နွေရာသီတွင် တန်ဖိုးကြီးမားသည့်ခြေစမ်းပွဲများကို မပယ်ဖျက်ရရန်အတွက် FAဖလားဗိုလ်လုပွဲတွင် မြို့ခံပြိုင်ဘက်အသင်း ဗိုလ်စွဲစေရန် မန်ယူ ဆုတောင်းရမည်

နွေရာသီတွင် တန်ဖိုးကြီးမားသည့်ခြေစမ်းပွဲများကို မပယ်ဖျက်ရရန်အတွက် FAဖလားဗိုလ်လုပွဲတွင် မြို့ခံပြိုင်ဘက်အသင်း ဗိုလ်စွဲစေရန် မန်ယူ ဆုတောင်းရမည်
Photos : AFP
Photos : AFP
Published 6 May 2019

မန်ယူအသင်းသည် လာမည့်နွေရာသီ၌ ၎င်းတို့၏ တန်ဖိုးကြီးမားသည့်ခြေစမ်းပွဲများနှင့် ခြေစမ်းခရီးစဉ်များကို မပယ်ဖျက်ရရန်အတွက် လာမည့် FA ဖလားဗိုလ်လုပွဲတွင် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်း ဗိုလ်စွဲစေရန် ဆု တောင်းရမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာများက ဖော် ပြခဲ့ကြသည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဟတ်ဒါဖီးလ်အသင်းနှင့် (၁-၁) ဂိုးဖြင့်သရေကျခဲ့ရာ ရာသီကုန်တွင် ပရီးမီးယားလိဂ်အဆင့်(၆)နေရာကိုသာ ရရှိရန် သေချာ သလောက်ရှိနေသည်။

အင်္ဂလန်ကလပ်အသင်းများအတွက် လာမည့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ရမည့် အသင်းကို ယေဘုယျအားဖြင့် (၃)သင်းသတ်မှတ်ထားပြီး FA ဖလားချန်ပီယံအသင်း၊ ပရီးမီးယားလိဂ်အဆင့်(၅)အသင်းနှင့် အဆင့်(၆)အသင်း တို့ ဝင်ခွင့်ရရှိမည်ဖြစ်သည်။

ယင်း(၃)သင်းတွင် ရှေ့(၂)သင်းမှာ အုပ်စုအဆင့်သို့ တိုက်ရိုက်ဝင်ခွင့်ရမည်ဖြစ်ပြီး နောက်ဆုံးတစ်သင်းမှာ ခြေစစ်ပွဲဒုတိယအဆင့်မှ စတင် ကစားရမည်ဖြစ်သည်။

အကယ်၍ FA ဖလားဗိုလ်လုပွဲ၌ မန်စီးတီးအသင်း ဗိုလ်စွဲခဲ့လျှင် (မန်စီးတီးမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရပြီးဖြစ်၍) ယူရိုပါလိဂ်ပြိုင်ပွဲသို့ ပရီးမီးယားလိဂ် အဆင့်(၅)အသင်း၊ အဆင့်(၆)အသင်းနှင့် အဆင့်(၇)အ သင်းတို့ ဝင်ခွင့်ရရှိမည်ဖြစ်သည်။

ယင်းအခြေအနေမျိုးဖြစ်ခဲ့ပါက အဆင့်(၅)အသင်း နှင့် အဆင့်(၆)အသင်းမှာ တိုက်ရိုက်ဝင်ခွင့်ရရှိမည်ဖြစ် ပြီး အဆင့်(၇)အသင်းမှာ ဒုတိယအဆင့်ခြေစစ်ပွဲမှ စတင်ကစားရမည်ဖြစ်သည်။

သို့ဖြစ်ရာ မန်ယူအသင်း အနေဖြင့် လာမည့်ရာသီ ယူရိုပါလိဂ်ခြေစစ်ပွဲ မကစားရစေရန်အတွက် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းက ယခုရာသီ FA ဖလားဗိုလ်လုပွဲတွင် ဗိုလ်စွဲရန်လိုအပ်နေသည်။

အကယ်၍ ယူရိုပါလိဂ်ခြေစစ်ပွဲ ဒုတိယအဆင့်မှ စတင် ကစားရပါက မန်ယူအသင်းမှာ လာမည့်ရာသီ ယူရိုပါလိဂ် ပွဲစဉ်များကို ဇူလိုင်လအတွင်းပင် စတင်ကစားရမည်ဖြစ် ပြီး အသင်း၏ ရာသီကြိုခြေစမ်းခရီးစဉ်အချို့ကို ပယ်ဖျက် ရမည်ဖြစ်သည်။

ယင်းကဲ့သို့ ပယ်ဖျက်ရပါက အရှေ့အာရှ ရှိ ရှန်ဟိုင်းမြို့တွင်ကစားမည့် မန်ယူ - စပါးခြေစမ်းပွဲလည်း ပါဝင်နေပြီး ယင်းပွဲမှာ မန်ယူအသင်းအတွက် ဝင်ငွေပေါင် တစ်သန်းခန့်အထိ ရရှိစေနိုင်သည့်ပွဲဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

Most Read

Most Recent