ့ ပတ်သက်တော့ ကျွန်တော်တို့က အစိုးရနဲ့ သဘောထားကွဲလွဲမှု တချို့နေရာမှာရှိတယ်။ သဘောက တချို့အဖွဲ့အစည်းဟာ NCA ထိုးမယ်ဆိုရင် ကျွန်တော်တို့လည်း ကန့်ကွက်မှုမရှိပါဘူး။ ဒါပေမဲ့ အဲဒီ NCA ဆိုတာ နှစ်ပေါင်း ၃၀ ကြာလာတဲ့ကာလမှာ ကျွန်တော်တို့ဟာ အစိုးရနဲ့ တိုက်ပွဲမရှိခဲ့ပါဘူး။ မရှိခဲ့ပါဘူးဆိုတော့ ကျွန်တော်တို့ဟာ NCA ထိုးဖို့ သဘောထားတော့ ကွဲလွဲမှုရှိတယ်” ဟု “၀” သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ပြောဆိုထားသည်။

ထို့ပြင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်များ ချုပ်ဆိုပြီးပါက အခြားသောစာချုပ်များ ချုပ်ဆိုစရာမလိုတော့ဘဲ နိုင်ငံရေးဆွေးနွေး၍ရကြောင်း ယခင်အစိုးရက မိမိတို့ကို ကတိပေးခဲ့ဖူးသည်ဟု ဦးကျောက်ကော်အန်းက ပြောဆိုထားသည်။

NCA သည် ‘၀’ အထူးဒေသ (၂) အပါအဝင် တိုင်းရင်းသားများ မျှော်လင့်တောင့်တလျက်ရှိသော အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရရှိရေးဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်သို့ လျှောက်လှမ်းရာတွင် ဖြတ်သန်းရမည့် တံခါးပေါက်တစ်ခုသာဖြစ်ပြီး လမ်းဆုံးပန်းတိုင်မဟုတ်သည်ကို သတိချပ်စေလိုကြောင်း၊ NCA တွင် ပါဝင်လက်မှတ်ရေးထိုးပြီးသည့်နောက်တွင်လည်း NCA က လွှမ်းခြုံခြင်းမရှိသောကိစ္စရပ်များရှိလာပါက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်များအနေဖြင့် နိုင်ငံတော်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်၍ သဘောတူညီမှု ရယူနိုင်ကြောင်း ‘၀’ အဖွဲ့၏ ငြိမ်းချမ်းရေးတည်ဆောက်မှုနှစ် ၃၀  ပြည့်ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပေးပို့ခဲ့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။

“အစိုးရအဖွဲ့ကရော၊ တပ်မတော်ရဲ့ အကြီးအကဲကရော၊ ၂၁ ရာစု ပင်လုံညီလာခံတွေမှာရော NCA နှစ်ပတ်လည်တွေမှာ ပြောပြီးသားပါ။ NCA လမ်းကြောင်းမှအပ တခြားနည်းလမ်း၊ ဒုတိယနည်းလမ်းဆိုတာ မရှိပါဘူးဆိုတာ ကျွန်တော်တို့ ပြောပြီးသားပါ” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

‘၀’ အဖွဲ့ (UWSP/UWSA) နှင့် မိုင်းလားအဖွဲ့ (NDAA) အဖွဲ့တို့သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအထဲတွင် ထူးခြားသည့် အနေအထားရှိကြောင်း၊ မတူညီသော အဖွဲ့များဖြစ်သည့်အတွက်ကြောင့် အခြားအဖွဲ့များနှင့်မတူညီဘဲ ကိုင်တွယ်ဖြေရှင်းနိုင်ပါက အကောင်းဆုံးဖြစ်လိမ့်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုသည်။

နဝတအစိုးရလက်ထက်တွင် ‘၀’ အဖွဲ့ ထိန်းချုပ်ရာဒေသကို ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ(၂) အဖြစ်သတ်မှတ်ပေးခဲ့ပြီး မိုင်းလားအဖွဲ့ထိန်းချုပ်ရာဒေသကို ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) အဖြစ် သတ်မှတ်ပေးခဲ့သည်။

ထိုဒေသများတွင် လက်ရှိအချိန်အထိ အစိုးရအုပ်ချုပ်ရေးယန္တရားမရှိပေ။

လက်ရှိအချိန်တွင် NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA လမ်းကြောင်းပေါ်သို့ပါလာရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ ကိုယ်စားလှယ်များက ကြိုးစားနေကြောင်း NRPC အဖွဲ့ဝင် ဦးလှမောင်ရွှေက ဆိုသည်။

တရုတ်နိုင်ငံ ကူမင်းမြို့၌ မေ ၁၈ ရက်က အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ‘၀’ အဖွဲ့မှ ဒုတိယတန်းခေါင်းဆောင်များသည် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့သည်။

“ဆွေးနွေးပြီးတော့ ‘၀’ ဘက်က အဆိုပြုချက်တစ်ခု Proposal တစ်ခု အစိုးရဘက်ကို ပို့ဖို့သဘောတူပါတယ်။ သဘောတူတော့ ‘၀’ ဘက်ကပို့တဲ့ Proposal ပေါ့။ အဲဒီ Proposal အဆိုပြုချက်အပေါ်မှာ အစိုးရက ပြန်လည်သုံးသပ်ပြီးတော့ နောက်တစ်ကြိမ် ပြန်တွေ့မယ်။ ပြန်တွေ့ပြီးရင် ငြိမ်းချမ်းရေး၊ အခုသွားနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေပေါ့နော်။ ဒီအပေါ်မှာ ‘၀’ အနေနဲ့ ဘယ်လိုပါနိုင်မလဲပေါ့နော်။ UWSA အနေနဲ့ ဘယ်လိုပါနိုင်မလဲဆိုတာ ကျွန်တော်တို့ အပြီးသတ်ဆွေးနွေးဖို့ရှိပါတယ်” ဟု  နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

‘၀’ အဖွဲ့က ပေးပို့လာမည့်အဆိုပြုချက်အပေါ် NRPC အနေဖြင့် ပြန်လည်သုံးသပ်ဆွေးနွေးပြီး ‘၀’ အဖွဲ့နှင့် သဘောတူညီချက်များရရှိအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ သဘောတူညီချက်များ ရရှိပြီးလျှင် နောက်တစ်ဆင့်အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေး လမ်းကြောင်းတွင် ပူးပေါင်းပါဝင်ရန် ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

‘၀’ အဖွဲ့အနေဖြင့် NCA စာချုပ်ကို အခြေခံသည့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လာရန်အတွက် တပ်မတော်နှင့် တင်းမာမှုများ မဖြစ်ပွားရန်မှာ အရေးကြီးသည့် ကိစ္စတစ်ခုဖြစ်သည်။ လက်ရှိအခြေအနေတွင် ‘၀’ အဖွဲ့၏ စစ်ရေးပြအခမ်းအနားနှင့် ပတ်သက်၍ တပ်မတော်နှင့် ‘၀’ အဖွဲ့အကြား အငြင်းပွားနေခြင်းထက် ဇွန် ၃၀ ရက်တွင် ကုန်ဆုံးမည့် တပ်မတော်က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းထားသည့်ကာလအတွင်း NCA မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်နိုင်ခြင်းကသာ ပိုအရေးကြီးသည့် ကိစ္စဖြစ်ကြောင်း သုံးသပ်မှုများက ရှိနေသည်။

သို့ဖြစ်၍ တပ်မတော်နှင့် ‘၀’ အဖွဲ့အကြားတွင် စစ်ရေးပြအခမ်းအနားနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသည့် အဖုအထစ်သည် တစ်ခန်းရပ်သွားမည်လား သို့မဟုတ် ဆက်လက် က ပြမည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

“စင်ပြိုင်အစိုးရဆိုတာထက်  ‘၀’ ဘက်ကလည်း သူတို့ကြေညာထားသလိုပေါ့နော်။ ဗမာပြည်က ခွဲထွက်ဖို့တို့ ဘာတို့ဆိုတာ ကြေညာထားတာ မရှိပါဘူး။ ဗမာပြည်ရဲ့ ပြည်နယ်တစ်ခုအနေနဲ့ပဲ တောင်းဆိုထားတာပါ။ ဒါပေမဲ့ တပ်ဘက်ကကြည့်ရင်တော့ တပ်မတော်တစ်ခုတည်းမူနဲ့ဆိုနဲ့ရင်တော့ နည်းနည်းထိခိုက်နေတာပေါ့။ မူဆိုင်ရာ ပြဿနာ ဖြစ်မယ်ထင်ပါတယ်” ဟု တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုသည်။

 ကိုးကား - တိုင်းရင်းသားလက်နက်ကိုင်များအကြောင်း တစေ့တစောင်း(မောင်မောင်စိုး)

 

Most Read

Most Recent